မဟာမိတ် အဖွဲ့ဝင်များ အကြား အင်အားကြီးသူ၊ သေးသူ ဟူ၍ တန်းတူညီမျှ မရှိမှု သည် တင်းမာမှု များ ရှိလာခြင်း၏ အကြောင်းရင်း ဖြစ်လာသည်။ "ဝန်ထုပ်ဝန်ပိုး ကို အတူတူ ထမ်းရွက်ရခြင်း" သည် မည်သို့မျှ ညီမျှ မှု မရှိနိုင်ပေ။ ဤသည်က အဖွဲ့ဝင် နိုင်ငံ တနိုင်ငံချင်းစီ၏ စစ်ရေး နှင့် စီးပွားရေး အနေအထား များ တူညီချင်း မရှိသည့် အဖြစ်ကြောင့် သာမက ထိုနိုင်ငံများ၏ ပြည်တွင်းရေး မူဝါဒ ကြောင့်လည်း ထည့်ဝင်နိုင်သည့် အတိုင်းအတာ ကို ကန့်သတ် ခံခဲ့ရသည်။
အမေရိကန် မှ အဖွဲ့ဝင် ဥရောပ နိုင်ငံ အများစုသည် သဘောတူထားသည့် ကာကွယ်ရေး အသုံးစရိတ် ကို အနည်းဆုံး GDP ၏ နှစ်ရာခိုင်နှုန်း ရှိရမည် ဆိုသည်ကို မလိုက်နာခဲ့၍ စိတ်ပျက်လက်ပျက် နှင့် မကြာခဏ အပြစ်တင် ပြောဆိုခဲ့သည်။
ထိုသို့ တွက်ချက်မှု များထက် ပိုအရေးကြီးသည်က ငွေကို မည်သို့မည်ပုံ သုံးစွဲသည် နှင့် မဟာမိတ် ဖွဲ့ခြင်းမှ ရရှိသော အကျိုးကျေးဇူး များသည် ကုန်ကျစရိတ်ထက် သာလွန်ခြင်း ရှိမရှိ ပင် ဖြစ်သည်။ အမေရိကန် ၏ အာရှ အတွက် အကုန်အကျ ခံထားမှု သည် တဖက်စောင်းနင်း ဖြစ်နေသည် ကိုလည်း သိရှိထားကြသည်။
မဟာမိတ် ဆိုသည်က အကျိုး နှင့် အကြောင်းနှင့် ဖွဲ့စည်းလာခြင်း ဖြစ်သည်။ ထိုသို့ ဖွဲ့စည်း ဖြစ်လာသည့် အခြေအနေ တစုံတရာ ပြောင်းလဲသွားပါက မဟာမိတ် အဖွဲ့သည် မှေး မှိန်သွားခြင်း သို့တည်းမဟုတ် ကွယ်ပျောက်သွားခြင်း မျိုးလည်း ဖြစ်လာ နိုင်သည်။
ဤနေရာ တွင် ရွေးချယ်စရာ အများအပြား ရှိလာသည်။ မဟာမိတ် အဖွဲ့သည် အောင်မြင်မှု များ ရလာသည်နှင့် အမျှ သူ့အလိုလို ရပ်ဆိုင်းသွားနိုင်သည်။ ပထမ နှင့် ဒုတိယ ကမ္ဘာစစ်ကြီး နှစ်စစ် အပြီးတွင် အောင်ပွဲရ လာသည့် မဟာမိတ် အဖွဲ့များ ရပ်ဆိုင်းသွားသည်ကို တွေ့နိုင်သည်။
အရေးနိမ့်သွားသည့် အခါမျိုး တွင်လည်း မဟာမိတ် အဖွဲ့သည် ပျောက်ကွယ်သွား နိုင်သည်။ အနိုင်ရသည့် ဖက်က ထိုသို့ ဖွဲ့စည်းထားခြင်းကို ဆက်၍ ခွင့်မပြု တော့ဘဲ ဖျက်သိမ်းပစ်လိုက်ခြင်း သို့မဟုတ်က အဖွဲ့ဝင် နိုင်ငံများ၏ ဆန္ဒ ဖြင့်လည်း ဖျက်သိမ်းပစ် နိုင်သည်။ ဂျာမဏီ၊ အီတလီ နှင့် ဂျပန် ဝင်ရိုးတန်း သုံးနိုင်ငံ ဟု ဖွဲ့စည်းလာသည့် မဟာမိတ် အဖွဲ့၊ စစ်အေး တိုက်ပွဲဖြင့် အဆုံးသတ် သွားစေခဲ့သည့် ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲ အပြီး ဝါဆော စာချုပ် အစရှိသည် တို့ ဖျက်သိမ်းခဲ့သည်ကို တွေ့နိုင်ပေသည်။
အခက်အခဲ များကို ကျော်လွှားနိုင်ပြီး အောင်မြင်မှု များ ရလာခဲ့သည် မဟာမိတ် အဖွဲ့တွင်လည်း နောက်ထပ် ရွေးချယ်စရာ များ ရှိနေသည်။ ဆက်၍ ရှိနေမည်လား၊ လက်ရှိ ရည်ရွယ်ထားသည့် အတိုင်းအတာ ကို လျော့ချ မည်လော၊ ရှေ့ဆက် လုပ်ရန် ပြင်ဆင်ကြမည်လော ဆိုသည်ပင် ဖြစ်သည်။
နောက်ထပ် ရွေးချယ်စရာ တခုက အသစ် အသစ် သော ပုံစံ တမျိုး မျိုး ရှာဖွေပြီး ဆက်လက် ရပ်တည်သွားမည်လော ဟူ၍ ဖြစ်သည်။ အကယ်၍ မဟာမိတ် အဖွဲ့သည် ပထဝီ အနေအထားကို မူတည်၍ ဖွဲ့စည်းထားခဲ့လျင် ထိုသို့ ကန့်သတ်ထားမှု ကို ဖယ်ရှားပြီး တက်ကြွစွာ လှုပ်ရှားနိုင်မည့် နေရာသစ် ကို ရှာဖွေရမည် ဖြစ်သည်။
ဥပမာ အားဖြင့် စစ်အေးတိုက်ပွဲ အပြီးတွင် နေတိုး အဖွဲ့ကြီးသည် ဆက်၍ ရပ်တည်သွားဖို့ ဆုံးဖြတ်ခဲ့သည် သာ မက အဖွဲ့ဝင် အဖြစ် နိုင်ငံများကို တိုးချဲ့ လက်ခံလာခဲ့သည်။ ၎င်းတို့ မူလ ကာကွယ်ရန် ဖွဲ့စည်းထားသည့် နယ်ပယ်ဒေသများကို ပင် ကျော်လွန်၍ တက်ကြွစွာ လှုပ်ရှားလာခဲ့သည်။
မဟာမိတ်ပုံစံ မျိုး မဟုတ်ပဲ အခြား နည်းလမ်း တမျိုးမျိုး ဖြင့် စုစည်းလာမှု များလည်း ရှိသည်။ ဥပမာ အားဖြင့် unilateralism ခေါ် တဦးတည်း လှုပ်ရှားခြင်း၊ အကျိုးတူ ပူးပေါင်းလိုသည့် နိုင်ငံများ စုစည်းခြင်း မျိုး တို့ ဖြစ်သည်။ ယင်းသည် အလွတ်သဘော မ တည် ပျိုးထောင်လာခြင်းမျိုး ဖြစ်သည်။ အကြောင်းအရာ တရပ်တည်းကို အဓိက ထား ဦးတည် ဖွဲ့စည်းလာခြင်း မျိုး ဖြစ်သည်။
နောက်ထပ် နည်းလမ်းတခုသည်ကား နိုင်ငံတကာ သို့မဟုတ် ဒေသဆိုင်ရာ အဖွဲ့အစည်း တခုခုကို ဖွဲ့စည်းလာခြင်း မျိုး ဖြစ်သည်။ ထိုသို့သော ချဉ်းကပ်မှု မျိုးသည် အားပျော့ပြီး အဖွဲ့ကြီး လေ နိုင်ငံများလေ ဖြစ်ပြီး ကွဲပြားသော အမြင်များ ရှိလာ၍ ထိရောက်မှု မရှိ ဖြစ်လာသည်။ အချို့ နေရာများ တွင် အဖွဲ့ဝင် နိုင်ငံ အားလုံး၏ ဆန္ဒ သဘောထား တထပ်တည်း တူညီမှသာ ဆောင်ရွက်ရမည် ဟူသော ကြိုတင် စည်းကမ်းချက်မျိုး ပင် ချမှတ်လာသည်။
ဤသည်ကပင် ကုလသမဂ္ဂ အပါအဝင် အချို့သော ဒေသဆိုင်ရာ အဖွဲ့အစည်းများ သည် စိတ်ပျက်စရာ ဖြစ်လာခဲ့ရခြင်းပင် ဖြစ်သည်။ ထိုသို့သော အဖွဲ့အစည်း များသည် စုပေါင်း ဆောင်ရွက်မှု multilateralism သဘောမျိုး သာ ဖြစ်၍ ယင်းကို နေရာ အနှံ့တွင် မိမိတို့ရှိ ဩဇာ အာဏာ ဖြန့်ကျက် ကျင့်သုံးလာသည့် multipolarity နှင့် မရောထွေးသင့်ပေ။
နောက်ဆုံး အချက် အနေဖြင့် သတိထားရမည်က "alliance" နှင့် 'ally" အသုံးအနှုံးကို ရောထွေး မသွားရန် ဖြစ်သည်။ အဓိပ္ပါယ် အားဖြင့် ဆက်စပ်မှု ရှိသော်လည်း alliance သည် အခြေခံအားဖြင့် တူညီသော လုံခြုံရေး ကတိကဝတ်များ ရှိနေသည့် နိုင်ငံများ ဖြစ်ပြီး ally ဆိုသည်က တဦးကို ထိလျင် တဦးက ဝင်ရောက်ကာကွယ်ပေးမည့် နိုင်ငံမျိုးကို ရည်ညွှန်း ခြင်း ဖြစ်သည်။