သောကြာနေ့က ပြင်းအား ၇.၇ ရှိ မြေငလျင်ကြီး လှုပ်ခတ် ခဲ့အပြီး တွင် ရွေးချယ်စရာ နည်းလမ်း နှစ်ခုသာ ရှိတော့သည်ဟု Bloomberg အယ်ဒီတာ က ယခုလို ရေးသားလာသည်။
ပြီးခဲ့သည့် ၁၇ နှစ် လူပေါင်း ၁၄၀,၀၀၀ သေဆုံးခဲ့သည့် နာဂစ် ဆိုင်ကလုံး ကကဲ့ သို့ နိုင်ငံတကာ အကူ အညီများ ငြင်းပယ်ခဲ့သည့် အမှား မျိုး ထပ်၍ ကျုးလွန် မည်လော၊ သို့တည်းမဟုတ် အရေး ပေါ် အကူ အညီ များ လွတ်လပ်စွာ စီးမျောခွင့် ပြုမည်လော ဆိုသည်ပင် ဖြစ်သည်။
ထိုစဉ်က စစ်အစိုးရသည် တိုင်းပြည်အား ကမ္ဘာ နှင့် အဆက်ဖြတ် ထားစေရန် ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်း များ သယ်ဆောင်လာသော ပြည်ပမှ သင်္ဘောများ၊ လေယာဉ် များကို ဝင်ခွင့် မပေးဘဲ ပိတ်ဆို့ခဲ့ကြသည်။ ထို့ပြင် လွန်စွာ အရေးကြီးလှသည့် ပထမ ပတ် အတွင်း မှာပင် ကယ်ဆယ်ရေး ဝန်ထမ်းများကို ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးဖို့ ရှိသည်ကို နှောင့်နှေး အောင် လုပ်ခဲ့ကြသည်။
ယခုတကြိမ်တွင်တော့ ထိုလမ်းကြောင်းကို လိုက်၍ မဖြစ်တော့။ အမေရိကန် ဘူမိဗေဒ တိုင်းတာရေး အဖွဲ့ ကြီး၏ ပုံစံ ထုတ်ထားချက်အရ အနည်းဆုံး လူပေါင်း ၁၀,၀၀၀ အထိ သေဆုံးနိုင်သည်ဟု ခန့်မှန်းထားသည်။ စီးပွားရေး ဖက်တွင် ဆုံးရှူံး မှု များကတော့ တနိုင်ငံလုံး၏ ပြည်တွင်း ထုတ်ကုန် စုစုပေါင်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
ယခု အချိန်အထိတော့ စစ်ခေါင်းဆောင်များက အကူအညီ အချို့ကို လက်ခံနေသည်။ သို့သော် တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ဒေသများ အထိ ရောက်မရောက်ကိုမူ စောင့်ကြည့်ရဦးမည် ဖြစ်သည်။ အင်တာနက်ကို ဆိုးဆိုးရွားရွား ကန့်သတ်ထားမှု ကြောင့် စစ်တပ် ထုတ်ပြန်နေသည့် တရားဝင် အသေအပျောက် နှုန်း ၂,၀၅၆ (ယခု ၂,၇၁၉)၊ ဒဏ်ရာရ ၃,၉၀၀ (ယခု ၄,၅၂၁) ထက် မည်မျှ အထိ ကျော်လွန်နေသည်ကို မသိရ ဖြစ်နေသည်။
နိုင်ငံသည် ပြည်တွင်းစစ်ကြီး ဖြစ်ပွားနေပြီး စစ်ကောင်စီ သည် နိုင်ငံ၏ လေးပုံ တပုံ ခန့်သာ ထိန်းချုပ် နိုင်တော့၍လည်း ကယ်ဆယ် ရေး နှင့် ထောက်ပံ့ရေး လုပ်ငန်းများ ရှုပ်ထွေးလာရသည်။
အိန္ဒိယ သည် မိုဘိုင်း စစ်ဆေးရုံ တခုကို လေကြောင်းမှ သယ်ဆောင်လာပြီး ဆေးဝန်ထမ်းများ နှင့် တန် ပေါင်းများစွာ ရှိသည့် ကယ်ဆယ်ရေး နှင့် ထောက်ပံ့ရေး ပစ္စည်းများ တင်ပို့ ပေးခဲ့သည်။ အလားတူ တရုတ်၊ ရုရှား၊ အစ္စရေး၊ ဗြိတိန် တို့ကလည်း ကူညီပံ့ပိုးပေးလာသည်၊ အာဆီယံ မှ အင်ဒိုနီရှား၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်တို့ မှ ကယ်ဆယ်ရေး အဖွဲ့များလည်း ရောက်ရှိလာကြသည်။ အမေရိကန် မှ အကူ အညီများသည် ယခင်က USAID ကို ဖြတ်တောက်ထား၍ နှောင့်နှေး နေရသည်။
စစ်ခေါင်းဆောင်များက ယခုလို နိုင်ငံတကာ အကူအညီများ လက်ခံလာခြင်းသည် အရေးပါသော ခြေလှမ်း လှမ်းလာခဲ့ခြင်းဖြစ်၍ ယခုထက် မက တံခါး ပို ဖွင့်လာရန် နိုင်ငံတကာ အနေဖြင့် ကြိုးပမ်းရမည် ဖြစ်သည်။ ထို့အပြင် ပေးလာသည့် အကူ အညီ များကိုလည်း ၎င်းတို့ အကျိုး အတွက် အမြတ်ထုတ် မလာစေရန်လည်း ဟန့်တားရမည် ဖြစ်သည်။
၂၀၀၈ တွင် နာဂစ် ဆိုင်ကလုံး ကြောင့် ပြည်ပ အကူ အညီ များ နောက်ဆုံးတွင် လက်ခံလာရာခဲ့ရာမှ တဖြေးဖြေး နှင့် တံခါး ပွင့်လာပြီး နောက်ဆုံး ၂၀၁၅ တွင် ဒီမိုကရေစီ အင်အားစုများ ရွေးကောက်ပွဲတွင် အောင်ပွဲ ခံနိုင်သည့် အထိ ဖြစ်လာခဲ့သည်။
စစ်ကောင်စီ အား တိုက်ခိုက်နေသော တော်လှန်ရေး အဖွဲ့များသည် ယခုအခါ တရုတ် ၏ ရင်းနှီးမြုပ်နှံထားသည့် အခြေခံ အဆောက်အအုံ ပိုင်းများ၊ အိန္ဒိယ ရှိ မဏိပူရ မှ ထိုင်း နိုင်ငံ မဲဆောက် မြို အထိ ဖောက်လုပ်မည့် ကီလိုမီတာ ၁,၄၀၀ ရှည်လျားသော အဝေးပြေးလမ်းမကြီး၏ အစိတ်အပိုင်း အတော်များများ အပါအဝင် နယ်မြေ များ ထု နှင့် ထယ် နှင့် ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရ မှ နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေး စတင်လာသောလည်း စစ်ကောင်စီ ဖက်မှ ထိုသို့လုပ်မည့် အနေအထားမျိုး မတွေ့ရပေ။ ၎င်းတို့၏ တိုက်လေယာဉ်များက ငလျင်ဒဏ် သင့် ဒေသများကိုပင် ဗုံးကြဲ တိုက်ခိုက်နေကြဆဲ ဖြစ်သည်။ ကသောင်းကနင်း ဖြစ်နေမှု ကို အခွင့် ကောင်းယူကာ နယ်မြေများ ပြန်လည် ရရှိနိုင်ရန် လုံးပမ်းနေပုံ ရှိသည်။
တနင်္ဂနွေနေ့တွင် နောက်ဆက်တွဲ အဖြစ် ပြင်းအား ၅.၅ ရှိ ငလျင်သည် ထပ်မံ လှုပ်ခတ်သွားပြန်သည်။ လက်ရှိတွင် လူ သန်းပေါင်း ၂၀ ခန့် ထိခိုက်နေပြီ ဖြစ်၍ မြန်မာ အရေး အတွက် ကုလသမဂ္ဂ နှင့် အတူ တရုတ်၊ အိန္ဒိယ၊ ထိုင်း တို့ အရေးပါသော အခန်းမှ ပါဝင်ရန် လိုအပ်လာပြီ ဖြစ်သည်။ အီးယူ၊ ဗြိတိန်၊ ဩစတေးလျှ၊ နယူးဇီလန် တို့ မှ အကူအညီများ ပေးမည်ဟု ကြေညာလာသည်၊ အဓိက ပြဿနာက ထို အကူအညီများကို မည်သို့မည်ပုံ ဖြန့်ဖြူးပေးမည် နည်းနှင့် အလှုရှင် နိုင်ငံများ၏ ဖိအားဖြင့် အာဏာသိမ်း အဖွဲ့အား ၎င်းတို့၏ လေးနှစ်ကြာ စစ်ပွဲကို အဆုံးသတ်ရန် နားချ နိုင်မည်လော ဆိုသည်ပင် ဖြစ်သည်။
အထူးသဖြင့် ဘီဂျင်းသည် ၎င်းတို့ နယ်ခြားတွင် မကြာသေးမီက ဗြောင်းဆန်ခဲ့သည်များ အပေါ် နှစ်မြို့ခြင်း မရှိ၊ ကြားဝင်ပေးထားသော အပစ်အခတ် ရပ်စဲရေးသည် မည်မျှအထိ ကြာရှည်ခံမည်နည်း က ရှင်းရှင်းလင်းလင်း မပြောနိုင် ဖြစ်နေသည်။
စစ်ကောင်စီကို ပံ့ပိုးပေးနေမည့်အစား နိုင်ငံ အနှံ့အပြား တည်ငြိမ်လာပြီး ၎င်းတို့ ရင်းနှီးမြုပ်နှံမှု များ ကာကွယ်ရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထောက်ခံသင့်သည်။ ယူကရိန်း နှင့် အခြားဒေသများတွင် ကမ္ဘာငြိမ်းချမ်းရေး ဗိသုကာ ကြီး အဖြစ် ရည်မှန်းချက် ထားခဲ့သလို မြန်မာတွင်လည်း အလားတူ ပြုလုပ်သင့်သည်။
စစ်တပ်သည် လွတ်လပ်ရေး ရပြီးချိန်ကစ၍ စစ်မျက်နှာ ပေါင်းစုံ ဖွင့်၍ တောက်လျောက်တိုက်ခိုက်လာခဲ့သည်။ ယခု မြေငလျင်ကြီးသည် လူသား တို့ ရင်ဆိုင်နေရသော အကျပ်အတည်းကို ပို၍ ဆိုးဝါးလာအောင် တူးဆွပေးတော့မည် ဖြစ်သည်။ ငလျင်ကြီး မတိုင်မီကပင် လူဦးရေ၏ သုံးပုံ တပုံသည် လူသားချင်း စာနာထောက်ထားစွာ ပေးရမည့် အကူအညီများ လိုအပ်နေသည်။ ပြည်တွင်းစစ်ကြောင့် ၃.၅ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေး နေကြရပြီး ယခု ငလျင်ဒဏ်ကြောင့် ၁.၆ သန်း ထိခိုက်သွားခဲ့ရသည်။
၂၀၀၄ ဆူနာမီ အပြီး တနှစ်အကြာ အင်ဒိုနီရှား ရှိ အာချေ့ ဒေသ သည် ငြိမ်းချမ်းရေး ရရှိလာခဲ့သည်။
နာဂစ် နှင့် ဆူနာမီသည် လမ်းပြမြေပုံ ဖြစ်လာခဲ့၍ မြန်မာ နှင့် ၎င်းတို့အား ထောက်ခံနေသူများ အသုံးပြု သင့်ပြီ ဖြစ်သည်ဟု ရေးသားခဲ့သည်။
လန်ဒန် အင်ဒီပင်းဒင့် သတင်းစာကြီးမှ မြန်မာအား ရက်စက်ကြမ်းကြုတ်လှသည့် စစ်ခေါင်းဆောင်များ လက်မှ ကယ်တင်ရန် အချိန်ကျပြီဟု နှိုးဆော်လာခဲ့သည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှ စစ်ဗိုလ်ချုပ်များက လက်တဖက် နှင့် ငွေတောင်းပြီး ကျန်တဖက်နှင့် ဗုံးကြဲ နေလို့ မရဟု ကြေညာချက် ထုတ်လာသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!