ချင်းပြည်နယ် အား မီဇိုရမ် ပြည်နယ် ထဲ သွတ်သွင်းရန် ကြံစည်နေပြီလော

by Hla Soewai - Apr 03 2025

လက်ရှိ ဖြစ်ပွားနေသော ‌နွေဦး တော်လှန်ရေး ကြောင့် မရည်ရွယ်ဘဲ နှင့် ချင်းပြည်နယ် ရှိ ချင်း လူမျိုး များ နှင့် အိန္ဒိယ ဖက်ခြမ်းရှိ ချင်းတို့ အကြား သမိုင်း အစဉ် အဆက် ရင်းနှီး မှု အနှောင်အဖွဲ့သည် ပို၍ ခိုင်မာလာခဲ့သည်။

 

ချင်းတို့ ဒေသတွင် မီဇို၊ ချင်း၊ ကူကီး၊ ဇိုး လူမျိုးစု များ နေထိုင်ကြသည်၊ ၎င်းတို့အားလုံး ခရစ်ယာန် ဘာသာ ကိုးကွယ်ကြသော်လည်း စကားအရာ တွင် ကွဲပြားကြသည်။ သို့သော် စစ်ကောင်စီ ခေါ် အာဏာသိမ်း စစ်တပ်ကို ဖြုတ်ချရေး ဆိုသည့် ခံယူချက် တွင်တော့ တူညီကြသည်။

 

၂၀၂၁ အာဏာသိမ်းပြီး နောက်တွင် စစ်ကိုင်း နှင့် ချင်း ပြည်နယ်များ မှ ဒုက္ခသည် ထောင်ပေါင်းများစွာ သည် မီဇိုရမ် ပြည်နယ်ထဲသို့ ဖြတ်ကျော် ဝင်ရောက်လာကြသည်။ မီဇိုရမ် အစိုးရသည်လည်း ၎င်းတို့အား နေရာချထားပေးရန် စခန်းများ ဆောက်ပေးကာ ကူညီပေးခဲ့ကြသည်။ ယခုလက်ရှိတွင် ဒုက္ခသည်ပေါင်း ၃၁,၀၀၀ ခန့် အထိ ရှိလာခဲ့သည်။

 

မီဇိုရမ် နှင့် ချင်းပြည်နယ်သည် ကီလိုမီတာ ၅၁၀ ခန့် နယ်နမိတ် ခြင်း ထိစပ်နေသည့် အတွက် နှစ်ဖက်စလုံးမှလည်း အပြန်အလှန် တံခါးမရှိ ဓါးမရှိ ကူးလူး ဆက်ဆံခဲ့ကြသည်။ မကြာမီက မှသာ အိန္ဒိယ ဗဟို အစိုးရ မှ ထိန်းချုပ်ရန် ကြိုးစားလာခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံ နယ်စပ်တလျှောက် ခြံစည်းရိုး ခတ်မည် ဟု ပြောလာသဖြင့် ချင်းပြည်နယ် နှင့် ကပ်နေသော အိန္ဒိယ ပြည်နယ်များ မကျေမနပ် ဖြစ်လာကြသည်။

 

မီဇိုရမ် မှ ချင်းတို့၏ တော်လှန်ရေး အား ထောက်ခံ ပေးနေခြင်းကြောင့် စစ်ကောင်စီ အဖို့ အခြေမလှ ဖြစ်လာခဲ့ရပြီး ချင်းပြည်နယ် တခုလုံး၏ ၁၅-၂၀ ရာနှုန်းသာ ထိန်းချုပ် နိုင်‌ တော့သည်။

 

မြန်မာ တွင် အဆင်းရဲဆုံး ပြည်နယ်လည်း ဖြစ်၍ ချင်းတိုင်းရင်းသား များသည် ယခင်ကတည်းကပင် မီဇိုရမ် ပြည်နယ် အပေါ် နည်းလမ်းအမျိုးမျိုး ဖြင့် မှီခိုနေခဲ့ရသည်။ အိမ်ထောင်စု ၈၀ ရာနှုန်းသည် ဆင်းရဲကြပြီး မငတ်ယုံ တမယ် ဘဝမျိုး နှင့် နေထိုင်နေကြရသည်ဟု စစ်တမ်းများက ဆိုသည်။ 

 

မီဇိုရမ်မှ မဇ္ဈိမ ထွက် ဆေးဝါး၊ စက်သုံးဆီ၊ ဆိုလာပြား၊ ဟင်းသီးဟင်းရွက်ဆီ၊ ဆား၊ အဝတ်အထည်များ နှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် သုံးသော ဓါတုပစ္စည်းများကို တင်သွင်းကြသည်။ ယခုအခါ အကြမ်းဖက် စစ်တပ် ၏ ဖြတ်လေးဖြတ် ကြောင့် ပို၍ ပင် အမှီပြုလာရသည်။

 

မီဇိုရမ်ရှိ မီဇို-ကွပ်ကီး-ဇိုး လူမျိုးစုများ နေထိုင်ရာ ဒေသများ နှင့် ယင်းတို့နှင့် ထိစပ်နေသော မဏိပူရ၊ အာသံ နှင့် ထရီပူရ ပြည်နယ်များ စုစည်း၍ တခုတည်းသော အုပ်ချုပ်ရေး ယန္တရား ဖြင့် "မီဇိုရမ် ပြည်မကြီး" တည်ထောင်ရန် တောင်းဆိုမှု များသည် မကြာမီ နှစ်များ အတွင်းက မြင့်တက်လာခဲ့သည်။

 

၂၀၂၃ မေလ အတွင်း မဏိပူရ ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး အဓိကရုဏ်းကြောင့် ကွပ်ကီး-ဇိုး လူမျိုးစုဝင် ၁၀,၀၀၀ ခန့် မီဇိုရမ် ပြည်နယ်ထဲ ပြေးဝင်လာခဲ့သည်။ ထို့နောက် တွင်တော့ မီဇိုရမ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ အတွင်း နိုင်ငံရေး ပါတီ များက လူမျိုးစု အားလုံးပေါင်းစည်းရေး ကို ထောက်ခံ ပြောဆိုလာကြသည်။

 

မြန်မာပြည်တွင် ဖြစ်ပွားလာခဲ့သော နွေဦးတော်လှန်ရေး ကြောင့် ချင်းပြည်နယ် အားလည်း "မီဇိုရမ် ပြည်မကြီး" အတွင်း ထည့်သွင်းသင့်သည် ဆိုသော သဘောတရား အား ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြသည်။

 

အိန္ဒိယ ဗဟို အစိုးရ ပြည်ထဲ‌ ရေး ဝန်ကြီး ဌာန သည် ၂၀၂၁ အစောပိုင်း မှစ၍ မြန်မာ ဒုက္ခသည်များ ဝင်ရောက်လာနေမှု ကို ခွင့်မပြုရန် ညွှန်ကြားခဲ့သော်လည်း မီဇိုရမ် ပြည်နယ် အစိုးရက ပယ်ချခဲ့သည်။ ထို့ နောက်တွင် ပြည်နယ် အတွင်းရှိ နိုင်ငံရေး သမားများ၊ လူမျိုးစု အကြီးအကဲများက စစ်အာဏာသိမ်း အဖွဲ့ကို တွန်းလှန်နေသော ချင်း တော်လှန်ရေး အဖွဲ့များ အကြား ညီညွတ်မှု ရှိရန် ဦးဆောင် စည်းရုံးလာခဲ့သည်။ ဤသို့ဖြင့် ဇိုမီး တော်လှန်ရေး အဖွဲ့နှင့် ချင်း အမျိုးသား တပ်ဦး တို့ အကြား သဘောတူညီချက် ရလာခဲ့သည်။

 

 မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ် လာဒူးဟိုမာ သည် ချင်းပြည်နယ် အတွင်းရှိ တော်လှန်ရေး အဖွဲ့ အသီးသီး မှ ခေါင်းဆောင်များကို ဖိတ်‌ ခေါ်၍ အငြင်းပွားမှု များ အဆုံးသတ်ပြီး ပြေလည်မှု ရရန် ကြိုးပမ်းခဲ့ခြင်း ကြောင့် ဖေဖေါ်ဝါရီ ၂၇ ရက်တွင် စည်းလုံးညီညွတ်သော ချင်း အမျိုးသား ကောင်စီ ကို ဖွဲ့စည်း နိုင်ခဲ့သည်။ (ပုံတွင် ရှူ)

 

ထို့ မတိုင်မီကလည်း မီဇိုရမ် ပါလီမန် အမတ် ဦးဆောင်‌သော အဖွဲ့သည် ချင်းမြေ ကောင်စီ ရုံးသို့ ရောက်လာခဲ့ ပြီး မဟာမိတ် တော်လှန်‌ ရေး အဖွဲ့များကို တွေ့ဆုံပြီး အိန္ဒိယ ပြည်‌ထောင်စု နှင့် ပူးပေါင်းရန် ပြောဆိုခဲ့သည်။

 

စစ်ကောင်စီ မှ ထို ကိစ္စ အပေါ် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့ပြီး အိန္ဒိယ နိုင်ငံရေး သမား များ အား ၎င်းတို့၏ ကိုယ်ကျိုး ရှာ လုပ်ရပ်များကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက် နိုင်သည်ဟု သတိပေးလာခဲ့သည်။

 

မီဇိုရမ် ဖက်မှ တက်တက်ကြွကြွ ‌ထောက်ခံမှု ပေးနေ၍ မြန်မာ စစ်တပ်သည် ချင်းပြည်နယ်ကို မည်သိုမျှ အလွယ်တကူ ပြန် လည် ရရှိနိုင်တော့မည် မဟုတ်ပေ။

 

ယခုအခါ နယ်ခြား ဖြတ်ကျော် ချိတ်ဆက်မှု များ ဖြင့် မီဇိုရမ်ပြည်မ ကြီး အဖြစ် ပြောင်းလဲ နိုင်ရေး ကို နယူးဒေလီ ကလည်း ရေငုံနှုတ်ပိတ် ထောက်ခံလာနေကြောင်း အရိပ်အမြွက် ပြသခဲ့၍ ပြောင်းပြန် လှန်ဖို့ မဖြစ်နိုင်တော့ပေ။

 

ပြည်သူတို့၏ ခုခံ တော်လှန်စစ် မုချ အောင်ရမည်!!!

 

(အာသံပြည်နယ် ရှိ ဝါရင့် သတင်းစာဆရာ တဦး ဖြစ်သော Rajeev Bhattacharyya ၏ The Diplomat စာစောင်တွင် ပါရှိသည့် Concept of ‘Greater Mizoram’ Gets a Shot in the Arm From Myanmar’s Spring Revolution ဆောင်းပါး မှ ကောက်နှုတ် တင်ပြသည်)