ဂေါ်ကီ ၏ အမေ(6)

by Hla Soewai - Apr 03 2025

အမေသည် အရပ် မြင့်ပြီး ခါးအနည်းငယ် ကိုင်းနေသည်။ သူမ၏ တုတ်ခိုင် သန်စွမ်း‌ သော ခန္ဓာကိုယ်သည် နှစ်ပေါင်းများစွာ ပင်ပန်း ဆင်းရဲစွာ လုပ်ကိုင်ခဲ့ရသည့် အပြင် ယောက်ျား ဖြစ်သူ၏ အရိုက်အနှက်လည်း ခံခဲ့ရ၍ ယိုယွင်းလာနေပြီ ဖြစ်ပြီး အသံမထွက် အောင် ကိုယ်ကို ဖေါ့ကာ လမ်းလျောက် လေ့ ရှိသဖြင့် တဖက်သို့ စောင်းသလို ဖြစ်နေသည်။ ထိုသို့ လျှောက်ခြင်းသည်လည်း သူ့စိတ်ထဲတွင် တခုခု နှင့် တိုက်မိ ပြိုလဲသွားမည်ကို အမြဲလို စိုးရိမ် ထိတ်လန့် နေသော ကြောင့်လည်း ဖြစ်သည်။

 

သူမ၏ ဘဲဥပုံ သဏ္ဍန်ရှိ မျက်နှာ ဝိုင်းဝိုင်း ကြီးသည် အရေးအကြောင်းများနှင့် ဖောင်းပွနေပြီး၊ ရွာထဲရှိ အမျိုးသမီး အများစုလိုပင် အမြဲလို စိတ်သောက ရောက်‌ နေတတ်၍ လော မသိ အမေ၏ မျက်လုံးအစုံ သည် မည်းနက် တောက်ပနေတတ်သည်။

 

ညာဖက် မျက်ခုံး အထက်တွင် အမာရွတ်ကြီး တခု ရှိသည်။ ထို့အတွက်လည်း မျက်ခုံးသည် အပေါ်ဖက်သို့ အနည်းငယ် တက်နေသယောင် ဖြစ်နေသည်။ ညာဖက် နားသည်လည်း ဘယ်ဖက်ထက် မြင့်နေသလို တွေ့နေရ၍ ကြည့်လိုက်မည် ဆိုက တစုံတရာကို အထိတ်တလန့် နှင့် နားစွင့်နေသည်ဟု ထင်ရသည်။

 

အမေ၏ ထူထဲ နက်မှောင်သော ဆံပင်များကြားတွင် ဆံပင်ဖြူများကို ဟိုတကွက် ဒီတကွက် တွေ့နေရသည်။ အားလုံး ခြုံကြည့်လျင် အမေသည် နူးညံ့ပြီး အမြဲလို ညိုးညိုးငယ်ငယ် နှင့် နှိမ့်ချ ကျိုး နွံ တတ်သူ တဦး ဟု ဆိုရမည် ဖြစ်သည်။

 

အမေ၏ မျက်လုံး အိမ် မှ မျက်ရည်များ တသွင်သွင် စီးကျလာနေသည်။

 

ပါဗယ်က "မငိုပါနဲ့ အမေရာ၊ ကျွန်တော် ရေသောက်ချင်တယ်" ဟု ညင်ညင်သာသာ ပြောလိုက်သည်။

 

အမေက ထရပ်လိုက်ပြီး "အမေ ရေခဲထည့်ပြီး ယူလာခဲ့မယ်" 

 

အမေ ပြန်ရောက်လာချိန်တွင် တော့ ပါဗယ်သည် အိပ်မော ကျနေပြီ ဖြစ်သည်။ အမေသည် အသက် ဖြေးဖြေးချင်း ရှူသွင်း ရင်းက အိပ်ပျော်နေသော သား ဖြစ်သူ အား တမိနစ် ခန့် ရပ်ကြည့်‌ နေခဲ့သည်။ ရေခွက် ကိုင်ထားသော လက်သည် တုန်လာ၍ ရေခဲ တုံးများ သံဖြူ ခွက်၏ နံရံ နှင့် ထိမိ၍ အသံထွက်လာခဲ့သည်။

 

ခွက်ကို အနီးရှိ စားပွဲပေါ် ချလိုက်သည်။ နံရံ ရှိ ရုပ်ပွားတော် ရှေ့တွင် ဒူးထောက် ထိုင်ချလိုက်ရင်းက တိတ်ဆိတ်စွာ ဆုတောင်းလိုက်သည်။ အမှောင်ထု၏ အသံများ သည် အရက်မူးသမား တို့၏ အသံများ နှင့် ရောပြွမ်းကာ ပြတင်းပေါက် မှန်မှ တဆင့် တိုးဝှေ့ဝင် လာသည်။ ဆောင်းဦး၏ နှင်းမှုန်များကြား မှ အကော်ဒီယံ တီးမှုတ်သံက ပျံ့လွင့်လာပြန်သည်။

 

သီချင်းကို လျှာလေး အာလေး နှင့် ‌ကျယ်‌လောင်စွာ ဆိုနေသူများ ရှိသလို၊ အယုတ္တအနတ္တ များ တစ်တစ်ခွခွ ဆဲဆိုလာသူများလည်း ရှိသည်။ ပင်ပန်းနွမ်းနွယ်နေ၍ စိတ်တိုတို နှင့် အော်ကြီးဟစ်ကျယ် ပြောသံ ဆိုသံများလည်း လေထုထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

 

************

 

ဗလာဆော့ဗ် ၏ အိမ်ငယ်လေး တွင် နေ့တဒူ ဝ အပြောင်းအလဲ မရှိ ဆက်သွား‌နေသည်။ သို့သော် ယခင်ကထက် တော့ ငြိမ်သက်အေးချမ်းပြီး အနှောက်အယှက် ကင်းမဲ့နေသည်။ တနည်းအားဖြင့် ဆိုမူ သူတို့ နေထိုင်ရာ မြို့စွန် ရှိ အခြား အိမ်ထောင်စုများ နှင့် တမူ ကွဲပြားလာ‌နေသည်ဟု ပြောရမည် ဖြစ်သည်။

 

အိမ်ကလေးသည် ရွာ၏ အစွန် ဂုံးလျောလေး တခု ဘေးတွင် ရှိသည်၊ ထိုဂုံးလျော လေးသည် ခပ်နိမ့်နိမ့် ဖြစ်သော်လည်း မတ်စောက်ပြီး ဗွက်ထနေသည်။ အိမ်၏ သုံးပုံတပုံ ခန့်အား မီးဖိုချောင်နှင့် အမေ အိပ်သည့် အခန်းက နေရာယူထားသည်။ မီးဖိုချောင် နှင့် အမေ အိပ်သည့် နေရာကို ထရံ ကာထားသော်လည်း မျက်နှာကြက် ထိ သည် အထိတော့ မဟုတ်။

 

ကျန် သုံးပုံ နှစ်ပုံ တွင် ပြတင်းပေါက် နှစ်ပေါက် ရှိသည့် လေးထောင့် စတုရန်းပုံ အခန်း ဖွဲ့ထားသည်။ ထိုအခန်းထောင့် တွင် ပါဗယ် အိပ်သည့် ကုတင်တလုံး ရှိသည်။ ရှေ့တွင် စားပွဲတလုံး နှင့် ထိုင်ခုံရှည် နှစ်လုံး ဟိုဖက် ဒီဖက် ချထားသည်။ ထိုင်စရာခုံ အချို့၊ မှန်သေးသေး တချပ် ချိတ်ဆွဲထားသည့် မျက်နှာသစ်ခုံ၊ အဝတ်အစားများ ထည့်သည့် သေတ္တာတလုံး၊ နံရံကပ် နာရီ တလုံး၊ ဆင်းတုတော် နှစ်ဆူ၊ ဤသည်ကား အိမ်ထဲရှိသမျှ အသုံးအဆောင် ပစ္စည်းများပင် ဖြစ်သည်။

 

ပါဗယ်သည်လည်း ရွာထဲရှိ လူများကဲ့သို့ပင် နေရန် ကြိုးစားခဲ့သည်။ လူငယ် တယောက် လုပ်သင့်သည် မှန်သမျှ အကုန်လုပ်သည်။ အကော်ဒီယံ တလက်ပင် ဝယ်ခဲ့သေးသည်၊ ရှပ်အင်္ကျီ ဆိုလည်း မီးကြွေ တိုက်ပြီးမှ ဝတ်သည်။ အရောင်တောက်တောက် နက်ကတိုင်၊ ရှူး ဖိနပ်ကိုပင် ညစ်ပတ်မည်စိုး၍ အပေါ်မှ အစွပ် တထပ် စွတ် ပြီး မှ စီးသည်။ လမ်းလျောက် တုတ်ကောက်ကိုပင် သုံးလာသည်။

 

အပြင်ပန်း ကြည့်လျင်တော့ သူသည် အခြား ရွယ်တူ လေးများ နှင့် မခြားပေ။ ညနေခင်း ပါတီပွဲ များ တက်သည်။ စတုရန်း ပုံစံ ဖြင့် စုံတွဲ လေးတွဲ ကရသည့် အက မျိုးကိုလည်း ကတတ်အောင် သင်သည်။ ပိုကာလည်း ဆွဲတတ်လာသည်။ အလုပ်ပိတ် ရက်များ တွင် အိမ်ကို မူးပြီး ပြန်လာသည်။ အမြဲလို အရက်မူးသည့် ဒဏ်ကို အလူးအလဲ ခံရသည်။ မနက် အိပ်ယာထ လျင် ခေါင်းက အလွန်အမင်း ကိုက်ခဲနေပြီး ရင်ထဲတွင်လည်း ပူလောင်နေသည်။ မျက်နှာလည်း ဖြူယော်ယော် နှင့် ထုံကျင်နေသည်။

 

အမေ သည် တခါက သူ့အား ယခုလို မေးလာခဲ့သည်။

 

"သား မနေက ပျော်ခဲ့ရဲ့လား"

 

သူ က စိတ်ပျက်လက်ပျက် နှင့် ခပ် ဆပ်ဆပ် ပြန်ဖြေခဲ့သည်။

 

"သင်္ချိုင်းကုန်း ရောက်သွားသလို ပါပဲဗျာ၊ သာသာယာယာ မရှိပါဘူး၊ လူတွေအားလုံး စက် တွေ လိုပဲ၊ ငါးပဲ သွား မျှား ရင် ကောင်းမလား၊ သေနတ် တလက် ပဲ ဝယ်ရင် ကောင်းမလားဘဲ။

 

ပါဗယ်သည် စကား နည်း ပြီး အလုပ်ကို မနေမနားကျိုးကျိုးနွံနွံ လုပ်ခဲ့သူ တဦးလည်း ဖြစ်၍ အလုပ်ထဲတွင် ပြဿနာ ထွေထွေထူးထူး မရှိခဲ့၊ မျက်လုံးများက ပြာလဲ့လဲ့ နှင့် မိခင်လိုပင် ဝိုင်းစက်ကြီးမားသည်။

 

သူပြောသလို ငါးလည်း သွားမမျှား၊ သေနတ်လည်း ဝယ်ခဲ့ခြင်း မရှိသော်ငြားလည်း တဖြေးဖြေး နှင့် လူတိုင်း လျှောက်နေသည့် လမ်းကို မလိုက်တော့ဘဲ ရှောင်ရှားစ ပြုလာသည်။ ပါတီပွဲ များကိုလည်း တခါတရံ မှသာ သွားတော့သည်။ အလုပ်ပိတ်ရက်များ တွင် အပြင်သို့ သွားသွားလာလာ ရှိသော်ငြားလည်း ပြန်လာလျင်တော့ အရင်လို မူးရူး လာခြင်းမျိုး မရှိတော့။၊

 

အမေသည် သူ့အား မသိမသာ နှင့် အနီးကပ် စောင့်ကြည့် နေသည်။ သားဖြစ်သူ၏ ကြေးနီရောင် သန်းနေသော မျက် နှာ သည် တနေ့တခြား လေးနက်သည်ထက် လေးနက်လာနေသည်ကို သတိပြုမိလာခဲ့သည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားပုံကလည်း တမူ ထူးခြားနေပြန်သည်။ မျက်နှာတွင် တင်းမာသည့် အရိပ်အယောင် များ လွှမ်းနေသလို ထင်ရ၍ တစုံတရာ ကို အမြဲလို ဒေါသ ထွက်နေသလို မျိုး ဖြစ်နေသည်။

 

အစပိုင်းတွင်တော့ ‌အပေါင်းအသင်း များ က သူ့ဆီ ရောက်လာတတ်သော်လည်း အိမ်တွင် တခါဖူး မျှ ကပ်သည် ဟူ၍ မရှိသဖြင့် နောက်ပိုင်း မည်သူမျှ မလာကြတော့။

 

အမေကတော့ သားဖြစ်သူ သည် စက်ရုံက အခြား ကောင်လေး များ နှင့် မတူဘဲ တမူထူးခြားလာနေသည်ကို တွေ့လာရ၍ ဝမ်းသာနေရှာသည်။ သို့သော် သားဖြစ်သူ သည် ပုံမှန် အနေအထား မှ လမ်းခွဲပြီး ဘယ်လည်း မလျောက် ညာလည်း မလျောက် ခေါင်းမာမာ ဖြင့် သူ့ကိုယ်သူ လူသိမခံလိုသည့် အထီးကျန် ဘဝ မျိုး ဖြင့် စေစားသွားတော့ မည်လားဟု စိုးရိမ် ကြောင့်ကြ စိတ်များ ဝင်လာ ပြန်သည်။

 

ပါဗယ်သည် အိမ်ပြန်လာလျင် သူနှင့် အတူ စာအုပ်များ ပါလာတတ်သည်။ ပထမတော့ သူ စာဖတ်နေသည်ကို သတိထားမိခြင်း မခံရအောင် ကြိုးစားခဲ့သေးသည်၊ ဖတ်လို့ ပြီးသွားလျင်လည်း စာအုပ်ကို ဝှက်ထားတတ်သည်။ တခါတရံ တွင် စာအုပ်ထဲပါ စာပိုဒ် အချို့ကို စာရွက် အလွတ် တခုပေါ်တွင် ကူးရေးတတ်သည်။ ပြီးလျင် ဝှက်ထား တတ်ပြန်သည်။

 

"သား နေမှ ကောင်းရဲ့လားကွယ်" အမေက မေးလာခဲ့သည်။

 

"ကျွန်တော် နေကောင်းပါတယ် အမေ"

 

"သား ကြည့်ရတာ ပိန်သွားသလိုပဲ" အမေက သက်ပြင်းချရင်း ပြောလိုက်သည်။

 

ထို့နောက် သူတို့ သားအမိ အကြား ရှေ့ဆက် ပြောစရာ စကား မရှိတော့သည့် အလား တိတ်ဆိတ်သွားတော့သည်။