အမှုသည် တဝက်ကျော်လောက် ရောက်နေပြီးမှ အဘယ်ကြောင့် ဂမ်ဘီယာ ရှေ့နေများ က ယခုလို စစ်ခေါင်းဆောင်များ၏ ဖေ့စ်ဘုတ် ပို့စ်များ အား သက်သေအဖြစ် လာတောင်းနေရသနည်း။ အိုင်စီဂျေ သည် လူပုဂ္ဂိုလ်ကို တရားစွဲဆိုခွင့်လည်း မရှိပြန်ပေ။
ပထမ ဆုံး ယူဆစရာ ရှိနေသည်မှာ ကျူးလွန်သူမှန်သမျှ တာဝန်ခံမှု ရှိရမည်ဆိုကာ ကြွေးကြော်ပြီး ကွင်းထဲသို့ နောက်ဆုံးကျမှ ဝင်လာသူ မော်လဒိုက် ကိုယ်စားပြု အာမားလ် ကူလူနီ ၏ အကြံပေးချက်ကြောင့်လော။
ဒုတိယ အချက် စဉ်းစားစရာ ကောင်းနေသည်မှာ ဂမ်ဘီယာ ရှေ့နေများသည် အိုင်စီစီအတွက် တောင်းပေးနေခြင်းလော၊ အဘယ်ကြောင့်ဆိုသော် အမေရိကန်သည် အိုင်စီစီ အဖွဲ့ဝင် မဟုတ်သဖြင့် အကယ်၍ အိုင်စီစီမှ တောင်းဆိုလာပါလျှင် မည်သည့် တရားသူကြီးကမျှ အရေးတယူ လုပ် စဉ်းစားမည် မဟုတ်သည်မှာ သေချာသည်။ ယခုအခါ အိုင်စီစီသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အပေါင်းအပါ ၂၀ အား တရားစွဲဆိုနိုင်ရန် သက်သေအထောက်အထားများ စုဆောင်းပြီး အမှုကို တည်ဆောက်နေချိန်လည်း ဖြစ်နေသည်။ ထိုအထောက်အထားများက သူတို့ အတွက် လွန်စွာ အဖိုးတန်နေရသည်။
လက်ရှိတွင် အိုင်စီဂျေ ရှေ့နေများ၏ တောင်းဆိုမှုအား အမေရိကန် တရားသူကြီး နှင့် ဖေ့စ်ဘုတ်တို့က လည်း လိုလိုလားလား ရှိနေပြန်သဖြင့် အမေရိကန်ကပင် တဖက်လှည့် နှင့် လမ်းကြောင်းပေးသလော..အစရှိသည့် ပဟေဠိများ တန်းစီ ထွက်လာနေပေသည်။
စစ်တပ်ဖက်မှလည်း အိုင်စီဂျေ အမှုသည် အီရောအီရော ဖြင့် ပြီးသွားမည်ဟု ယူဆပုံရပြီး နိုင်ငံတော် အတိုင်ပင်ခံ မှ ၎င်းတို့ အတွက် သွားရောက်ရှင်းလင်းပေးရသည်ကိုပင် အကြောက်ပြေသွားချိန်၌ မည်သည့် ရံပုံငွေမှ ငွေများ ထုတ်၍ အဘယ်ပုံ သုံးစွဲနေသနည်းဟုပင် လွှတ်တော်တွင် မေးခွန်းထုတ်၍ ကျေးဇူးကန်းလာကြသည်။
လွှတ်တော်ဆို၍ ကြုံတုန်း အကြံပေးချင်သည်မှာ တကယ်တမ်းတွင် လွှတ်တော်သို့ တပ်မတော်မှ ကိုယ်စားလှယ်များ ရာနှင့်ချီပြီး စေလွှတ်နေစရာ မလို၊ ကုမ္ပဏီတခုတွင် ရှယ်ယာ ၂၅% ပိုင်ထားသော အစုရှင် သူဌေးကြီး တယောက်လို မိမိကန့်ကွက်သည်နှင့် ၂၅% ကန့်ကွက်ပြီးသား အလိုလို ဖြစ်နေပြီ ဆိုကာ တယောက်တည်းကို စေလွှတ်လျှင်ကော မရပေဘူးလား။ အခုတော့ လူများ ရာချီပြီး လွှတ်တော် ခန်းမ ထဲ ထိုင်လိုက် ထလိုက် လုပ်နေသည်မှာ ရုပ်ပျက်လှသည်။ ထို့အပြင် စေလွှတ်ခံရသူများသည်လည်း အရာရှိ ကြီး များ အဆင့် ဖြစ်နေသဖြင့် သူတို့ ၏အင်အားကို ရခိုင် ပြည်နယ် စစ်မြေပြင်သို့ စေလွှတ်၍ အင်အား ဖြည့်တင်း နိုင်ပေဦးမည်။
ယခုအခါ လူပုဂ္ဂိုလ် တဦး တယောက်အတွက် ရည်ရွယ်ပြီး မိမိတို့ အာဏာ ဆုပ်ကိုင်ထားနိုင်ရေး အတွက် မတရား ရေးဆွဲထားသော ဥပဒေများသည် လူ့ဘောင်အဖွဲ့အစည်းတရပ်လုံး၏ တိုးတက်ရာ တိုးတက်ကြောင်း ကို နောက်ပြန်ဆွဲနေသည့် အဖြစ်များအား ပြည်သူများက သိမြင်လာနေကြပြီ ဖြစ်သည်။
ပြည်သူများသာ မက တကမ္ဘာလုံးမှလည်း ရိပ်စားမိလာနေသည်။ ထိုအဖြစ်ကို ကာကွယ်ရန် နည်းလမ်းမျိုးစုံ ကြံဆနေကြရင်း က ယခုလို ကိစ္စများ ထွက်ပေါ်လာနေခြင်း ဖြစ်မည်။ နောင်လည်း နည်းမျိုးစုံဖြင့် လာပေဦးမည်။
တပ်မတော်သည် ရွေးကောက်ခံ အဖွဲ့အစည်းလည်း မဟုတ်သောကြောင့် နိုင်ငံရေး တွင် လူထု ရွေးချယ်ခံ လွှတ်တော် ထဲသို့ဝင်၍ အတိုက်အခံ လုပ်နေသည့် အဖြစ်သည် မိုက်မဲလွန်းလှသည်။ ဒီထက် မိုက်မဲသည့် လုပ်ရပ် ဟူသည် မရှိတော့ပေ။
ထိုသို့ လုပ်နေကြသော တပ်မတော်ဟူ၍ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင် မှ မရှိ၊ အာဏာရှင်များ မှိုလိုပေါက်နေသော အာဖရိကနိုင်ငံများတွင်ပင် ထိုအဖြစ်မျိုး ရှိပါသည်ဟူ၍ လက်ညိုးထိုးပြစရာမရှိ။ သူတို့သည် ဗြောင်လုပ်ကြသည်၊ အာဏာကို နောက်ဖေးပေါက်မှ အချောင်ဝင်နှိုက်သည့် အလုပ်ကိုမလုပ်ကြ။
ထို့အတွက် စစ်တပ်ကို တကယ့် ပရိုဖက်ရှင်နယ် အာမီ ကြီး ဖြစ်ရန်ကား ပါးစပ်နှင့်ပြောနှင့်မရ၊ အခြေခံ ကျကျ ပြုပြင်ပြောင်းလဲမှ ရမည်။
ယနေ့တွင်ပင် အမေရိကန်၏ စစ်ဖက်အကြီးဆုံး ပူးတွဲ စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး မတ် မီလီသည် သမ္မတ ထရန့် နှင့် အတူ အိမ်ဖြူတော်ရှေ့ ရှိ စိန့်ဂျွန်း ဘုရားကျောင်း သို့ လမ်းလျှောက်ပြီး အတူ ဓါတ်ပုံ အရိုက်ခံမိသည့် မိမိ၏ လုပ်ရပ်အတွက် NBC ရုပ်သံမှ တိုင်းပြည်ကို တရားဝင် ဝန်ချတောင်းပန်သွားခဲ့သည်။ မိမိ၏ လုပ်ရပ်ကြောင့် နိုင်ငံရေး တွင် စစ်တပ်က ပါဝင်နေသည့် အမြင်မျိုး ဖြစ်သွားစေခဲ့၍ စိတ်ထိခိုက်မိသည်ဟုလည်း ပြောသွားခဲ့သည်။
ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် လက်ရှိရာထူးမှထွက်သွားသည့်တိုင်အောင် တသက်စားလောက်အောင် ချမ်းသာကြသူများ မဟုတ်ကြပေ။ မိမိ၏ သမိုင်းကြောင်းနှင့် ဂုဏ်သိက္ခာ ကို အမည်းစက် အစွန်းမခံဝံ့ကြသူများပင် မဟုတ်ပါလား။
မြန်မာပြည်ရှိ အတိုက်အခံ လုပ်နေသော ပါတီကြီးများသည်လည်း ပြည်သူများ အားကိုးအားထား ပြုလောက်စရာ မရှိ။ ၎င်းတို့အဖို့ကား တိုင်းပြည်၏ အနာဂတ်နှင့် ပြည်သူများ၏ မျှော်လင့်ချက်များကို မည်သို့ မည်ပုံ ပုံဖေါ်ရန် ပြင်ဆင်ထားသည် ဆိုသည်များကို ချမပြနိုင်။ လူထု၏ လတ်တလော လိုအပ်ချက်များကို ဘယ်ပုံဘယ်နည်း လုပ်ပေးမည် လောက်သာ ပြောရင်း ပြောရင်းက ကြက်ဥရောင်း၊ ပဲကုလားဟင်း ဝေသည့် အဆင့်သို့ ရောက်ကုန်ကြတော့သည်။
၎င်းတို့ ကိုယ်တိုင်လည်း ထိုအဖြစ်ကို ရိပ်စားမိပြီး ညွှန်ပေါင်းလောက်သာ မျှော်မှန်းကုန်ကြသည်။ နိုင်ငံရေး အတွေးအခေါ် က ဗလာနတ္ထိ၊ ပြောချင်ရာ ပြောကြရင်း NLD အတွက် မဲဆွယ်ပေးသလို ဖြစ်ကုန်ကြရပြန်သည်။
လာမည့် ရွေးကောက်ပွဲအတွက် ၎င်းတို့ မျှော်မှန်းသလို ညွှန်ပေါင်း အဆင့် ရောက်သွားခဲ့လျှင်တော့ တိုင်းပြည်သည် ရှေ့တိုး ၍ ဘာမျှလုပ်၍မရတော့ပေ။ မိမိအတွေ့အကြုံဖြင့် တိုင်းပြည် အကျိုးပြုပါရစေ ဆိုသော လူများလည်း အရံသင့် ရှိနေပြန်၍ တွေးပင် မတွေးရဲတော့သည့် အခြေအနေ သို့ ဆိုက် ရောက် သွားနှိုင်မည်ကို သတိချပ်သင့်လှသည်။