ဟစ်တလာ ၏ ဂျာမန် ဒီမိုကရေစီ ကို ၅၃ ရက် နှင့် ဖုတ်ကြည်း မီးသင်္ဂြိုလ်ခဲ့ခဲ့ ပုံ (၂)

by Hla Soewai - Apr 03 2025

ဟစ်တလာက ၎င်းအား အဓိပတိ အဖြစ် ရွေးချယ်ခံရခြင်းကို ဂျာမန် ပြည်သူ တရပ်လုံးက "အားရဝမ်းသာ" ကြိုဆို နေကြပြီ ဖြစ်ကြောင်း နှင့် အစည်းအဝေးကို စတင်လိုက်ပြီး နောက်ပိုင်းတွင် အဓိက ကျသော အစိုးရ ဌာနများ မှ အရာရှိ ကြီးများ ကို ဖယ်ရှားပြီး ၎င်းအပေါ် သစ္စာရှိသူ များ နှင့် အစားထိုးမည့် အကြောင်း ချပြခဲ့သည်။

 

ထိုသို့ ပြောပြီးသည်နှင့် ၎င်းအဓိက ပြောလိုသည့် Empowering Law ကို ပြဋ္ဌာန်း ပြီးပါက သူ့ အတွက် လေးနှစ်ခန့် အချိန် ရမည်ဟုဆိုကာ အကြမ်းရေးဆွဲထားပြီးသော ဥပဒေပါ အပိုဒ် များအား ကိုးကားပြီး ပြောလာသည်။ သို့မှသာ ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း စီးပွားရေး နာလံထူရန်၊ အလုပ်လက်မဲ့ နှုန်း လျော့ချပေးရန်၊ စစ်ရေး အသုံးစရိတ် တိုးမြှင့်ရန်၊ ချုပ်ဆ်ိုထား‌ သော နိုင်ငံတကာ စာချုပ်များ မှ နှုတ်ထွက်ရန်၊ မိမိတို့ လူမျိုးများ၏ သွေးကို အဆိပ်အတောက် ဖြစ်စေသည့် နိုင်ငံခြားသားများကို သန့်စင်ပစ်ရန်၊ နိုင်ငံရေး အတိုက်အခံများကို အတိအကျ လက်စား ချေနိုင်ရန် အစရှိသည့် ပေးထားသော ကတိများကို အကောင်အထည် ဖေါ်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။ ဟစ်တလာသည် မဲဆွယ်ပွဲ တခု တွင် အားလုံး ခေါင်းတွေ ပြုတ်ကုန်စေရမယ် ဟုပင် ကြုံးဝါးခဲ့ဖူးသည်။

 

သို့သော် ဆိုရှယ် ဒီမိုကရက်များ နှင့် ကွန်မြူနစ်များ က လွှတ်‌ ‌တော်တွင် ၂၂၁ နေရာ ရထား၍ အမတ်ဦးရေ စုစုပေါင်း၏ ၃၈ ရာနှုန်းကို ထိန်းချုပ်ထားသည်။ ထို့အတွက် ဟစ်တလာ လိုအပ်နေသည့် သုံးပုံ နှစ်ပုံသော မဲအရည်အတွက်သည် အဘယ်သို့များ ရနိုင် ပေအံ့နည်း။

 

ဟစ်တလာက အကယ်၍ ကွန်မြူနစ် ပါတီ ကို ပိတ်ပင်ပြီး မဲပေးခွင့် ဖျက်သိမ်းပစ်လိုက်မည် ဆိုလျှင်တော့ ရိုက်ခ်ျ စတက် လွှတ်တော်မှာ လူများစု ဖြစ်လာနိုင်သည်ဟု အဆိုပြုလာခဲ့သည်။

 

ဟစ်တလာက လောလောဆယ် ပြဿနာသည် ဂျာမန် ကွန်မြူနစ် ၆ သန်းခန့်မှ သပိတ်မှောက်ရန် ပြင်ဆင်နေ၍ တိုင်းပြည် စီးပွားရေး ပြိုလဲမည့် အန္တရာယ် ရှိနေခြင်း ဖြစ်သည်ဟု ဆက်ပြောလာခဲ့သည်။ ဖြေရှင်းရန် နည်းလမ်း အဖြစ် ရိုက်ခ်ျစတက် တွင် ၎င်းတို့ လူများစု ဖြစ်လာရန် ရွေးကောက်ပွဲ အသစ် ထပ်လုပ်ရန်သာ ရှိ‌ တော့သည် ဟု ဆိုသည်။

 

"တိုင်းပြည် စီးပွားရေး ကို ဒီထက်ပိုပြီး အန္တရာယ် ပေးနိုင်တာ ဘာရှိသေးလဲ" ဟု လည်း မေးခွန်းထုတ်လာသည်။ ရွေးကောက်ပွဲ အသစ် လုပ်ရင် ‌မရေရာ မသေချာ မှု တွေ၊ စိုးရိမ်မကင်းစရာ ‌တွေ ရှိတာကို လက်ခံမလား၊ အထွေထွေ သပိတ်ကြီး ဖြစ်လာတာကို ရင်ဆိုင်ကြမလား ဟု ပြောပြီး ရွေးကောက်ပွဲ နောက်တကြိမ် ထပ်လုပ်ခြင်းသည်သာ စိတ်အချရဆုံး ဖြစ်သည်ဟု ပြောလာခဲ့သည်။

 

,ဟစ်တလာ၏ အကြံအစည်ကို စီးပွားရေး ဝန်ကြီး အယ်ဖရက် ဟူဂင်ဘတ်ခ် က သဘောမတူ၊ ၎င်းက ရိုက်ခ်ျတက် တွင် သုံးပုံ နှစ်ပုံ အမတ်နေရာ ရဖို့ ဆိုသည်က ကွန်မြူနစ် ပါတီကို ဖျက်သိမ်းပစ်ခြင်းမှ လွဲ၍ အခြားနည်းလမ်း မရှိဟု ငြင်းချက်ထုတ်လာသည်။ ထိုသို့ပြောရသည် မှာလည်း ရွေးကောက်ပွဲ အသစ် ထပ်လုပ်လျှင် ၎င်း၏ အကျိုးစီးပွားများ ထိခိုက်လာမည်ကို သိနေသော ကြောင့် ဖြစ်သည်။

 

ပြီးခဲ့သည့် ရွေးကောက်ပွဲ တွင် ဟူဂင်ဘတ်ခ် ၏ ဂျာမန် အမျိုးသားရေး ပါတီ သည် ဟစ်တလာ၏ အမျိုးသား ဆိုရှယ်လစ် ပါတီမှ အမတ် နေရာ ၁၄ နေရာကိုသာ ဖဲ့ထုတ်နိုင်ခဲ့သည်။ ထို့အတွက် ဟူဂင်ဘတ်ခ် သည် ဟစ်တလာ၏ ညွှန်ပေါင်း အစိုးရ အဖွဲ့တွင် မည်သို့မျှ လက်လွှတ်၍ မရသော ပါတနာ ဖြစ်လာခဲ့သည်။ ရွေးကောက်ပွဲ အသစ် ထပ်လုပ်ပါက အမတ်‌ နေရာ ထိုမျှလောက်ပင် မရခဲ့လျှင် ၎င်း၏ အရေးပါမှုသည် ယုတ်လျော့သွားနိုင်ပေသည်။

 

ဟစ်တလာက စစ်တပ်ကို သုံး၍ လူထု အုံကြွလာမှု ကို နှိမ်နှင်း၍ ဖြစ်ပါမည်လော ဟု ပြောလာပြန်သည်။ ကာကွယ်ရေး ဝန်ကြီး ဝါနာ ဗွန် ဘလွန်းဘတ်ခ် က ဟစ်တလာ အကြံကို ချက်ခြင်းလို ပယ်ချခဲ့သည်။ "စစ်သား ဆိုသည်က ပြည်ပ ရန် များကိုသာ ၎င်းတို့၏ ရန်သူ များဟု မြင်အောင် လေ့ကျင်ထားသူများ ဖြစ်သည်" ဟု ဆိုသည်။

 

၎င်းကိုယ်တိုင် စစ်မှု ထမ်း ဖြစ်သော ဘလွန်းဘတ်ခ် သည် ဟစ်တလာ သို့မဟုတ် အခြား အစိုးရ အဖွဲ့တဖွဲ့ကို ကာကွယ်ပေးရန် နိုင်ငံသားများကို လမ်းပေါ်တွင် ပစ်သတ်ရန် ဂျာမန် စစ်သားများအား အမိန့်ပေးရမည့် အရေးကို လုပ်ဖို့ အသာထား တွေးပင် မတွေးရဲသူ လည်း ဖြစ်သည်။

 

ဟစ်တလာသည် ရွေးကောက်ပွဲ မဲဆွယ်စဉ် အတွင်း "ရွံနွံများ နှင့် ပြည့်နေသော ပါလီမန် မှ ရေဆိုးများ ဖောက် ထုတ် ပစ်မည်" ဟု ကတိပေးခဲ့သော်လည်း ယခု သူကိုယ်တိုင် ပါတီ နိုင်ငံရေး နွံအိုင်ကြီးထဲ နစ်နေယုံမက ဖွဲ့စည်းပုံ ၏ အရံအတား များ ကို ခေါင်းနှင့် ဝင်ဆောင့်မိနေပြီ ဖြစ်သည်။

 

သို့သော် ဟစ်တလာသည် ဆန့်ကျင်လာမှု များ၊ အဆင်မပြေ ဖြစ်လာနေသည့် အမှန်တရား များ နှင့် ကြုံလာရသည့် အခါ ၎င်းလုပ်နေကျ အတိုင်း လျစ်လျူ ရှူ ပြီး နှစ်ဆတိုး၍ ပင် လုပ်လာခဲ့သည်။

 

နောက်တနေ့မှာပင် ပါလီမန် ရွေးကောက်ပွဲ ကို မတ်လ အစောပိုင်း တွင် ကျင်းပမည်ဟု ကြေညာလိုက်သည်။ သူ၏ ပါတီ ခေါင်းဆောင်များ ထံသို့ လည်း အမှာစာ ရေးသား ပေးပို့ ခဲ့ပြန်သည်။

 

"ကျွနုပ်တို့၏ အမျိုးသား ဆိုရှယ်လစ် လှုပ်ရှားမှု ကြီးသည် နှစ်ပေါင်း ဆယ့်သုံးနှစ်ကြာ အခက်အခဲ မျိုးစုံ ကို ရုန်းကန် ကျော်လွှား ခဲ့ပြီး နောက် အစိုးရ ဖွဲ့နိုင်သည် အထိ ထိုးဖောက်လာနိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် ဂျာမန် တနိုင်ငံလုံး အပေါ် လွှမ်းမိုး နိုင်ရန် အတွက် မူ စ လုံး ရေ စ ယုံပင် ရှိပေသေးသည်။

 

လက်ရှိ အစိုးရ သစ် ၏ ခေါင်းဆောင် အမည်ကို အဒေါ့ဖ် ဟစ်တလာဟု အမည် တပ်ထား‌‌ ပေးသည့် တိုင် အမျိုးသား ဆိုရှယ်လစ် အစိုးရ မဟုတ်သည်ကို အမျိုးသား ဆိုရှယ်လစ် ပါတီက သိရှိထားပြီး ဖြစ်သည်။" ဟု ပါရှိသည်။

 

ဤသို့ဖြင့် ဟစ်တလာသည် ကိုယ့်အစိုးရ ကို ကိုယ်ပြန်၍ စစ်ကြေညာလာခဲ့သည်။

 

ဆက်လက် တင်ပြသွားပါမည်။

 

အပိုင်း (၁)

https://www.facebook.com/share/p/1Fv3pCxyav/