မင်းအောင်လှိုင် နှင့် အဖွဲ့သည် ငလျင် သံခင်းတမန်ခင်း ကို အကြောင်းပြု၍ ကြင်စဦး ဇနီး မောင်နှံ ဟန်နီး မွန်း ထွက်သလို သာယာ ကြည်နူး နေသော်လည်း ဟန်နီးမွန်းကာလ လွန်မြောက်သွားက ပြန်လည် တည်ဆောက်ရေး အတွက် ငွေများ လိုအပ် လာနေပြီ ဖြစ်သည်။
အဆိုပါ ငွေများကို ဘယ်က ရှာကြံရပါ့မည်လဲ ခေါင်း ခြောက်အောင် စဉ်းစားရပေတော့မည်။
အမေရိကန် ဘူမိဗေဒ လေ့လာတိုင်းတာရေး အဖွဲ့က အပျက်အစီးများ၏ တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ကျော်နိုင်သည်ဟု ခန့်မှန်းထားပြီး ထိုပမာဏ သည် နိုင်ငံ၏ အမျိုးသား ထုတ်ကုန် စုစုပေါင်း ၏ ၇၀ ရာနှုန်းခန့် ရှိနေသည်။
မြို့ပေါင်း ၅၇ မြို့ ထိခိုက်ပျက်စီးသွားရပြီး လူဦးရေ ၁၇ သန်း ခန့် ငလျင်ဒဏ် ခံခဲ့ရသည့် အနက် ၉ သန်း ကျော်သည် အရေးတကြီး အကူအညီများ လိုအပ်နေသည်။
၂၀၂၄ တွင် ထုတ်ပြန်သော နိုင်ငံတကာ ကြွေးမြီ အစီရင်ခံစာအရ မြန်မာနိုင်ငံ ၏ အကြွေးသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၂.၁ ဘီလီယံ ရှိနေသည်ဟု သိရသည်။
အဆိုပါ ကြွေးမြီ ပမာဏ ၏ ၃၆ ရာနှုန်းကို ဂျပန် နိုင်ငံ ထံမှ တရားဝင် ဖွံ့ဖြိုးမှု အကူ အညီ ODA နှင့် သက်သာသော အတိုးနှန်းဖြင့် နှစ်ရှည် ချေးငွေ concessional loan များဖြင့် ချေးယူထားခြင်း ဖြစ်သည်။ ၁၅ ရာနှုန်းသည် အပြင် ပုဂ္ဂလိက ဘဏ်များ မှ ချေးယူထားပြီး၊ ၂၈ ရာနှုန်းသည် ကမ္ဘာဘဏ်၊ အာရှဘဏ် ကဲ့သို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများထံမှ ဖြစ်သည်။ ၆ ရာခိုင်နှုန်းသည် တရုတ်ထံမှ ဖြစ်သည်။
ယခု ပြန်လည် တည်ဆောက်ရေး အတွက် ချေးယူမည် ဆိုက အကြွေး များ ထပ်ပိလာဖို့သာ ရှိနေပေသည်။ ထပ်အပိခံ နိုင်သည်ထား ၎င်းတို့၏ စီးပွားရေး စီမံခန့်ခွဲမှု များ ကို ကြည့်၍ မည်သူကမျှ ယုံယုံကြည်ကြည် နှင့် ချေးငှားရဲကြမည် မဟုတ်ပေ။
နိုင်ငံရေး မတည်ငြိမ်မှုများ၊ စီးပွားရေး အား ရေတို သာ ကြည့်တတ်သည့် တလွဲတချော် စီမံခန့်ခွဲမှုများ ကြောင့် ယိမ်းယိုင် ချိနဲ့လာနေသည့် ကြားမှ ယခု အခါ သဘာဝ ဘေးအန္တရာယ်ကြီး ထပ်မံ ရင်ဆိုင်လာနေရပြီ ဖြစ်သည်။
စစ်တပ်အတွင်း အမိန့်ပေး အမိန့်ခံ စနစ်ဖြင့် နေထိုင်လာခဲ့ရပြီး အလယ်အလတ် အဆင့် စီမံခန့်ခွဲရေး များ လောက်သာ လုပ်နိုင်စွမ်း ရှိခဲ့သည့် စစ်ဖက်အရာရှိများသည် တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး မူဝါဒများကို ဦးဆောင် ရေးဆွဲ ချမှတ် ဖို့ ဖြစ်လာရသည့် အခါတွင်တော့ မျောက် အုန်းသီးရသလို အလွဲလွဲ အချော်ချော် မလုပ်တတ် မကိုင်တတ် ဖြစ်နေရသည့် ကြား မှ ပြန်လည် တည်ဆောက်ရေး ဆိုသည့် လွန်စွာ ကြီးလေးသော တာဝန်ကြီး ကို အဘယ်သို့များ ထမ်းရွက်နိုင်ကြဦးမည်နည်း။
လက်ရှိတွင် စစ်ကောင်စီ အဖွဲ့သည် ခေါင်းတမော့မော့ လည်တမော့မော နှင့် လိုက်လံ ကြည့်ရှု့ရင်း အချိန်ကုန်နေကြသည်။
တကယ်တမ်းတွင် ထိုဒဏ်များကို ပြည်သူများသာ ခါးစီး ခံကြရတော့မည် ဖြစ်သည်၊ ပြည်သူများအဖို့က ၎င်းတို့ ယုံယုံကြည်ကြည် နှင့် ရွေးချယ် တင်မြှောက်ထားကြသူများ မဟုတ်ဘဲ လက်နက်အားကိုး ဖြင့် အာဏာ ကို နိုင့်ထက်စီးနင်း လုယူကာ အဓမ္မ အုပ်ချုပ် နေသူ များ ဖြစ်နေ၍လည်း မျက်နှာကို မမြင်ချင်လောက်အောင် ရွံရှာ မုန်းတီးနေကြသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။
လက်ရှိ ငလျင် ကြီး အား နိုင်ငံတကာ မှ ကယ်ဆယ် ထောက်ပံ့ရေး အတွက် အရပ်ဖက် အဖွဲ့အစည်းများကို ဦးဆောင်လာနိုင် အောင် ဖိအား ပေးနိုင်မှသာ ငလျင် ဘေးသင့် ပြည်သူ များအား ထိရောက်သည့် အကူအညီ များ ပေးနိုင်မည် ဖြစ်သည်။
နိုင်ငံတကာ မှ ၎င်းတို့ နိုင်ငံကို အုပ်ချုပ်ထိုက်သူများဟု ပြောင်းလဲ ရှုမြင်လာဖို့ ဆိုသည်က လက်ရှိ ငလျင်ကြီး နှင့် ပတ်သက်၍ ကောင်းစွာ ကိုင်တွယ် နိုင်စွမ်း ရှိမရှိ အပေါ် မူတည်နေသည်၊ ထိုသို့သော အရည်အချင်းစစ် စာမေးပွဲတွင်လည်း ရှူံးပြီးရင်း ရှုံးနေမြဲပင် ဖြစ်သည်။
ညဏ် အမျှော်အမြင် မဲ့မှု၊ အကြောက်တရား နှင့် မတော်လောဘ တို့ လွှမ်းမိုးခံရ၍ ကမ်းကုန် အောင် မိုက်ခဲ့ကြ သဖြင့်လည်း စစ်ခေါင်းဆောင် လုပ်နေသူ များသည် လေးနှစ်လုံးလုံး တရက်တလေမျှ စိတ်အေးချမ်းသာ နေခဲ့ကြရသည် ဟူ၍ မရှိဘဲ ဖြတ်သန်းခဲ့ကြရရှာသူများလည်း ဖြစ်သည်။
ယခုလည်း အန်နဝါ ရွတ်ပြမည့် အချက် ငါးချက်ကို နားထောင်ရန် ဘန်ကောက်သို့ သွားဦးမည် ဖြစ်သည်၊ ၎င်းအား လက်ရှိ အာဆီယံ ဥက္ကဌ မှ ပထမဆုံး အကြိမ် လူရာသွင်း ပြီး ခေါ်တွေ့ခဲ့ခြင်းဖြစ်ရာ ပြည်တွင်း တွင် ဝါဒ ဖြန့်နိုင်ဦးမည် ဖြစ်၍ သည်းခံ နားထောင် ပေးရမည့် အတွေးမျိုးသာ ရှိပေသည်။
၎င်း အာဏာ တည်မြဲ ရေး အတွက် ပြည်သူ များ ခေါင်းထောင် ထ မလာနိုင် အောင် ဉာဏ်နီဉာဏ် နက် မျိုးစုံ ထုတ်ကာ နှိပ်ကွပ်နေသည့် အဓမ္မ ဝါဒီ အား အာဆီယံ မှ ဖုတ်ဖက်ခါ နေရာ ပေးလာသည့် အဖြစ်ကို အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တော်လှန် ရေး အဖွဲ့များမှ ပြင်းပြင်း ထန်ထန် ကန့်ကွက် ပြောဆိုလိုက်ပြီ ဖြစ်သည်။
အန်နဝါ နှင့် သာစင် က မင်းအောင်လှိုင် အခက် တွေ့ နေပြီ ဖြစ်၍ ၎င်းတို့ နားချရန် အကောင်းဆုံး အချိန်ဟု ယူဆနေကြသည်။ မင်းအောင်လှိုင် အဖို့က အခက်တွေ့နေသည် မှာ မှန်သော်လည်း ၎င်းအာဏာ တည်မြဲရေး အတွက် ဘာဆို ဘာနှင့်မှ အလဲအထပ် လုပ်မည့်သူ မျိုး မဟုတ် သည်က သေချာနေပေသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
Credit - Original creator