အိုင်စီဂျေ ရှိ ဂမ်ဘီယာ ရှေ့နေများ အဖွဲ့မှ နောက်ထပ် ကျည်တတောင့် ပစ်လွှတ်ပြီ

by Hla Soewai - Jun 11 2020

မြန်မာနိုင်ငံတွင် လူမျိုးတုံး သတ်ဖြတ်နေပါသည် ဟု ကမ္ဘာ့တရားရုံးတွင် တရားစွဲဆိုလာသော ဂမ်ဘီယာ ကိုယ်စားပြု ရှေ့နေများ အဖွဲ့က မြန်မာ စစ်ဖက်နှင့် ရဲတပ်ဖွဲ့ တို့၏ ဖေ့စ်ဘုတ် ပို့စ်များ နှင့် မက်ဆေ့ချ် များအား ဖေ့စ်ဘုတ်မှ လွှဲပြောင်းပေးရေး အတွက် အမိန့်ထုတ်ပြန်ပေးရန် အမေရိကန် ရှိ ကိုလံဘီယာ ခရိုင်တရားရုံးသို့ ဇွန်လ ၈ ရက်နေ့စွဲဖြင့် ဦးတိုက်လျှောက်ထားလိုက်ပြီ ဖြစ်သည်ဟု ရိုက်တာ သတင်းမှာ ဖေါ်ပြထားပါတယ်။

 

လျှောက်ထားချက်တွင် ဖေ့စ်ဘုတ် စာမျက်နှာများပေါ်၌ စစ်တပ် မှ တင်ခဲ့သည့် အကြောင်းအရာများ အားလုံး၊ ကြေငြာချက်များ၊ မက်ဆေ့ချ်များ အားလုံး လွှဲပြောင်းပေးရန်ဟု ပါရှိလာခဲ့သည်။

 

အဆိုပါ ဦးတိုက် လျှောက်ထားမှု အတွက် အမိန့်ချမှတ်ရန် တာဝန်ရှိနေသော တရားသူကြီးမှ ဂမ်ဘီယာ နှင့် ဖေ့စ်ဘုတ်၏ ကိုယ်စားလှယ်များနှင့် စောနိုင်သမျှ အစောဆုံး တွေ့ဆုံနိုင်ရေး စီစဉ်သွားမည်ဟု ဆိုသည်။

 

ဖေ့စ်ဘုတ် အဖွဲ့မှ ဂမ်ဘီယာ ၏ ရှေ့နေများ တင်ပြထားမှုကို သိရှိကြောင်း နှင့် ဥပဒေနှင့် အကျုံးဝင်ခြင်း ရှိမရှိ စီစစ်သွားမည်ဟု ဆိုသည်။

 

ဂမ်ဘီယာ မှ တောင်းဆိုထားသော စစ်ဖက်အရာရှိကြီးများ ၏ ပို့စ်များထဲတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ရေးသား ခဲ့သမျှသည် ထိပ်ဆုံးမှ ပါဝင်နေသည်ဟု ဆိုသည်။ ထို့အပြင် ၂၀၁၈ ဩဂုတ်လအတွင်း ဖေ့စ်ဘုတ်စ် ၏ ပိတ်ပင်ခြင်း ခံခဲ့ရသည့် အကောင့် (၂၀) လည်း ပါဝင်နေသည်။

 

အဆိုပါ အကောင့် များ မှ ပို့စ်များသည် လူမျိုးတုံး သတ်ဖြတ်ရန် ဖြစ်စေခဲ့သည့် သက်သေအထောက်အထားများ ပါဝင်နေသည်ဟု ရှေ့နေများက ပြောခဲ့ကြသည်။

 

၂၀၁၈ ခုနှစ်အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများမှ နိုင်ငံအတွင်း အကြမ်းဖက်မှုများ ဖြစ်ပွားအောင် အမုန်းတရားများ ဖြန့်ချီရာတွင် ဖေ့စ်ဘုတ် ပို့စ်များသည် အဓိက တာဝန်ရှိကြောင်း ထောက်ပြခဲ့ပြီး ဖြစ်သည်။

ရည်ညွှန်း၊ ၊ REUTERS / ALJAZEERA