အာဏာသိမ်း တပ်များ က အပစ်အခတ် ရပ်စဲထားမှု ကို အခွင့်ကောင်း ယူလာ

by Hla Soewai - Apr 13 2025

စစ်ကောင်စီ ဖက် မှ ရက် နှစ်ဆယ်ကြာ အပစ်အခတ် ရပ်စဲသည်ဟု ကြေညာထားသော်လည်း နှစ်ဆယ့် လေးနာရီ မပြည့်မီ မှာပင် ကချင် ‌ဒေသတွင်း ဗန်းမော်၊ အင်းတော်ကြီး နှင့် ဝိုင်းမော မြို့များ တွင် တိုက်ခိုက်မှု များ ပြန်လည် စတင်နေပြီ ဖြစ်သည်ဟု ကချင်လွတ်လပ်ရေး တပ်မှ ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးက အတည်ပြုခဲ့သည်။

 

အပစ်အခတ် ရပ်စဲသည် ဆိုသော်လည်း တကယ်တမ်း တွင် မြေပြင် ထိုးစစ်ဟူ၍ မယ်မယ်ရရ မရှိပဲ ဗုံးကြဲ တိုက်ခိုက်မှု ကို ရပ်စဲလိုက်ခြင်းသာ ဖြစ်သည်။ ထိုသို့ ရပ်စဲသည်ဟု ပြောရခြင်းသည် ကပင် ၎င်းတို့ မပြောချင်သော နိုင်ငံတွင်း ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေသည်ကို အသိအမှတ် ပြုလိုက်ရခြင်းပင် ဖြစ်သည်။ နောက်တကြောင်းက မင်းအောင်လှိုင်သည် ဘန်ကောက်သို့ ရောက်ရှိနေခိုက် မျက်နှာပန်း လှအောင် ရည်ရွယ်ချင်းလည်း ဖြစ်သည်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကပင် လက်တဖက်က ‌ငွေတောင်းပြီး ကျန် တဖက်က ဗုံးကြဲ နေခြင်းဟု ခေါင်းစဉ် တပ်ကာ ကြေ ညာချက် ထုတ်ပြန်ထားသည်။

 

တနင်္လာနေ့က ကချင် ပြည်နယ် အတွင်း စစ်သင်တန်း တက်ရန် ထွက်ခွာလာသော လူငယ် များ အား ဗုံးကြဲ တိုက်ခိုက်ခဲ့၍ ၃၈ ဦး ကျဆုံးသွားခဲ့သည်ဟု သိရသည်။

 

ပို‌၍ စိုးရိမ်စရာ ကောင်းလာသည်က အမျိုးသား ညီညွတ်ရေး အစိုးရ မှ နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေး ကို အခွင့်ကောင်းယူကာ PDF များ ထိန်းချုပ် နယ်မြေ များ ဖြစ်သည့် မုံရွာ-မန္တလေး လမ်းမကြီးတလျောက် မြင်းမူ၊ ချောင်းဉီး၊ မုံရွာ ‌ဒေသများသို့ စစ်ကူများ အလုံးအရင်း နှင့် ပို့ဆောင်နေသည် ဆိုသော သတင်းပင် ဖြစ်သည်။

 

အဆိုပါ သတင်းအား ချောင်းဦး PDF အဖွဲ့မှ မြန်မာ နောင်းသို့ ထုတ်ဖေါ် အသိပေးလာခဲ့သည်။

 

ယခုအခါ စစ်ကောင်စီ သည် မိုင် ၈၀ ရှည်လျားသော မဟာဗျူဟာ အရ အရေး ပါသည့် မန္တလေး-မုံရွာ လမ်း မကြီးအား အပြီးအပိုင် ထိန်းချုပ် နိုင်ရန် ကြိုးစားလာခြင်းပင် ဖြစ်သည်။ 

 

ထိုလမ်းမကြီးသည် ယခင် PDF တပ်များက ၎င်းတို့ အား မကြာခဏ ခြုံခို တိုက်ခိုက်ခံနေရ၍ မသွားရဲ မလာရဲ အောင် ဖြစ်နေရာမှ ယခုအခါ ၎င်းတို့၏ အနောက် မြောက်တိုင်း စစ်ဌာနချုပ် ရှိရာ မုံရွာသို့ ရဲရဲတင်းတင်း သွားလာနေကြသည်ဟု ဆိုသည်။

 

မင်းအောင်လှိုင် ကိုယ်တိုင်က တပ်များ ရွှေ့ပြောင်း လှုပ်ရှားမှု ကိုပင် အပစ်အခတ် ရပ်စဲရေး မဟုတ်ဟု အဓိပ္ပါယ် ဖွင့်ဆိုထားခဲ့ပြီး ဖြစ်သည်။ စောင့်ထိန်း အပ်သော ကိုယ်ကျင့် သိက္ခာတရား ဆိုသည်က ၎င်းတို့ စစ်အနိုင်ရရေး ၏ ဦးစားပေး အစီအစဉ် ထဲတွင် အောက်ဆုံးမှ ထားနေသည့် အကြမ်းဖက် အဖွဲ့ နှင့် ရင်ဆိုင်နေရခြင်းပင် ဖြစ်သည်။

 

ကြာသပတေးနေ့ အထိ သေဆုံးသူ အရည်အတွက် ၃,၈၈၅, ဒဏ်ရာရ ၅,၄၅၅ နှင့် ပျောက်ဆုံး ၇၁၉ အထိ ရှိလာသော်လည်း ပြည်တွင်း ပြည်ပ ကယ်ဆယ်ထောက်ပံ့ရေး ပစ္စည်း များ အားလုံး သက်ဆိုင်ရာ အာဏာပိုင် များ၊ သံရုံးများ၏ ခွင့်ပြုချက် ယူရမည် ဖြစ်ပြီး နေပြည်တော်က တဆင့် သွားရမည်ဟု ကြေညာချက် ထုတ်ပြန်လာသည်။ ငလျှင် ဒဏ် သင့်သူ သုံးသန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။ ခြင်ထောင်၊ စောင်များ အရေးပေါ် လိုအပ်နေပြီး သောက်သုံး ရေ ရဖို့ ရေပန့်များ မောင်းရန် စက်သုံးဆီ ပြတ်လတ် နေပြန်သည်။

 

ပြည်ပ ခရီး ရောက်ရှိနေသော နိုင်ငံ အကြီးအကဲများ အားလုံး လိုလိုသည် ၎င်းတို့ နိုင်ငံ အတွင်း ဆိုးဆိုးဝါးဝါး ဖြစ်မှု များ ကြုံရသည့် အခါတိုင်း လက်ရှိ ရောက်နေသော နေရာမှ ခရီးစဉ် ကို ဖျက်သိမ်းပြီး လှည့်ပြန်သွားသော်လည်း မင်းအောင်လှိုင်ကမူ နိုင်ငံတွင်း မှ ပင် ဖင်တကြွကြွ ဖြစ်နေသည်။ ၎င်းသွားမည့် ခရီးစဉ်သည်လည်း မည်သို့မျှ အရေးမပါသော အစည်းအဝေးမျိုး တက်ရန် ဖြစ်နေသည်။ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ် တပတ် ကြေညာထားချိန်တွင် ပြည်ပ ခရီး ထွက်သူ နိုင်ငံ ခေါင်းဆောင် ဟူ၍ ၎င်း တဦးတည်းသာ ရှိသည်။ လက်ရှိတွင် ဝါဇီ စက်ရုံ ထွက် ငွေသား ကျပ် ၅၀၀ ဘီလီယံ (ဒေါ်လာ သန်း ၂၄၀ ခန့်) သုံးစွဲ မည်ဟု ပြောလာသည်။

 

ဘန်‌ ကောက်ရှိ ရှန်ဂရီ လား ဇိမ်ခံ ဟိုတယ်ကြီးတွင် တည်းနေသည့် မင်းအောင်လှိုင်အားလည်း တနိုင်ငံလုံးက မုန်းတီး နေသူ ဖြစ်၍ အိမ်ရှင် ထိုင်း မှ လုံခြုံရေး အထပ်ထပ် ချထားပေးရဦးမည်။ မင်းအောင်လှိုင် အားလည်း ၎င်းကို အင်တာပိုလ်မှ ဖမ်းပြီး အာဂျင်တီနား ပြန်မပို့ ပါဟူသော ကတိဝန်ခံချက်ကိုလည်း ထိုင်းမှ ပေးရဦးမည် ဖြစ်သည်။

 

၎င်းအား လေဆိပ်တွင် အခြား ခေါင်းဆောင်များကဲ့သို့ ဂုဏ်ပြုခံ တပ်ဖွဲ့ နှင့် ဝန်ကြီးချုပ် ကိုယ်တိုင် ကြိုဆိုခဲ့ခြင်း မရှိပဲ ဝန်ကြီး အဆင့်ရှိသူ နှင့် လူစည်အောင် သံရုံး မှ မာလီပါမကျန် ခေါ်လာကြသည်ကို တွေ့နေရသည်။

 

ယနေ့ ဧပြီ ၄ ရက်နေ့တွင် ထိုင်းရှိ မြန်မာ အလုပ်သမားများ အနက်ရောင် ဝတ်စုံ ကို ဝတ်ကာ ၎င်းအား ဆန့်ကျင်ကြောင်း ဝိုင်းဝန်း ဆန္ဒပြကြရန် နွေဦး တော်လှန်ရေး သပိတ် အင်အားစု များက လှုံ့ဆော်ထားသည်။

 

ကြာသပတေး နေ့ အထိ နောက်ဆက်တွဲ ပြင်းအား ၂.၈ မှ ၇.၅ ရှိ ငလျင် အကြိမ်ပေါင်း ၆၆ ကြိမ် လှုပ်သွားခဲ့ပြီး ဖြစ်သည်ဟု မိုးလေဝသ နှင့် ဇလဗေဒ ဌာန က ကြေညာခဲ့သည်။

 

ယခု အချိန် အထိ စစ်တပ်ဖက်မှ လူအင်အား အလုံးအရင်း နှင့် ကယ်ဆယ်ရေး လုပ်သည်ကို မတွေ့ရသေးဘဲ ဒေသ ပရဟိတ အသင်းများက ငလျင်ဒဏ်သင့် ပြည်သူများကို အ‌စားအသောက်၊ ရေ နှင့် လိုအပ်သည်များ ကူညီ ပံ့ပိုးပေးနေကြသည်ကို တွေ့ရသည်ဟု မန္တလေး၊ စစ်ကိုင်းသို့ ခိုးကြောင်ခိုး ဝှက် ဝင်ရောက်သွားနိုင်ခဲ့သည့် ဘီဘီစီ သတင်းအဖွဲ့က ပြောပြခဲ့သည်။

 

ထရန့်၏ မြန်မာ အပေါ် ဆက်ဆံခဲ့မှု အားလည်း ဒီမိုကရက် အထက်လွှတ်တော် အမတ် ၆ ဦး မှ ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချထားသည့် စာကို လက်မှတ်ရေးထိုးပြီး နိုင်ငံခြားရေး ဝန်ကြီး နှင့် ဘဏ္ဍာရေး ဝန်ကြီးတို့ ထံ ပေးပို့လိုက်သည်ဟု သိရသည်။ သို့သော် မြန်မာ အပေါ် ၎င်းတို့ မည်သို့ပင် ဆက်ဆံ‌ခဲ့စေကာမူ အမေရိကန် နိုင်ငံသားများက မည်သို့မျှ နေမည် မဟုတ် ဆိုသည်ကို ထရန့်က သိထားပြီး ဖြစ်သည်။

 

လက်ရှိတွင် နိုင်ငံပေါင်း ၁၅ နိုင်မှ ကယ်ဆယ်ရေး ဝန်ထမ်း ၁,၉၀၀ ရောက်ရှိနေပြီး ကယ်ဆယ်ရေး လေယာဉ် အခေါက်ရေ ၅၃ ခေါက် ဆင်းသက်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!