ထီးသုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်း သုံည

by Hla Soewai - Apr 03 2025

မင်းအောင်လှိုင် အဖို့ ရှေ့ခရီး ဘယ်လို ဆက်မည် မသိ၊ သဘာဝ ဘေး အန္တရာယ်များက အဖိုးရ တိုင်း ၊ နိုင်ငံ တိုင်း တွင် ဖြစ်နေသည် ဆိုသော်လည်း ၎င်းလို အ‌ခြေ အနေ မျိုး နှင့် မဟုတ်။

 

လက်ရှိတွင် နိုင်ငံတကာ အကူအညီများ က အုံ နှင့် ကျင်း နှင့် လာနေ၍ အားတက်ဖွယ် ဖြစ်သော်လည်း ကယ်ဆယ်‌ရေး လုပ်ငန်း များ ပြီးစီး သလောက် ဖြစ်သွားပါက အားလုံး ဖုတ်ဖက်ခါ ထ ပြန်သွားကြမည် သာ ဖြစ်သည်။

 

မင်းအောင်လှိုင် နှင့် အဖွဲ့သည် အပျက်အစီး ပုံကြီး ကြား တွင် ထီးထီးကြီး ကျန်ခဲ့တော့မည် ဖြစ်သည်။ ပြန်လည် ထူထောင်ရေး အတွက် ဒေါ်လာ ဘီလီယံ နှင့် ချီ ကုန်ကျမည် ဖြစ်သည်။ ဤသည်ကလည်း နိုင်ငံ ရေး အရ တည်ငြိမ်မှု ရှိရန် ပထမဦးစွာ လိုအပ်လာနေသည်။

 

နိုင်ငံခြားမှ အကူအညီ များ ဆိုသည်ကလည်း ၎င်းတို့၏ မွေးရာပါ အကျင့်ပျက် ခြစားနေမှု များ မှိုလို ပေါက် နေ၍ မည်သူမျှ ရက်ရက်ရောရော ပေးလို စိတ် မရှိကြ၊ ထိုအထဲ မနိုင်သော စစ်ကို အတင်းကာရော တိုက်‌ရဦးမည်၊ တိုက်ရာ တွင်လည်း လွန်စွာ အကုန်အကျ များသည့် လေကြောင်း မှ ဗုံးကြဲ တိုက်ခိုက်မှု ကို လုပ်နေရသည်။

 

ယခုလည်း နိုင်ငံတကာ ကယ်ဆယ်ရေး ဝန်ထမ်းများ ထောင် ချီ ၍ ရောက်နေသည့် အခိုက်၊ အမျိုးသား ညီညွတ်ရေး အစိုးရမှ နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲထားသည့် ကြားမှပင် လေကြောင်း မှ တိုက်ခိုက်နေမှု ကို မျက်နှာပြောင် တိုက်ကာ လုပ်နေဆဲ ဖြစ်သည်။ အထူးသဖြင့် ငလျင် ဗဟိုချက် ရှိရာ စစ်ကိုင်း တိုင်း ပေါက်၊ ချောင်းဦး မြို့နယ် နှင့် ရှမ်းပြည် နောင်ချို မြို့များကို တိုက်ခိုက်ခဲ့သည်။

 

စစ်ကောင်စီ အားလည်း တော်လှန်ရေး အဖွဲ့များ ကဲ့သို့ ချက်ခြင်း အပစ်အခတ် ရပ်စဲထားရန်၊ အတင်းအကျပ် စစ်မှု ထမ်းရန် ဆင့်ခေါ် နေမှု များ ရပ်ဆိုင်းထားရန် လူ့အခွင့်အရေး အဖွဲ့များက တောင်းဆိုလာကြသည်။

 

လက်ရှိ တွင် နိုင်ငံ တွင်း စစ်ဒဏ်ကြောင့် ဒုက္ခ ရောက် နေသူ သုံးသန်းခန့် အား ကူညီပေးရန် ရှိသည်များ ကို ဟန့်တားထားခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ မှ ထိုသို့ အကူအညီများကို ဖြတ် လေး ဖြတ် ပုံစံ လက်နက် အဖြစ် ကာလ ကြာမြင့်စွာ ကပင် သုံးလာခဲ့သည့် အစဉ်အလာကိုလည်း အားလုံးက ရိပ်စားမိနေပြီ ဖြစ်သည်။

 

အားလုံးကတော့ ပြည်ပ အကူ အညီများ အား ၎င်းတို့ လက်ထဲ မထည့်ရန် တစာစာ တောင်းဆိုနေကြခြင်း ကပင် မည်မျှ အထိ အယုံအကြည် မဲ့နေကြသည်ကို ပြဆို နေပေသည်။

 

ပြည်ပ မှ ငွေကြေး အကူ အညီများသည်လည်း နိုင်ငံတကာ အဖွဲ့အစည်း များ လက်ဝယ်သို့ ပေးပို့နေခြင်း ဖြစ်သည်။ ဗြိတိန် မှ ယူရို ဆယ်သန်း၊ တောင်ကိုရီယား မှ ‌ဒေါ်လာ ၁.၂ သန်း လှုဒန်းလာသည်။

 

အထူး လေယာဉ် များ ဖြင့် ပြည်ပမှ ရောက်ရှိလာသော ကယ်ဆယ်ရေး ပစ္စည်းများအား ရန်ကုန် လေဆိပ် တွင် အသင့်စောင့် ဆိုင်း နေသော စစ်ထရပ်ကား များ ပေါ်တင် ပေးလိုက်ရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ကမ္ဘာပေါ်တွင် ကံကြမ္မာ၏ မျက်နှာသာ ပေးခြင်း တစက်ကလေးမျှ မခံရရှာသည့် အာဏာသိမ်း ခေါင်းဆောင် ဖြစ်လာခဲ့ချေပြီ။

 

မင်းအောင်လှိုင်ကတော့ ပြန်လည် တည်‌ ဆောက်‌‌ ရေး အတွက် ဆိုကာ ဝါဇီ ရှိ ငွေစက္ကူ ရိုက်ထုတ်သည့် စက်များ နေ့မအား ညမအား လည်ပတ် နိုင်ရန် ကြံခိုင်ရေး မွမ်းမံ ပြင်ဆင်ထားကြရန် ညွှန်ကြား ထား ‌လောက်ပြီ ဖြစ်သည်။ ယင်းနှင့် အတူ ငွေကြေး ဖေါင်းပွ မှု များ ထပ်တိုးလာပြီး စီးပွားရေး ကပ်လည်း ဆိုက်ရောက်လာဦးမည် ဖြစ်သည်။

 

ကယ်ဆယ်ရေး အတွက် လိုအပ်နေသော ပစ္စည်းများ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ ကြောင့်အချိန်မီ ရောက်မလာနိုင်၍ အဆောက်အဦး အပျက်အစီး များ ကြားမှ လူ ထု မှ လက်ဖြင့် ဖယ်ရှားကာ ကယ်ထုတ်နေရသည်ဟု သိရသည်။ အပူချိန် ၁၀၂ ဖာရင်ဟိုက် အောက်တွင် အပုတ်နံ့ များလည်း ထွက်စပြုလာနေသည်ဟု ဆိုသည်။ အသက်ရှင်သူ များထက် သေဆုံးသူ များကိုသာ ဆွဲထုတ်နိုင်သေးသည်ဟု ကယ်ဆယ်ရေး ဝန်ထမ်း များက အယ်ဂျာဇီယား သတင်းဌာန သို့ ပြောပြခဲ့သည်။

 

မင်းအောင်လှိုင်သည် ငလျင် ကိစ္စ အကြောင်းပြု၍ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီ နှင့် ဖုန်း ပြောခွင့်ရပြီး လမ်းတံတား များ ပြင်ဆင်နေပြီ ဖြစ်ကြောင်း မြန်မာလို အားရပါးရ ပြောနေသံ ကို MRTV တွင် ကြားခဲ့ရသည်။

 

တနင်္ဂနွေ့ ညပိုင်းတွင် နောက်ဆက်တွဲ လှုပ်ခတ်မှု အဖြစ် မန္တလေး အနောက်ပိုင်းတွင် ရစ်ခ်ျတာ စကေး ၅.၁ ပြင်းအား ရှိ ငလျင် ထပ်လုပ်သွားသည်ဟု ဘီဘီစီ သတင်းတွင် ဖေါ်ပြထားသည်။

 

ကယ်ဆယ်ရေး လုပ်ငန်းများ သာ အဓိက ထားနေဆဲ ဖြစ်၍ ငလျင်ဒဏ် သင့် လူထု အဖို့ အရေးပေါ် စောင့်ရှောက်မှု များ မဆိုသလောက်သာ ရရှိနေသည်။

 

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ အထူး အစည်း အဝေး တနင်္ဂနွေ နေ့ ‌တွင် အွန်လိုင်းမှ ခေါ်ယူ ခဲ့ပြီး ‌ဉက္ကဌ ဖြစ်သူ မလေးရှား နှင့် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး တို့ မှ မြန်မာ ပြည်သူ များ နှင့် အတူတကွ ရှိကြောင်း နှင့် လိုအပ်သည့် အကူအညီများ ပေးနိုင်ရန် ဧပြီ ၅ ရက်တွင် ရောက်ရှိမည် ဟု သိရသည်။

 

လက်ရှိ သတင်းများအရ နေပြည်တော် တွင် အထိအခိုက် အပျက်အစီး အများ အပြား ဆုံး ဖြစ်သည်။ အလုပ်သမား နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြား‌ ရေး မှုးချုပ် အဆင့်ရှိသူ များ အပါအဝင် အရာရှိ အများအပြား သေဆုံးခဲ့သည်ဟု သိရသည်။ အလုပ်သမား ဝန်ကြီး ရုံး တွင် အစည်းအဝေး ပြုလုပ်နေစဉ် အတွင်း ဖြစ်ပွားခဲ့၍ မျက်နှာကြက် ပြိုကျခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

ရာမာဒန် ‌ဥပုဒ်ကာလ ဖြစ်၍ သောကြာနေ့ ဗလီ ဝတ်ပြုသူ အများ အပြား ရောက်ရှိနေချိန် တွင် ဖြစ်ပွားခဲ့၍ အစ္စလမ် ဘာသာဝင် ၅၇၀ နီးပါး သေဆုံးခဲ့ပြီး မန္တလေး နှင့် စစ်ကိုင်း တွင် ဗလီပေါင်း ၅၀ နီးပါး ပြိုလဲ ပျက်စီးသွားခဲ့သည်။

 

အထူးသဖြင့် စစ်ကိုင်း တမြို့လုံးနီးပါး ပျက်စီးသွားခဲ့၍ ကယ်ဆယ်ရေး လုပ်ငန်း များ အရေးတကြီး လိုအပ်နေသော်လည်း စစ်ကိုင်း နှင့် မန္တလေး အကြား လမ်း နှင့် တံတား များ ပျက်စီးနေ၍ နှောင့်နှေး ကြန့်ကြာနေရသည်ဟု ဧရာဝတီ သတင်းက ဆိုသည်။

 

ကုလသမဂ္ဂ ၏ လက်ရှိ ပြုစုထားသော စာရင်းဇယား များအရ အဆောက်အဉီး ပေါင်း ၁,၆၉၀ ကျော်၊ ဘုန်းကြီးကျောင်း ပေါင်း ၆၇၀၊ စာသင်ကျောင်း ၆၀ ခန့် ပြိုကျ ပျက်စီးသွားခဲ့သည် ဟု သိရသည်။ မန္တလေး၏ အထင်ကရ မန္တလေးကျုံးမြို့ရိုး၊ မဟာမုနိဘုရားမုခ်ဦး၊ရွှေစာရံဘုရား၊ အင်းဝမြို့ဟောင်းရှိ မယ်နုအုတ်ကျောင်းနှင့် လေးထပ်ကျောင်းတို့ သည်လည်း ပြိုလဲပျက်စီးသွားသည်။

 

မဟာအောင်မြေမြို့နယ်ရှိ သကျသီဟ အသင်းကြီး၊ ဦးလှသိန်းဗိမာန်တွင် သံဃာအပါး ၁၀၀၀ ကျော် ဓမ္မာစရိယ စာမေးပွဲ ဖြေဆိုနေချိန် ငလျင်ကြောင့် စာ‌ဖြေကျောင်းဆောင်တစ်ဆောင် ပြိုကျခဲ့ရာ သံဃာ အပါး ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ထိုင်းနိုင်ငံထုတ် နေရှင်း သတင်းစာက ဆိုသည်။ ကယ်ဆယ်ရေး လုပ်ငန်းများ အား လောလောဆယ် တွင် မန္တလေး နှင့် နေပြည်တော် တွင် သာ အဓိက ထားနိုင်သေးသည်ဟု ကုလ က ဆိုသည်။

 

အခြေ အနေ များက ရှုတ်‌ ထွေး နေဆဲ ဖြစ်၍ လူထု အနေဖြင့် လက်ရှိ စိတ်ခံစားမှု များကို ဦးစားပေးပြီး အုတ်‌ ရောရော ကျောက် ရော‌ ရော လှုဒန်း ခြင်း မပြုသေးဘဲ တကယ်လိုအပ်လာ၍ နောက်ပိုင်း အကူအညီ တောင်းလာသည့် အဖွဲ့များကို အဓိက ထား လှုဒန်း နိုင်က ပို၍ ထိရောက်မှု ရှိမည် ဖြစ်သည်။

 

စစ်ကောင်စီသည် ၎င်းတို့ လက်ရှိအရည် အချင်း၊ အဖတ်ဆယ်မရ အောင် ဖြစ်နေသော ကိုယ်ကျင့် သိက္ခာ ပျက်စီး နေမှု များ၊ တိုင်းပြည် စီးပွား တိုးတက်လာ‌ နေမှု အား ဆယ် နှစ် ကျော် နောက်ပြန် ရစ် ပစ် ခဲ့ခြင်း များ ကြောင့် ပြန်လည် တည်ဆောက်ရေး ဆိုသည့် ကြီးမားသော တာဝန်ကြီးကို မည်သို့မျှ စွမ်းဆောင် နိုင်တော့ မည် မဟုတ်သည်ကား သေချာ‌ နေပေသည်။ 

 

ပြည်သူတိူ့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!