အီကောနော်မစ် မဂ္ဂဇင်းကြီးသည် ကမ္ဘာအနှံ့ စောင်ရေ သန်းနှင့် ချီပြီး ဖြန့်ချီနေသည့် အပြင် ကမ္ဘာ ခေါင်းဆောင်များ တလေးတစား ဖတ်ရှု နေကြပြီး အထိုက်အလျောက် ဩဇာ သက်ရောက်မှု ရှိနေသည်။ ဆောင်းပါးရေးသူ များသည် ပီအိပ်ခ်ျဒီ နှင့် မာစတာ ဘွဲ့ရများလည်း ဖြစ်၍ ၎င်းတို့ ဆောင်းပါး များကို လျစ်လျုရှု၍ မဖြစ်ဟု ယူဆခံထားရသော မဂ္ဂဇင်းကြီးလည်း ဖြစ်သည်။
The junta’s spite worsens Myanmar’s catastrophic quake ခေါင်းစဉ် ဖြင့် မတ်လ ၃၀ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်းကြီးတွင် ယခုလို ရေးသားလာခဲ့၍ ကမ္ဘာ အလယ်တွင် စစ်ကောင်စီ အတွက် အရှိုက်ထိုး ခံလိုက်ရသလို ဖြစ်သွားစေခဲ့သည်။
*********
မြန်မာ စစ်ဗိုလ်ချုပ် များသည် သဘာဝ ဘေးအန္တရာယ် ကျရောက် တိုင်း ၎င်းတို့ အကျိုး အတွက် အမြတ်ထုတ် တတ်သည့် အတော်လေး ရုပ်ပျက် ဆင်းပျက် နိုင်လှသည့် မှတ်တမ်းရှိထားခဲ့သူများ ဖြစ်သည်။
အပြင်လူများကတော့ မတ်လ ၂၈ နေ့တွင် လှုပ်ခပ်သွားသော အင်အားပြင်း ငလျင်ကြီး ကြောင့် နိုင်ငံတွင်း ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးကို ခေတ္တ ခဏ များ ရပ်တန့်သွားစေမည်လား ဟု ခပ်ရဲရဲ ပင် တွေးလာခဲ့ကြသည်။ သို့သော် ထိုအဖြေ ကို ကြာကြာ စောင့်စရာ မလို။
မတ်လ ၂၉ ရက်နေ့တွင် အမျိုးသား ညီညွတ်ရေး အစိုးရသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ် နိုင်ရန် ယာယီ အပစ်အခတ် ရပ်စဲထားမည်ဟု ကြေညာလာသည်။ စစ်တပ်ဖက်ကတော့ ထိုသို့ ကတိကဝတ်မျိုး ထွက်မလာခဲ့။ ထိုအစား ငလျင်ကြီး လှုပ်ခတ် သွား ပြီး နောက်တွင်ပင် လေကြောင်း မှ ဗုံးကြဲ တိုက်ခိုက်မှု များ တိုး၍ ပင် လုပ်လာခဲ့သည်။ ဗုံးဆံများက အုတ်ကျိုး အုတ်ပဲ့ ပုံများ အကြား အသက်ရှင်နေသူများကို ရှာဖွေ နေကြရသူ များ အနီး သို့ပင် ကျလာခဲ့သည်။
စစ်ဗိုလ်ချုပ်များသည် သဘာဝ ဘေးအန္တရာယ်များ ကြုံလာရတိုင်း ၎င်းတို့ဖက်က စစ်ရေးအသာစီးရဖို့ အမြဲလို အမြတ်ထုတ်တတ်ကြသူ များ ဖြစ်သည်။
၂၀၂၄ တွင် ရာဂီ တိုင်ဖွန်း၊ ၂၀၂၃ တွင် မိုချာ ဆိုင်ကလုံး ဒဏ် ခံခဲ့ရချိန်များ တွင် ပြည်ပမှ ပေးပို့သော အကူအညီများကို ပိတ်ဆို့ခဲ့ကြသည်။ ဗျုရိုကရေစီ ကြိုးနီ များကို ဆွဲထုတ်ပြီး လူသားချင်း စာနာ ထောက်ထားမှု ဖြင့် အကူအညီ ပေးမည့် လူများ တော်လှန်ရေး အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေ များထဲ မသွားနိုင်အောင် ဟန့်တားထားခဲ့ကြသည်။
ယခု လည်း ငလျင်ဒဏ် ခံခဲ့ရသူ များ အား ယခင်က ကဲ့သို့ စာနာစိတ် ကင်းမဲ့ စွာ လုပ်လာကြမလားဟု စိုးရိမ် ပူပန်မှု များ ကြီးထွားလာနေသည်။
တနင်္ဂနွေ နေ့ ညပိုင်းတွင် တရားဝင် ထုတ်ပြန်သော စာရင်းအရ သေဆုံးသူ ၁,၇၀၀ ရှိနေပြီး (ယခုအခါ ၂,၀၀၀ အထိ ဖြစ်လာသည်)၊ ရှေ့လျောက် သေချာပေါက် များသည်ထက် များလာဖို့ ရှိနေသည်။ ရစ်ခ်ျတာ စကေး ၇.၇ သည် ၂၀၂၃ နောက်ပိုင်း ကမ္ဘာတွင် အင်အား အပြင်းဆုံး မြေငလျင်ကြီး ဖြစ်သည်။ ၂၀၂၃ တွင် ၇.၈ ပြင်းအား ရှိ တူရကီ နှင့် ဆီရီယား ငလျင်ကြီး ကြောင့် လူပေါင်း ၅၅,၀၀၀ သေဆုံးသွားခဲ့ရသည်။ (တနှစ် အကြာတွင် အာဆတ် ပြုတ်ကျသွားခဲ့သည်)
လက်ရှိ ငလျင်၏ ဗဟိုချက်သည် စစ်ကိုင်း ဖြစ်သည်။ ထို ဒေသ သည် အာဏာသိမ်းပြီး ကတည်း က စစ်ကောင်စီ ကို အပြင်းအထန် တွန်းလှန် တိုက်ခိုက် နေသော ဒေသ လည်း ဖြစ်သည်။
ပြည်ပ တိုင်းပြည်များသည်လည်း ငလျင်ဒဏ်ခံရသည့် ဒေသများကို အကူအညီ ပေးရန် အဆင်သင့် ဖြစ်နေကြသည်။ အာဏာသိမ်း အဖွဲ့၏ အနီးကပ် မဟာမိတ် ဖြစ်သည့် တရုတ်သည် ရှာဖွေရေး နှင့် ကယ်ဆယ်ရေး အဖွဲ့ကို စေလွှတ်ခဲ့ပြီး အကူအညီ အဖြစ် ဒေါ်လာ ၁၄ သန်း ပေးရန် ကတိပြုထားခဲ့သည်။ အိန္ဒိယသည်လည်း ကျန်းမာရေး ဝန်ထမ်း ၁၀၀ ခန့် နှင့် ကယ်ဆယ်ရေး အထောက်အကူ ပစ္စည်း ၁၅ တန်ကို ပို့ပေးခဲ့သည်။
ဗြိတိန်၊ အီးယူ၊ မလေးရှား၊ ရုရှား၊ စင်္ကာပူ၊ တောင်ကိုရီယား ကူညီမည်ဟု ကတိပြုထားသည်။ နိုင်ငံခြား အကူအညီများ ဖြတ်တောက်ထားသော ဒေါ်နယ် ထရန့် အစိုးရ မှလည်း ဒေါ်လာ ၂ သန်း ပေးမည့်အပြင် USAID အဖွဲ့ကိုလည်း စေလွှတ်ခဲ့သည်။
နိုင်ငံတကာရှိ ကယ်ဆယ်ရေး လုပ်သား များ အနေဖြင့် ပျက်စီး ပြိုကျ နေသော အဆောက်အအုံများ၊ ပြတ်တောက်နေသော ဆက်သွယ်ရေး စနစ်၊ တော််လှန်ရေး အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေ များ အတွင်း ရှိ ကယ်ဆယ်ရေး လုပ်ငန်းများ အပေါ် ရန်ရှာနေမှု များ နှင့် ရင်ဆိုင်ကြရမည် ဖြစ်သည်။
ပထမဆုံး ရင်ဆိုင်ရမည့် အခက်အခဲသည် နိုင်ငံ အတွင်း လေဆိပ်များ၊ လမ်းများ၊ တံတားများ ပျက်စီးနေမှုပင် ဖြစ်သည်။ လက်ရှိ တွင် ရန်ကုန် လေဆိပ်တခုတည်းသာ နိုင်ငံတကာ ကယ်ဆယ်ရေး လေယာဉ်များ အတက်အဆင်း လုပ်နိုင်သည်။ ငလျင်ဒဏ် သင့်သည့် ဒေသများသို့ အဝင်အထွက် လုပ်နိုင်သည့် လမ်း အချို့လည်း ပိတ်နေသည်။ ငလျင်ဒဏ် အပြင်းအထန် ခံခံ့ရသည့် စစ်ကိုင်း နှင့် မန္တလေး အား ဆက်သွယ်ထားသည့် ဧရာဝတီ မြစ်ပေါ်ရှိ တံတား နှစ်စင်း ကျိုး သွားခဲ့ပြီ ဖြစ်သည်။ ဇက်များ၊ ဖယ်ရီ များ နှင့် မြစ်ကို ဖြတ်၍ သယ်ယူနေရ၍ ခရီး မတွင် ဖြစ်နေသည်။
စစ်ကိုင်းတွင် အပုပ်နံ့များက စူးစူးရှရှ ထွက်လာနေ၍ အသေအပျောက် အများဆုံး ဖြစ်မည်ဟု ခန့်မှန်းနေကြသည်။ ရပ်ကွက်တခုလုံး မြေပေါ် ပြားပြား ဝပ်သွားသော်လည်း ကယ်ဆယ်ရေး လုပ်မည့်လူ မရှိ ဖြစ်နေသည်ဟု ဆိုသည်။
ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများသည် တခါဖူးမျှ ကောင်းခဲ့ခြင်း မရှိ၍ ယခုအခါ စစ်ကြောင့် ပို၍ ဆိုးလာခဲ့သည်။ ရန်ကုန်ရှိ ဆေးရုံများသည် တနေ့ လေးနာရီသာ လျပ်စစ်မီးရသည်။ သွေးအိပ်များ၊ မေ့ဆေး များ အပါအဝင် မရှိမဖြစ် လိုအပ်သည့် ဆေးဝါးများ ပြတ်လတ်နေသည်။
တော်လှန်ရေး ပူးပေါင်းတပ်များက နိုင်ငံ တဝက်ကျော်ကို ထိန်းချုပ်ထားပြီး ဖြစ်၍ အခြေ အနေများ ပို၍ ဆိုးလာနေသည်။ စစ်အာဏာသိမ်း အဖွဲ့သည် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများရှိ ကျန်းမာရေး ဝန်ထမ်း များအားလည်း တော်လှန်ရေး ကို ထောက်ခံသည်၊ စီဒီအမ် လုပ်သည် ဆိုကာ အလုပ်ဖြုတ်ပစ်ခဲ့ကြသည်။ မန္တလေး တွင် အနည်းဆုံး ပုဂ္ဂလိက ဆေးရုံ သုံးရုံ ပိတ်ပစ်ခြင်း ခံခဲ့ရသည်။ ကျန်းမာရေး လုပ်သား တဝက်နီးပါး အလုပ်ထွက်သွားခဲ့ကြသည်။
နိုင်ငံ တဝှမ်း အတော်များများ တွင် ဆက်သွယ်ရေး ပြတ်တောက်နေ၍ ကယ်ဆယ်ရေး လုပ်ငန်း များ နှောင့်နှေးနေရသည်။ မည်မျှ အတိုင်းအတာ အထိ ထိခိုက်ပျက်စီးသွားသည်ကိုလည်း ခန့်မှန်းရ ခက်နေသည်။
စစ်အာဏာသိမ်း အဖွဲ့၏ လုပ်ရပ်ကြောင့်လည်း အခြေအနေများ ပိုဆိုးလာနေသည်။ ၎င်းတို့ ထိန်းချုပ် နိုင်ခြင်း မရှိတော့သော စစ်ကိုင်း ဒေသရှိ နေရာ အတော်များများ အပါအဝင် နိုင်ငံ အနှံ အတော်များများ အား အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့သည်။ တောင်ငူ လောက်အထိ အဆောက်အဦးများ ပြိုလဲသံကို ကြားခဲ့ရသော်လည်း အဆက်အသွယ် လုပ်၍ မရ ဖြစ်နေသည်ဟု ဆိုသည်။
နောက်ထပ် အရေးကြီးဆုံး အချက်က ကယ်ဆယ်ရေး အဖွဲ့များကို မည်မျှ အထိ သွားခွင့်ပြုမည်နည်း ဆိုသည်ပင် ဖြစ်သည်။ ယခင် အတိုင်းဆိုက စစ်ကိုင်း ဒေသ အတော်များများကို သွားခွင့် ပြုမည် မဟုတ်ပေ။ ၎င်းတို့ ထိန်းချုပ်ထားသည့် မန္တလေး နှင့် စစ်ကိုင်း တဝိုက်သာ သွားခွင့်ပြုမည့် အလားအလာ ရှိနေသည်။
မြေငလျင် ကြောင့် တော်လှန်ရေး တပ်များလည်း အလဲထိုး ခံလိုက်ရသလို ဖြစ်ခဲ့သည်။ ၎င်းတို့ အား လိုအပ်သမျှ ပံ့ပိုးပေးနေသည့် ဒေသများသည်လည်း ယခု အခါ ၎င်းတို့ ရပ်တည်နိုင်ဖို့ပင် မနည်းရုန်းကန်နေကြရပြီ ဖြစ်သည်။
အယူသီး တတ် သော စစ်ဗိုလ်ချုပ် များက သဘာဝ ဘေး များ အား ၎င်းတို့အတွက် နမိတ်ဆိုး ဟု ယူဆကြသူ များ ဖြစ်၍ ယခု ဖြစ်ပေါ်လာသော ငလျင်ကြီး ကြောင့်လည်း စိတ်များ ဂဏှာမငြိမ် ဖြစ်လာကြပေတော့မည်။
လက်ရှိတွင်တော့ တိုင်းပြည်၏ စီးပွားရေး အရင်းအမြစ်များ အားလုံးကို တင်းကျပ်စွာ ချုပ်ကိုင် ထားနိုင်ဆဲ ဖြစ်သည်။
ကယ်ဆယ်ရေး လုပ်ငန်းများတွင် တွေ့ကြုံလာရသော အခက်အခဲများ၊ အကျပ်အတည်း များ နက်ရှိုင်းလာသည် နှင့် အမျှ နိုင်ငံတကာ အနေဖြင့် ၎င်းတို့ အကူအညီ ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ ထိခိုက်ခံရသူ များ အားလုံး ထံ ရောက်အောင် ကူ ညီ သွားမည် လား ဆိုသည့် အစမ်းသပ်ခံရမှု နှင့် ရင်ဆိုင်လာရတော့မည် ဖြစ်သည်ဟု ဆောင်းပါးတွင် ရေးသားထားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!