ကြွက်မနိုင် ကျီ မီးနှင့် ရှို့သည့် အုပ်ချုပ်ရေးမျိုးလော

by Hla Soewai - Jun 17 2020

ထိရောက်သည့် အုပ်ချုပ်ရေး မရှိက ရခိုင်ကို AA က အုပ်ချုပ်သွားနိုင်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ မနေ့က ပြောသွားခဲ့ပါတယ်။

တနည်းအားဖြင့် တပ်မတော်သည် လက်ရှိ စစ်ဆင်ရေး အတွင် လူအင်အား လက်နက်အင်အား မည်မျှပင် ပုံအော သုံးနေစေကာမူ အရေးနိမ့်နေပြီဟု ဝန်ခံလိုက်ခြင်းပင် ဖြစ်ပါတယ်။ စစ်ရေး အရေးနိမ့်နေခြင်းအားလည်း အုပ်ချုပ်ရေး ကြောင့် ဖြစ်တယ်ဆိုပြီး လွှဲချလိုက်တာ ဖြစ်ပါတယ်။ ထို့အတွက် စစ်အုပ်ချုပ်ရေး ပုံစံမျိုး လိုအပ်တယ်လို့ အရိပ်အမြွက် ပြောလာတာလည်း ဖြစ်ပါတယ်။

သောင်းကျန်းသူ ချေမှုန်းရေးတွင် နှစ်ပေါင်း ၇၀ နီးပါး စစ်ရေး အတွေ့အကြုံရှိထားသည့် တပ်မတော်သည် ဘယ်ရောက်ကုန်ပြီနည်း။ မိမိစိုးရိမ်မိသည်မှာ ထိုစကားကြောင့် အိမ်နီးချင်းနိုင်ငံများက ပမာမခန့် လုပ်လာကြမည့် အရေးပင် ဖြစ်ပါတယ်။ ဒီတိုင်းဆိုလျှင် မြန်မာ့နယ်မြေ တခုခုကို အလွယ်ကလေး ဝင်သိမ်း နိုင်သည်ဟု ထင်မြင်လာကြမည့် အန္တရာယ်လည်းရှိနေပါတယ်။ AA ခေါင်းဆောင် ထွန်းမြတ်နိုင်က ၂၀၁၉ ဒီဇင်ဘာလ ထဲမှာပဲ အစိုးရမှ ရွေးကောက်ပွဲ လုပ်ချင်ရင် သူတို့နဲ့ လာပြီးဆွေးနွေးလို့ ပမာမခန့် ပြောသွားခဲ့ပြီးလည်း ဖြစ်ပါတယ်။

အစိုးရကလည်း ၎င်းတို့ တောင်းဆိုသမျှ ကို အကုန်လုံးနီးပါး လိုက်လျောပေးထားပါတယ်။ အင်တာနက်လိုင်း ဖြတ်တောက်ခြင်း၊ AA အား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ကြေငြာခြင်း အစရှိသည်တို့ ကို လုပ်ပေးထားပြီး လက်ရှိတွင်လည်း အရပ်သားများ သေကြေနေကြ၍ ဆေးရုံ ကျောင်းများပင် ပစ်ခတ်ခံနေရပါတယ်။

ဒီလို အနေအထားမှာပင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များနဲ့ လေ့လာစောင့်ကြည့်နေသူများ၊ သတင်း မီဒီယာများက ဆူညံစွာ ပြောဆိုဝေဖန်နေသည်များကိုလည်း ခါးကော့အောင် ခံနေရပြီ ဖြစ်ပါတယ်။

တကယ်တော့ စစ်အုပ်ချုပ်ရေး ဆိုသည်မှာ ထိုလုပ်ရပ်များကို တရားဝင်သလို ဖြစ်အောင် အမည်တပ်ပေးစေချင်ပုံရပါတယ်။ ဆိုလိုတာကတော့ ကြွက်မနိုင် ကျီ မီးနှင့် ရှို့မည့် စစ်ဆင်ရေးမျိုး လုပ်ချင်ပုံ ရပါတယ်။

တပ်မတော်၏ သမိုင်းတလျှောက်တွင် သောင်းကျန်းသူ ချေမှုန်းရေး စစ်ဆင်မှုများကို မရေတွက်နိုင်အောင် ပြုလုပ်ခဲ့ပြီး ဖြစ်သော်လည်း တခါဘူးမျှ စစ်အုပ်ချုပ်ရေး နယ်မြေ အဖြစ် ကြေငြာပေးခဲ့ရခြင်းမရှိ။ ၎င်းတို့ဖာသာ အမဲရောင်၊ အညိုရောင်၊ အဖြူရောင် နယ်မြေ အဖြစ် သတ်မှတ်ပြီး လုပ်သင့်လုပ်ထိုက်သည်များကို ဆင်နွှဲသွားခဲ့ခြင်း ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး မှာ ပြောသလောက် မလွယ်လှ၊ ထိုသို့ ကြေငြာပေးလိုက်ရုံဖြင့် စစ်ရာဇဝတ်မှုများနှင့် တရားစွဲဆို ခံရမည့်အရေး မှ လွတ်ကင်းမည် မဟုတ်၊ စစ်မြေပြင်တွင် လိုက်နာကျင့်သုံးရမည့် နိုင်ငံတကာ စစ်စည်းကမ်း ကျင့်ဝတ်များက ရှိနေပြီး ဖြစ်ပါတယ်။ ထို့အတွက် ဖေါက်ဖျက်သူများကို တကယ်တမ်း အရေးယူမည် ဆိုပြီး ရေးဆွဲထားပြီးသော ဆောင်ရန် ရှောင်ရန် စစ်ဥပဒေ လက်စွဲများကိုကော တပ်မတော်သားများအား လေ့လာသင်ယူခိုင်းပြီးပြီလော။

စစ်အုပ်ချုပ်ရေးသာ ကြေငြာရန် ဆိုခြင်းမှာ ၎င်းတို့၏ လက်ရှိ လုပ်ရပ်များ အတွက် အစိုးရကို ခေါင်းခံခိုင်းခြင်းသာ ဖြစ်ပါတယ်။ အစိုးရ အနေဖြင့် နိုင်ငံတကာ၏ ဝေဖန်ပြစ်တင်နေမှုများ၊ ဒီထက်ဆိုးလာဖွယ်ရှိသည့် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုများ၊ ကုလသမဂ္ဂ၏ အရေးယူ လာမှုများ၊ ရင်ဆိုင်ရဖို့ ရှိနေတယ်ဆိုတာ အထူးသတိပြုရမှာဖြစ်ပါတယ်။

လက်ရှိ အစိုးရကို အကျပ်ရိုက်စေမည်ထက် တိုင်းပြည်ကို အဆတရာ နစ်နာသွားရဖို့သာ ရှိနေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘရပ်ဆဲလ် အခြေစိုက် နိုင်ငံတကာ အကြပ်အတည်းများ လေ့လာရေး အဖွဲ့ International Crisis Group (ICG) က ဇွန်လ ၇ ရက်နေ့မှာ ရခိုင်ပြည်နယ် ပဋိပက္ခကို An Avoidable War (ရှောင်လွှဲ၍ ရသော စစ်ပွဲ) ခေါင်းစဉ်နဲ့ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

ဒီအစီရင်ခံစာထဲမှာပဲ အစိုးရသည် အချိန်ကြာလာသည်နှင့် အမျှ အခြေအနေများ တိုးတက်လာလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ရခိုင်ပြည်နယ် အရေးကိုင်တွယ်ရာ မှ တပ်မတော်ကို ဦးဆောင်မှု အခန်းမှ ပေးထာခြင်းသည် နက်ရှိုင်းလှသော ပဋိပက္ခကို ဖြေရှင်းနိုင်မည့် မဟာဗျုဟာ မျိုး မဟုတ်လို ထောက်ပြသွားပါတယ်။

အစိုးရ အနေဖြင့် ရခိုင်ပြည်သူများ၏ အမှန်တကယ် နစ်နာမှု များ ကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းစွာ အဖြေရှာနိုင်မည့် နည်းလမ်းများကို ထိထိရောက်ရောက်နှင့် အများ ယုံကြည်ရလောက်သည့် ပုံစံမျိုး ဖြင့် ဆောင်ရွက်သွားသင့်တယ်လို့ အကြံပေးထားကြပါတယ်။

တပ်မတော် အနေဖြင့် လက်ရှိတွင် မိမိတို့၏ ခေါင်းဆောင်မှု အရည်အသွေး ကို အရင်ဆုံး ဆန်းစစ်သင့်ပါတယ်။