ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(2)

by Hla Soewai - Jun 09 2020

*****************************

 

ကျွနုပ်အဖို့ ငယ်စဉ်က အမှတ်ရစရာများကို စာရွက်ပေါ် ရေးချခဲ့ရသည့် အခါ တွင်တော့ မေးခွန်းတခုက ရှောင်လွှဲ၍ မရပဲ ခေါင်းထဲ ရောက်လာခဲ့ရသည်။ ဤသည်ကား ဘဝ ဆိုသည်နှင့် လောကကြီး အပေါ် မည်သည့်အချိန်မှစ၍ ကျွနုပ် ၏ တွေးခေါ်ယူဆမှုသည် စတင် ရုပ်လုံးပေါ်လာခဲ့ရပေသနည်း ဆိုသည်ပင် ဖြစ်သည်။ ထိုအကြောင်းများကို လေးနှစ်သားလောက်မှစ၍ သိမြင်လာခဲ့ရပုံရှိသည်ဟု အကြမ်းဖျင်း ပြောနိုင်ပေသည်။ ကျွနုပ်၏ မိသားစု ဆွေမျိုးသားချင်းများအပေါ် သံယောဇဉ်ရှိခဲ့ပုံ အပြင် မှတ်မှတ်သားသား စွဲထင်လာခဲ့ရသည်မှာ ကျွနုပ် နေထိုင် ကြီးပြင်းခဲ့သည့် အိမ်ကလေးကိုပင် ဖြစ်သည်။ ကျွနုပ်၏ အိမ်သည် ရွာအစွန်တွင် ရှိသည်။ စိတ်အထင် လွန်ခဲ့သည့် နှစ်ပေါင်း တရာခန့်လောက်က ဆောက်ထားခဲ့ပုံရှိသည်။ အိပ်ခန်း နှစ်ခန်း သာ ရှိပြီး တခန်းစီတွင် ကုတင်တလုံး နှင့် ထိုင်ခုံရှည် နှစ်လုံး သို့မဟုတ် သုံးလုံးသာ ရှိသည်။ မိသားစုဟူ၍ ဖခင် ဖြစ်သူ ၏ အဖေနှင့်အမေ ကျွနုပ်၏ အဖိုးနှင့်အဖွား သည် ကျွနုပ်တို့ နှင့် အတူ နေထိုင်ခဲ့သည်။ အိမ်၏ စီးပွားရေးကလည်း အိမ်လိုပင် ရိုးရှင်းလှသည်။ နို့ အတွက် နွားမကြီးတကောင်နှင့် သွားဖို့လာဖို့ မြင်းတကောင်သာ ရှိပေသည်။

 

 

ဖခင် ဖြစ်သူ အင်ဒရေ မက်ဗီယီဗစ်ချ်သည် ရွာဦး ဘုန်းကြီးကျောင်းမှ လေးတန်းနှင့် ကျောင်းထွက်ခဲ့သဖြင့် သေစာရှင်စာ ဖတ်တတ်ရုံလောက်သာ ပညာသင်ဖူးခဲ့သူ ဟု ဆိုရမည် ဖြစ်သည်။ သို့သော် ဖခင်၏ လက်ရေးသည် လွန်စွာ လှပသေသပ်လွန်းလှသဖြင့် ကျွနုပ်အဖို့ မည်မျှပင် အတုခိုး ရေးခဲ့သော်လည်း မှီနိုင်လောက်သည့် အဆင့်ပင် ရောက်မလာခဲ့ပေ။ ကျွနုပ်သည် ဖခင် ရေးထားသမျှ စာများကို မှီအောင် တုပရေးသော်ငြားလည်း အကောက်အကွေးများ နှင့်သာ ဖြစ်နေသည်။ သို့သော် မျဉ်းကြောင်းပါ စက္ကူကို သုံးလျှင်ကား အခြေအနေမှာ အဆိုးကြီး မဟုတ်ပေ။

 

 

ဖခင်သည် အမြဲလို သူပါဝင်ဆင်နွှဲခဲ့ရသည့် ၁၉၀၄-၀၅ ရုရှား-ဂျပန် စစ်ပွဲကြီးနှင့် ပထမ ကမ္ဘာစစ်ကြီး အတွင်း အနောက်နှင့် တောင်ဖက် စစ်မျက်နှာများတွင် ဂျာမန်တို့ အား ရင်ဆိုင် ခုခံခဲ့ရပုံများ အကြောင်း အတွေ့အကြုံများကို  မိသားစုအား အမြဲလို စမြုံ့ပြန်ကာ ပြောပြလေ့ရှိသည်။ ထိုသို့ ပြောသည့်အခါတိုင်းလည်း ပထမကမ္ဘာစစ်အတွင်း ရုရှား ဗိုလ်ချုပ်ကြီးများ၏ အကြောင်း ကို အမြဲလို နာနာကြည်းကြည်း ထည့်ပြောလေ့ရှိသည်။ စစ်မြေပြင် ကို လက်နက် အလုံအလောက် မပေးပဲ အထူးသဖြင့် အမြှောက်ကြီးများ မပါပဲ လွှတ်ခဲ့သည့် ရုရှား စစ်ရုံးချုပ်၏ အကြောင်းများ ဖြစ်သည်။ ထို့အတွက် လက်နက်ခဲယမ်းများက အမြဲ ပြတ်လတ်နေပြီး သာလွန်ကောင်းမွန်လှသော ဂျာမန်တို့၏ ပစ်အားကို မည်သို့မျှ ယှဉ်နိုင်စွမ်း မရှိခဲ့သဖြင့်လည်း ရုရှားတို့ အကြီးအကျယ် ထိခိုက် ကျဆုံးခဲ့ရသည်ဟု ပြောပြတတ်သည်။

 

 

ဖခင်၏ အပြောအရ စစ်သားများသည် မန်ချူးရီးယားတွင် အရေးနိမ့်ခဲ့ရမှုကို ဇာဘုရင် အား အပြစ်မတင်ပဲ တပ်မှူးများကိုသာ ဝေဖန် ရှုတ်ချခဲ့ကြသည်ဟု သိရသည်။ သူတို့အကြားတွင် စကားတခွန်းက ခေတ်စားခဲ့ပြန်သည်။ “မန်ချူးရီးယား နဲ့ ဆိုက်ဘေးရီးယား က နီးနီးလေးနော်၊ မန်ချူရီးယားက ရှေ့တန်း၊ ဆိုက်ဘေးရီယားက မဲဇာ နော်” ဟူ၍ ဖြစ်သည်။

 

 

ဖခင်အား လက်နှင့် အလုပ်ပြတ်သည့် အခါမျိုးဟူ၍ မတွေ့ခဲ့ရဘူးပေ။ ကျွနုပ်တို့အား ရှေးဖြစ်ဟောင်း နှောင်းဖြစ်များ ပြောနေသည့် အချိန်မျိုးတွင်ပင် လက်မှ တခုမဟုတ်တခု လုပ်နေတတ်ပြန်သည်။ သူ၏ လက်သုံး တန်ဆာပလာများကို ပြင်စရာရှိက ပြင်၊ ပြင်စရာ မရှိလျှင်လည်း စနစ်တကျ ထားသို သိမ်းဆည်းနေတတ်သည်။ ရာသီပေါ်ချိန် မဟုတ်၍ အဝေးသို့ သွားမလုပ်ရသည့် အခါမျိုးတွင် အခြားအလုပ်တခုခုကို အမြဲရှာဖွေလုပ်တတ်သူဖြစ်သည်။ နောက်ဆုံး လုပ်စရာမရှိလျှင် ဆောင်းရာသီအတွက် ထင်းများစုဆောင်းရန် တောထဲသို့ သွားပြီး သစ်ကိုင်းခြောက်များ ကောက်ခြင်း နှင့် သစ်ငုတ်တိုများ တွေ့က အမြစ်မှ လှန်ကာ တူးဖေါ်ယူတတ်သည်။ ရသမျှကို အိမ်သို့ မြင်းဖြင့် ပြန်သယ်ယူလာသည်။

 

 

ပုံမှန်အားဖြင့် ဆိုလျှင် ဖခင်သည် စကားလွန်စွာ နည်းသော သူတဦးဖြစ်သည်။ လယ်ကွင်းထဲတွင် အလုပ်လုပ်နေရချိန်၊ ကောက်ရိုးခြောက်များ ထုံးနေရချိန်၊ တောထဲတွင် ထင်းကောက်နေရသည့် အချိန်များတွင် နာရီပေါင်း များစွာ ကြာအောင် စကားတခွန်းမျှ မဟပဲ နေနိုင်သူ လည်း ဖြစ်သည်။ သို့သော် မိသားစု ထမင်းဝိုင်း တွင်၎င်း၊ နွေရာသီရောက်၍ ညပိုင်း မိတ်ဆွေ အနည်းငယ်မျှ နှင့် စကားဝိုင်းဖွဲ့သည့် အချိန် မျိုးတွင်တော့ ပြောလေ့ရှိသည်။ ထိုသို့သော စကားဝိုင်းမျိုးတွင် အမျိုးသမီးများ မှာ ဝင်ပြီး နားထောင်လေ့ မရှိပေ။ ဖခင်သည် သူ၏ အိမ် သို့မဟုတ် မိတ်ဆွေတဦး အိမ်၏ လေတိုက်ရာဖက်မကျသည့် တဲ ဘေးတွင် ဝိုင်းဖွဲ့ကြလေ့ရှိသည်။

 

 

တကြိမ်တွင် ဖခင် နှင့် သူ၏ မိတ်ဆွေများ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံသည် အချမ်းသာဆုံး ဆိုသည်ကို ပြောဆို ငြင်းခုံခဲ့ကြသည်။ တဦးနှင့် တဦး သဘောကွဲလွဲကြပြန်သည်။ အချို့က ဂျာမဏီသာ အချမ်းသာဆုံး ဖြစ်သည်။ သူတို့သည် အမြဲလို တခြားနိုင်ငံများကို လုယူတတ်ကြသူများ ဖြစ်သဖြင့် ယခုလည်း ရုရှား၏ အစိတ်အပိုင်းများကို လုယက်ယူငင်ထားကြပြီး ဖြစ်၍ ချမ်းသာနေတာ ဖြစ်သည်ဟု ပြောခဲ့ကြသည်။  အခြားလူများက အချမ်းသာဆုံးသည် အမေရိကန် သာ ဖြစ်ကြောင်း ပြောကြသော်လည်း စကားဝိုင်းရှိ လူတဦးတလေကမျှ ရုရှား သည် အချမ်းသာဆုံး ဟူ၍ ပြောရန် တွေးတောင် တွေးမိခဲ့ကြပုံ မရှိပေ။

 

 

ထိုအထဲရှိ တယောက်က “အမေရိကန်တွေမှာ အတော်ကို ထက်မြက်တဲ့ သီအိုဒိုး ရုစဘဲ့ ဆိုတဲ့ သမ္မတ ရှိတယ်ဗျ။ ကြားရတာတော့ သူက တိုင်းပြည်ကို ကောင်းကောင်း အုပ်ချုပ်နိုင်တယ် ဆိုပဲ"

 

 

ဖခင်သည် “အမေရိကန်က အချမ်းသာဆုံးဆိုတာ ဖြစ်နိုင်တယ်ဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ အမေရိကန်တွေက အခြားလူတွေရဲ့ ကြွယ်ဝမှုတွေကို ဘယ်လို လုယူရမယ်ဆိုတာ ကောင်းကောင်းသိထားကြတဲ့ လူမျိုးတွေ ဖြစ်လို့ပဲ”

 

 

“ဟုတ်မယ်ဗျို့၊  သီအိုဒိုး ရုစဘဲ့ က အတော် ကောက်ကျစ်ပြီး ပါးနပ်တဲ့  လူဘဲလို့ ကျုပ် ကြားဖူးတယ်"

 

 

ကျွနုပ်အဖို့တော့ ကောက်ကျစ်ပြီး ပါးနပ်သော  အမေရိကန် သမ္မတ ဆိုသည့် စကားသည် ထိုအချိန်မှစပြီး ခေါင်းထဲတွင် စွဲထင်ကျန်ရစ်ခဲ့ပေတော့သည်။

 

 

ထိုသို့ သော စကားဝိုင်းဖွဲ့ ပြောဆိုနေခြင်းသည် ကျွနုပ်တို့ ရွာတွင် ထုံးစံတခုလို ဖြစ်နေသည်။ ရွာရှိလူများအတွက် သူတို့ စိတ်ထဲရှိသမျှ ကို ထုတ်ပြောနိုင်သည့် ထွက်ပေါက်တခုလို ဖြစ်လာရသည်။ ဖခင်သည် ကျွနုပ်ကိုလည်း ငယ်ရွယ်စဉ်ကပင် ဝင်ရောက် နားထောင်ရန် ခွင့်ပြုခဲ့သည်။

 

 

ဖခင်လိုပင် မိခင်သည်လည်း အလုပ်နှင့် ပတ်သက်လာလျှင် အတူတူပင် ဖြစ်သည်။ မိခင်၏ အမည်သည် အိုလ်ဂါ ရီဗင်ယက်နာ ဖြစ်သည်။ မနီးမဝေးရှိ ဇဲလက်ဇနီကီ ဆိုသည့် ရွာလေးတွင် ဆင်းရဲသော မိသားစုမှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ မိခင်သည် သူမ၏ ဖခင် ငယ်စဉ်ကပင် ကွယ်လွန်သွားခဲ့သဖြင့် ကျောင်းပညာကို နှစ်နှစ်၊ သုံးနှစ်ခန့်သာ သင်ယူခွင့် ရခဲ့သည်။ ကျောင်းထွက်ပြီး လယ်ထဲနှင့် အိမ်အလုပ်များကို ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့ရပေသည်။ သို့သော် မိခင်သည် စာရေး စာဖတ် အတတ်ကို ကိုယ့်ဘာသာ လေ့လာဆည်းပူးခဲ့သူ ဖြစ်သည်။ ရေးတတ်ဖတ်တတ် လာသည်နှင့် အမျှ အားသည်နှင့် စာအုပ်များကို အမြဲလို အဖေါ်ပြုလာခဲ့သည်။ မိခင်သည် စိတ်သဘောထား မြင့်မြတ်ပြီး လူတိုင်း၏ ကောင်းကွက်များကိုသာ အမြဲလို ရှာဖွေ ပြောတတ်သူလည်း ဖြစ်သည်။

 

 

မိခင်သည် သူ့ပိုင် မြေကွက် သေးသေးလေးထဲတွင် အာလူး၊ ဂေါ်ဖီ၊ သခွားသီးများကို စိုက်ပျိုးလေ့ရှိသည်။ ထို့အပြင် နှမ်းကြပ်ပင်များကို မျိုးကြဲခြင်း၊ ခူးဆွတ်ခြင်းများလည်း လုပ်ရပြန်သေးသည်။ မိခင်၏ လုပ်ငန်းများသည် ကျွနုပ်တို့ အိမ်အတွက် ဝင်ငွေရရာ ရကြောင်းများ ဖြစ်လာခဲ့သည်။ ထိုအလုပ်များ သာ မရှိက ကျွနုပ်တို့ အတွက် အင်္ကျီ အဝတ်အစားနှင့် အိပ်ယာခင်းများ ဝယ်နိုင်မည် မဟုတ်ပေ။ မိခင်သည် နွားစာစဉ်းသည့် အလုပ်ကိုလည်း လုပ်ရပြန်သေးသည်။ ထို့အပြင် လယ်ထွက် ရိုင်းစပါးများကိုလည်း စနစ်တကျ သိုလှောင် သိမ်းဆည်း ပေးခဲ့သည်။ ဤသည်ကပင် ကျွနုပ်တို့ အိမ်အတွက် စားရေး သောက်ရေး မပူပင်ခဲ့ရပေ။ ထိုခေတ်က အမျိုးသမီးများက သာ ထိုသို့သော အလုပ်မျိုးကို စီမံခန့်ခွဲပေးရတတ်သည်။ ကျွနုပ်တို့ အိမ်တွင် အမျိုးသမီး ဆို၍ မိခင်ကြီးနှင့် အတူ အဖွား နှင့် ညီမငယ် အက်ဒိုကီယာ သာ ရှိသည်။ ညီမ ဖြစ်သူသည် ကျွနုပ် ရှိစဉ်အတွင်း အိမ်အလုပ်များကို ကူလုပ်ခဲ့ခြင်း မရှိသေးပဲ ကျွနုပ် ပညာသင်ရန် အိမ်မှ ထွက်သွားသည့်အချိန်မှ စ၍ ကူညီလုပ်ကိုင်ပေးလာခဲ့သည်။