ယနေ့ နေ့လည် ၁၂:၅၁ မိနစ် ခန့်တွင် ရစ်ခ်ျတာ စကေး ၇.၇ နှင့် ၆.၄ ပြင်းအားရှိ ငလျင် ကြီးသည် ကံဆိုးမိုးမှောင် ကျနေပြီး ဖြစ်သော နိုင်ငံ အား အားမရသေးသည့် အလား ထပ်မံ ဒုက္ခပေးလာပြန်ပြီ ဖြစ်သည်။
စစ်ကိုင်း မြို့ ၏ အနောက် မြောက်ဖက် ၁၀ မိုင် ခန့် အကွာ မြေမျက် နှာပြင် အောက် ကပ်လျက် အနက် ၆ မိုင် ခန့်တွင် ပထမဆုံး လှုပ်ခတ်သွားခဲ့သည်။ ယင်းသည် နိုင်ငံ၏ မြောက် မှ တောင် ဖက်ရှိ အဒမ်မန် ပင်လယ်ထိ မိုင်ပေါင်း ၁,၀၀၀ ခန့် ရှိသည့် စစ်ကိုင်း ပြတ်ရွေ့ကြော တလျောက် လှုပ်ခတ်သွားခြင်း ဖြစ်၍ ထိုမျှ အထိ အပျက်အစီး များ ကြီးမားသွားခဲ့ရခြင်း ဖြစ်သည်ဟု အမေရိကန် ဘူမိဗေဒ လေ့လာ တိုင်းတာရေး အဖွဲ့ US Geological Survey (USGS) က ဆိုသည်။
အဆိုပါ ပြတ်ရွေ့ကြောတွင် ဖြစ်ပေါ်သည့် ငလျင်ကို ဘေးတိုက်ရွေ့လျားငလျင် strike-slip ဟု ခေါ်သည်။ ယင်းသည် India plate ခေါ် ကျောက်ပြာထု ကြီး သည် ပြတ်ရွေ့ကြော၏ တစ်ဖက်ရှိ ယူရေးရှား ကျောက်ပြားထုကြီးကို ဘေးတိုက် ပွတ်တိုက်ပြီး ရွေ့လျားသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုသို့ ရွေ့လျား မသွားမီ စစ်ကိုင်း ပြတ် ရွေ့ကြော၏ အလယ်ပိုင်း လောက်တွင် အချိန် အတန်ကြာ ငြိနေသည်ဟု တရုတ် သိပ္ပံ အကယ်ဒမီ မှ ဘူမိဗေဒ ပညာရှင်များက လည်း သတိပေးခဲ့ကြသည်။
မြေမျက် နှာပြင်အောက် ၆ မိုင် အနက်တွင် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပြင်းထန်ခဲ့ခြင်းလည်း ဖြစ်သည်။
USGS မှ ငလျင် လှုပ်ရှားမှုကို ခြေရာခံ လေ့လာရာမှ အသေအပျောက်သည် အနည်းဆုံး ၁,၀၀၀ ကျော်နိုင်ပြီး ၁၀,၀၀၀ အထိပင် ရှိသွားနိုင်သည်ဟု ခန့်မှန်းထားသည်။
ထိုကဲ့သို့ မြေငလျင် မျိုးသည် လွန်စွာ ပြင်းထန်ပြီးရှားရှားပါးပါး ဖြစ်သည်ဟု မီချီဂန် တက္ကသိုလ်ရှိ ဘူမိဗေဒ ပါမောက္ခ ဘင် ဗင် ဒါ ပလူဂျင်က မှတ်ချက်ချခဲ့သည်။
စစ်ကိုင်း ပြတ်ရွေ့ကြောင်း တလျောက် မြေငလျင်ကြီး မကြာမီ အတော အတွင်း ဖြစ်ပေါ်လာနိုင်သည်ဟု ဘူမိဗေဒ ပညာရှင်များက စိုးရိမ်တကြီး သတိပေး ထားခဲ့ပြီးလည်း ဖြစ်သည်။
ပဲခူး မြေငလျင်ကြီး နောက်ပိုင်းတွင် အပြင်းထန်ဆုံးလည်း ဖြစ်သည်ဟု ဆိုသည်။
၁၂ မိနစ် အကြာတွင် ရစ်ခ်ျတာစကေး ၆.၄ ပြင်းအားရှိ မြေငလျင် ထပ်လှုပ်သွားပြန်သည်။ မြေငလျင် ၏ လှုပ်ခပ်အား သည် အိန္ဒိယ၊ ထိုင်း နှင့် တရုတ်ပြည် ကူမင်း အထိ ရောက်ရှိသွားခဲ့သည်။ ထိုအထဲတွင် ထိုင်းတွင် ထိခိုက်မှု အများဆုံး ဖြစ်သွားသည်။
မင်းအောင်လှိုင် အဆိုအရ လူ ပေါင်း ၁၄၄ ဦး သေဆုံးပြီး ၇၃၂ ဦး အထိ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။
ငလျင် ဗဟိုချက် အခြေပြုရာ မန္တလေး တွင် ထိခိုက်ပျက်စီးမှု အများ ဆုံး ဖြစ်သည်။
ကုလ၊ အီးယူ၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ တို့မှ အကူအညီများပေးရန် ချက်ခြင်းလို ကမ်းလှမ်းလာကြသည်၊ နာဂစ် သမိုင်း တပတ်လည်လာမည်လား ဆိုသည်က စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ဒေါ်နယ် ထရန့် မှ ၎င်း၏ လူများ သည် မြန်မာဖက် နှင့် အကူအညီပေးနိုင်ရန် ပြောဆိုခဲ့သည်ဟု ဆိုသည်။ ဖြစ်ပျက်ခဲ့တာတွေ အတော်လေးကို ဆိုးဝါးလွန်းတဲ့ အတွက် အမေရိကန် မှ ကူညီသွားမည်ဟု လည်း အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ တွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။
မင်းအောင်လှိုင်နှင့် အဖွဲ့ကတော့ ၎င်းတို့ မျှော်လင့် တောင့်တနေသည့် နိုင်ငံတကာ၏ အသိအမှတ် ပြုမူ မျိုး ရရှိလာတော့မည်ဟု ကြိတ် ဝမ်းသာ နေလောက်ပြီ ဖြစ်သည်။ ချက်ခြင်းလိုပင် နိုင်ငံတကာ မှ အကူ အညီ ပေးရန် ရုပ်မြင်သံကြား မှ တဆင့် အသံလွှင့် တောင်းဆိုလာခဲ့သည်။
မည်သည့် နိုင်ငံ၊ မည်သည့် အဖွဲ့အစည်း၊ နိုင်ငံတွင်းရှိ မည်သူမဆို လာရောက်ကူညီကြဖို့ ဖိတ် ခေါ်သည် ဟု ပြောခဲ့သည်။
၎င်းတို့၏ လုပ်ရပ်များကို နောကြေနေပြီ ဖြစ်သော လူထုက မည်မျှပင် ကူညီစေကာမူ ရောက်မလာနိုင်မှန်း သိထားကြပြီး ဖြစ်သည်။
တနိုင်ငံလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့် ကြားမှ စစ်ကောင်စီသည် ဒေသကြီး ၆ နေရာ အတွက် အရေးပေါ် အခြေအနေ ကြေညာလာပြန်သည်။
နိုင်ငံ အဖို့ အဆိုးဆုံးကို ရင်ဆိုင်နေရချိန်တွင် နောက်ထပ် အဆိုးဆုံး ထပ်မံ ဖြစ်ပွားလာခဲ့ခြင်းပင် ဖြစ်သည်။
နေပြည်တော်သည် တော်လှန်ရေး တပ်များ၏ ဒရုန်းများ နှင့် တပြိုင်တည်း ပစ်ခတ်ခံခဲ့ရသည့် အလား စစ်တပ်၏ အဓိက အဆောက်အအုံများ ထိခိုက် ပျက်စီးသွားခဲ့ရသည်။
လန်ဒန် ထုတ် အင်ဒီးပင်းဒင့် သတင်းစာကြီးကမူ တိုင်းပြည်အား ဖိနှိပ်အုပ်ချုပ်နေသည့် စစ်အာဏာရှင်များ လျင်မြန်စွာ ဆုံးခန်း တိုင်စေမည့် ဖြစ်ရပ် အဖြစ် ရည်ညွှန်းပြောဆိုခဲ့သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်။