စစ်-ကိုင်း ငလျင် သို့မဟုတ် စစ်ကောင်စီ၏ ‌ရှေ့တန်း စစ်မျက်နှာ

by Hla Soewai - Apr 13 2025

မင်းအောင်လှိုင် ၏ လက်သုံးစကား က "သူတို့ ကတော့ ဒီလိုပဲ ပြောကြမှာဘဲ" ဆိုသည်ပင် ဖြစ်သည်။ ဆိုလိုသည်က ၎င်းတို့ ကောင်းတာ လုပ်နေပါလျက်၊ ကြံဖန် အပြစ်ပြောနေကြမည် ဟူ၍ ဖြစ်သည်၊ ၎င်း မှ ဆက်၍ အောက်ခြေ အဆင့်ဆင့်လည်း ထိုသို့ ဖြစ်ကုန်ကြပြီး မျက်နှာပြောင် တိုက် နေလာခဲ့ကြသည်။

 

ယခု စစ်-ကိုင်း ငလျှင် သည် ထိုသို့ စကား အရာ နှင့် လှည့်စားထား၍ မရတော့၊ ၎င်းတို့ ၏ စာနာစိတ် ကင်းမဲ့စွာ လူထု ကို ဖိနှိပ် အုပ်ချုပ်လာသည်များက ဗူးပေါ်သလို ပေါ်လာခဲ့ကြသည်။

 

ယခု ငလျင် အားလည်း ၎င်းတို့ အတွက် နောက်ထပ် ရှေ့တန်း စစ်မျက်နှာ တခု သဖွယ် သဘောထားလာကြသည်။

 

ပြည်ပ မှ အရေးပေါ် ရံပုံငွေများ လှုဒန်း၊ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်းများ ‌ဒလဟော ပေးပို့ နေကြသော်လည်း ၎င်းတို့ က ဖမ်းဆုပ်ကာ ပို့ချင်သည့် နေရာ များ ကို သာ ပို့နေ၍ တစ်ဆို့နေသည်ဟု ပြောဆိုသံ များ ဆူညံစွာ ထွက်ပေါ်နေသည်။

 

လူထုကတော့ ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များ၊ ဘာသာရေး အသင်းအဖွဲ့များကိုသာ ထုံးစံအတိုင်း အားကိုးနေရရှာသည်။ ထိုအဖွဲ့အစည်းများအားလည်း အလွတ်မ‌ ပေး နည်းလမ်း ပေါင်းစုံ သုံး၍ ပိတ်ဆို့လာပြန်သည်။

 

၎င်းတို့ လုပ်ရပ်များ အပြင်သို့ မပေါက်ကြားရအောင် ပြည်ပ မီဒီယာ များအား နေစရာ မပေးနိုင်ဟု ဆိုကာ ပြည်တွင်း ဝင်ရောက်ခွင့် ပိတ်ပင်လာသည်။ ပို၍ စိတ်ချရအောင် ကမ္ဘာလှည့် ခရီးသွား ဟန် ဆောင် ၍ ဝင်မလာနိုင်အောင် ပြည်ဝင်ခွင့် ဗီဇာ အားလုံး ခွင့်မပြုတော့ဟု ပြောလာသည်။

 

ထို့အတွက် ကြောင့်လည်း မည်မျ အတိုင်းအတာ အထိ ပျက်စီး ခဲ့ရသည် ဆိုသည်ကို အမှန်အတိုင်း သိခွင့်မရကြတော့၊ ၎င်းတို့ ပြောသမျှ ကိုသာ လက်ခံရန် ကြံစည်လာခြင်းလည်း ဖြစ်သည်။ အသက်ကယ်တင် ပေးနိုင်မည့် အခွင့် အလန်းများကိုလည်း ပိတ်ပင်လိုက်ခြင်းပင် ဖြစ်သည်။ ပို၍ ‌ဆိုးလာသည်က အင်တာနက် နှင့် ဆက်သွယ်ရေး စနစ်များကိုပါ အမှောင်ချ လိုက်ခြင်းပင် ဖြစ်သည်။ ငလျင် လှုပ်ပြီး ၄၈ နာရီ ကြာသည်အထိ အဆက်အသွယ် ပြတ်တောက်သွားခဲ့ရသည်။ ပိတ်မိနေသူများ ပြင်ပနှင့် အဆက်အသွယ် မရ ဖြစ်ခဲ့ရသည်။

 

စစ် ခေါင်း ဆောင်များ၏ လုပ်ရပ်များသည် ပေါ့လျော့မှု ကြောင့် မဟုတ်ဘဲ ၎င်းတို့ အရာရာတိုင်းကို ဆက်၍ ထိန်းချုပ် ထားနိုင်ရန်၊ ၎င်းတို့ မသိဘဲ ကျောက်ခဲ တလုံးကို ပင် ဖယ်ပစ်၍ မရရန်တမင်တကာ တွက်ချက် ပြီး စီစဉ်ခဲ့ခြင်းသာ ဖြစ်သည်။ 

 

၎င်းတို့၏ ဖိနှိပ်အုပ်ချုပ်ရေး ယန္တရားများ အဖြစ် လည်ပတ်နေသော လွှတ်တော် အဆောက်အဦးများ၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ပြန်ကြားရေး၊ စက်မှု၊ စွမ်းအင်၊ ပြည်ထဲ‌ ရေး၊ အလုပ်သမား ဝန်ကြီးဌာန များ အားလုံး ပျက်စီးကုန်ကြပြီ ဖြစ်၍ နေပြည်တော်သည် နေပြိုတော် အဖြစ် ရောက်ရှိသွားပြီ ဖြစ်သည်။

 

ဆိုက်ဘာ လုံခြုံရေး ဌာန၊ စစ်ဌာနချုပ်များ၊ မီးရထားရုံး၊ သယ်ယူ ပို့ဆောင်ရေး ၊ ဆက်သွယ်‌ ရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ နှင့် ဝန်ထမ်း အိမ်ယာများ ပျက်စီး ကုန် ပြီ ဖြစ်သည်။

 

အသက်ရှင် ကျန်ခဲ့သည့် ဝန်ထမ်းများသည်လည်း အိုး အိမ်များ ပျက်စီးနေသည့် ကြားမှ တပတ်မပြည့်ခင်မှာပင် အဆောက်အဦး ပျက်များ အကြား ကွင်းပြင်ကြီးထဲ ရွက်ဖျင်တဲများ ထိုး၍ လုပ်ငန်းခွင်ထဲ ပြန် မောင်းသွင်း ခံနေရပြီ ဖြစ်သည်။

 

အဓိက အားဖြင့် ၎င်းတို့ဌာန များ အရှိန်အဟုန် မပျက် လည်ပတ် နိုင်နေသည်ဟု စစ်ခေါင်းဆောင်များကို ပြသနိုင်ရန် ဖြစ်သည်။

 

ယခုအခါ နိုင်ငံတကာ ရှာဖွေ ကယ်ဆယ် ရေး အဖွဲ့များ ပြည်တော် ပြန်ကုန်ကြပြီ ဖြစ်၍ ထောက်ပံ့ရေး နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ စတင်ရတော့မည် ဖြစ်သည်။ သို့သော် ထိုလုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာ အဖွဲ့အစည်း များ အနေဖြင့် ၎င်းတို့၏ ခွင့်ပြုချက် အရင်ရယူ ရမည်ဟု ကြေညာလာခဲ့သည်။

 

ပြောခွင့်ရ ဇော်မင်းထွန်းမှ နိုင်ငံ ၂၀ မှ ကယ်ဆယ်ရေး ဝန်ထမ်း ၁,၇၃၈ ဦး ကြောင့် လူပေါင်း ၆၅၃ ဦး ကို ကယ်ထုတ်နိုင်ခဲ့သည် ဟု ဆိုသည်၊ သို့သော် ၎င်းတို့ အပစ်အခတ် ရပ်စဲရေး ကြေညာပြီးနောက် လေကြောင်းမှ ဆက်လက် တိုက်ခိုက်နေ၍ အမျိူသမီး ၁၅ ဦး၊ ကလေးငယ် တဦး အပါအဝင် စုစုပေါင်း ၆၈ ဦး ထပ်မံသေဆုံး သွားခဲ့ပြီ ဖြစ်သည်။ ကုလ သမဂ္ဂ မှ စစ်တပ် ဖက်မှ အပစ်အခတ် ရပ်သည်ဟု ကြေညာပြီးနောက် အနည်းဆုံး ၁၆ ကြိမ် တိုက်ခိုက်ခဲ့သည်ဟု အတည်ပြု ခဲ့ပြီး ဖြစ်သည်။

 

မဆီမဆိုင် ထည့်သွင်း ပြောဆိုလာသည်က လက်ရှိ သဘာဝ ဘေးအန္တရာယ်ကြီး ကို "မန္တလေး မြေငလျင်ကြီး" ဟု ခေါ်ဆိုရန် ဟူ၍ ဖြစ်သည်၊ စစ်ကိုင်း ဆိုက စစ် ဆင်ရေး များ ရှေ့လျောက် "ကိုင်း" သွားမည့် နမိတ်ဆိုး များဟု အယူသည်းလာ၍လည်း ဖြစ်သည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ စိတ်ထဲ စစ်အနိုင်တိုက်ရေးကိုသာ ဦးစားပေးနေသည်က ထင်ရှားနေသည်။

 

ကရင် အမျိုးသား သမဂ္ဂ ကေအင်ယူ မှ စစ်တပ်သည် ‌၎င်းတို့ တပ်ဖွဲ့ဝင်များအား ကယ်ဆယ်ရေး လုပ်ငန်းများ တွင် သုံးရမည့် အစား အပစ်အခတ် ရပ်စဲရေး ဆိုကာ စစ်‌မျက်နှာ များသို့ ပို့လွှတ်နေသည်ဟု ဆိုသည်။

 

အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်း နှင့် ဧရာဝတီ တိုင်း အတွင်း စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု များ ခံနေရသည်ဟု သိရသည်။

 

နောက်ဆုံးရရှိသော စစ်ရေး သတင်းများအရ ချင်းညီနောင်များ အဖွဲ့က ချင်းပြည်နယ်၏ ဒုတိယ အကြီးဆုံး ဖလမ်း မြို့ကို၎င်း၊ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက စစ်ကိုင်းတိုင်း အတွင်းရှိ အင်းတော် မြို့ကို၎င်း သိမ်းယူနိုင်ခဲ့ပြီဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!