ထွက်လာသော နေ ၏ အလင်းရောင်ကြောင့် အတိုင်းအတာ တခုထိ သက်သာရာ ရလာခဲ့သည်။ အာရုဏ်ကျင်း ပြာလဲလဲ့ အလင်းရောင်ကြောင့် မြင်လာရသော လေယာဉ် ပြေးလမ်း အခြေအနေသည် အတော် ဆိုးဆိုးရွားရွား ဖြစ် နေသည်။ ဒုံးကျည်များ နှင့် လက်နက်ကြီး များ ပေါက်ကွဲမှု ကြောင့် ကွန်ကရိ အပိုင်းအစ များ ဖွာလန် ကျဲနေပြီး တွင်း များ ချိုင့်များ ဖြစ်နေသည်။
ကွင်း၏ အလယ်တွင် သံရည်ကြိုခံရသလို ဖြစ်နေ၍ တငွေ့ငွေ့ လောင်ကျွမ်းနေသော C-130 လေယာဉ်ကြီးမှ စူးရှ သော ဆီ မီး လောင်နံ့ များ ထွက်နေသည်။ ကျွန်တော် တို့ အားလုံး အကာအကွယ် ယူထားသည့် နေရာ နှင့် လေယာဉ် အပျက်အစီး များ အကြားတွင် ခပ်မည်းမည်း အရာများ တောင်ပုံရာ ပုံ ဖြစ်နေသည်၊ တဖြေး ဖြေး နှင့် ထို မဲမဲ များသည် ခရီးဆောင် လက်ဆွဲ အိတ်များ ဖြစ်နေသည်ကို သိလိုက်ရသည်။ ပြေးမိပြေးရာ ပြေးကြရင်း ကျန်ခဲ့ကြသည်များ ဖြစ်ပြီး အိတ်များက ပွင့်နေပြီး အထဲမှ ပစ္စည်းများက ဟိုမှာ ဒီမှာ ပြန့်ကျဲနေသည်။
နေလုံးကြီးက တဖြေးဖြေး မြင့်တက်လာနေသည် နှင့် အမျှ အလင်းရောင်က စူးရှသည်ထက် စူးရှလာနေသည်။ ကွန်ကရိတုံး၏ အရှေဖက်ခြမ်း တွင် ခေါင်းမဖေါ်နိုင်အောင် ဖြစ်နေ၍ ကြာလာသည် နှင့် အမျှ လူများ ညိုးနွမ်း အားပျော့လာသည်၊ အထူးသဖြင့် သက်ကြီးရွယ်အိုများ နှင့် ကလေးသူငယ်များ ဖြစ်သည်။
ဒပ်က သူ့အမေထံမှ ရေတောင်းလာသည်။ လင်းက ရေအခု မရှိသေးဘူးသား၊ သောက်ရတော့မှာ မကြာတော့ဘူး ဟု သာ ပြန်ပြောနိုင်သည်။
ဟာကျူလီ C-130 တစီး ကောင်းကင်တွင် လျင်မြန်စွာ ဝဲပျံလာပြီး အောက်သို့ ထိုးဆင်းလာသည်ကို တွေ့လိုက်ရသည်။ မလှမ်းမကမ်း ရှိ လေယာဉ် ပြေးလမ်း တွင် ကျွီကနဲ ဆိုသည့် လေယာဉ် ဘီး နှင့် ကတ္တရာ တို့ ပွတ်ကြိတ်သံကို ကြားလိုက်ရ၍ ကျွန်တော်တို့ လူများ ထံမှ တိုးတိုးတိတ်တိတ် ရေရွတ်သံများ ထွက်လာသည်။
ထို့နောက် ဟာကျူလီသည် ပြေးလမ်းများကို ဖြတ်၍ ကွေ့ကာ ဝိုက်ကာဖြင့် ကျွန်တော်တို့ ရှိရာဖက် ဦးတည်လာသည့် အခါတွင်တော့ ဝမ်းပမ်းတသာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ကျွန်တော့်နားထဲ တစုံတရာ ကို ကြားလိုက်ရ၍ သတိကြီးစွာဖြင့် ခေါင်းထောင်ကြည့်လိုက်သည့် အခါ လေယာဉ် သိုလှောင်ရုံများ ၏ မှောင်ရိပ်များ၊ မြေထိန်း အကာများ နောက်တွင် ပုန်းအောင်း အကာအကွယ် ယူထားကြသော ရာပေါင်းများစွာ ရှိမည့် မရိမ်းတပ်သားများ၊ စစ်သားများ၊ စစ်ရဲများ၊ လေတပ်မှ ပိုင်းလော့များ၊ လေယာဉ် အမှုထမ်းများ၊ စက်ပြင်ဆရာများ၊ လေတပ်စခန်း ဝန်ထမ်းများ၊ အစောင့်များ တဟုန်ထိုး ပြေးထွက်လာကြသည်ကို တွေ့လိုက်ရသည်။ ၎င်းတို့အားလုံးသည် ကိုယ့်အသက်ကို ရင်းပြီး သူရဲကောင်း အဖြစ် မခံလိုသူများ၊ အစတေးခံ မဖြစ်လို သူများသာ ဖြစ်သည်။
ဤသည်ကို တွေ့လိုက်ကြသော ကျွန်တော်တို့လူများသည်လည်း အားကစား ပြိုင်ပွဲ တခုကို ဆင်နွှဲနေသည့်အလား အားကျမခံ မီတာ ၅၀ အကွာတွင် လှည့်ပြီး ရပ်သွား သော C-130 လေယာဉ်ကြီး ရှိရာသို့ ထပြေး ကုန်ကြ တော့သည်။ လေယာဉ်ကြီး ပေါ်မှလည်း ဖိတ်ခေါ်နေသည့် အလား လျှောက်လမ်းကို မသိမသာ ချပေးလာသည်။
ဗိုလ်ချုပ်ကြီး နှင့် မိသားစုသည် ကျွန်တော့် ရှေ့မှ ပြေးထွက်သွားသည်။ ဘွန် နှင့် မိသားစုသည် ကျွန်တော့်နောက်မှ လိုက်လာသည်။ ကျွန်တော်တို့ အဖွဲ့သည် ပြေးထွက်လာသူ များ နောက်မှ ကပ်လိုက်လာခြင်း ဖြစ်သည်။
ကျွန်တော်တို့ ထဲ မှ ပထမ အသုတ်သည် လျှောက်လမ်း ပေါ် ပြေးတက်သွားကြသည်။ ကက်ရူရှာ ဒုံးကျည် သံကို ကြားလိုက်ရပြီး စက္ကန့်ပိုင်း အတွင်း မှာပင် အဝေး ရှိ ပြေးလမ်းတခု ပေါ်တွင် ကျရောက် ပေါက်ကွဲသွားသည်။ ကျည်ဆံများက ခေါင်းပေါ်တွင် တဝီဝီ ဖြတ်သွားနေသည်။ ဒီတကြိမ်တွင်တော့ AK-47 နှင့် M-16 များဖြင့် ပစ်ခတ်သံများကို သဲသဲကွဲကွဲ ကြားလာရသည်။ သူတို့ လေယာဉ် ကွင်း အစပ်ကို ရောက်လာကြပြီ ဟု ဘွန် ၏ အော်ပြောလိုက်သံကို ကြားရသည်။
ယင်းနှင့် အတူ ကျွန်တော်တို့ အားလုံး သိလိုက်ကြသည်က ဟာကြူလီသည် နောက်ဆုံး ထွက်မည့်လေယာဉ် ဆိုသည်ပင် ဖြစ်သည်။ ယခု ကွန်မြူနစ် တပ်များ ဝိုင်းလာနေချိန်တွင် ထိုလေယာဉ်သည် ထွက်နိုင်ပါမည်လား ဆိုသည်ပင် မရေမရာ ဖြစ်လာသည်။ အားလုံး ထံမှ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်လာသည်။ တချိန်တည်းမှာပင် လေယာဉ် ပေါ်သို့ အတင်းစုပြုံတက်ကုန်ကြတော့သည်။
ပြေးလမ်းကို ကာရံထားသည့် တဖက်မှ အသေးစား တိုက် ဂါး တိုက် လေယာဉ် တစင်း တဟုန်ထိုး ပျံတက်သွားပြီး သူ့နောက်မှ တံခါး ပွင့်နေသည့် Huey ရဟတ်ယာဉ် တစီး တက်လိုက်သွားသည်၊ အထဲတွင် တဒါဇင် ကျော်ခန့် ရှိမည့် စစ်သားများ အပြည့်အသိပ် ပါသွားသည်။
လေဆိပ်တွင် ကျန်ခဲ့သော အမေရိကန် တပ်သားများအား ရနိုင်သမျှ လေယာဉ်များ နှင့် ကယ်ထုတ်သွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးလည်း သူ့ရှေ့မှ လူများကို တွန်းထိုးရင်း တက်ဖို့ ကြိုးစား နေ၍ ကျွန်တော်လည်း သူ့ နောက်မှ တိုးတိုးဝှေ့ဝှေ့ နှင့် လိုက်လာခဲ့သည်။ ထိုအချိန်တွင် ကျွန် တော့် ဘယ်ဖက်မှ ကိုယ်ထည် နှစ်ထပ်ပါသော Shadow တိုက်လေယာဉ် တစင်း ပျံတက်သွားသည်ကို မျက်လုံး ဒေါင့်မှ တွေ့လိုက်ရသည်။
ရှေ့ဆင့်နောက်ဆင့် ဆိုသလို မီးခိုး ငွေ့ တလူလူ ဖြင့် အပူလှိုင်း ခြေရာခံ ဒုံးကျည်တစင်းသည် မြေပြင်မှ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး အမြင့်ပေ တထောင် မရှိတရှိတွင် Shadow အား နှုတ်ဆက် အနမ်း ပေးခွင့်ရသွားခဲ့သည်။
လေယာဉ် လည်း နှစ်ခြမ်း ကွဲထွက်သွားပြီး အပိုင်းအစ များ နှင့် လိုက်ပါသွားသူများလည်း ရွှံ့ စေး နှင့် လုပ်ထား သော ခို တ ကောင် ကြေမွသွားသလို မျိုး မြေပြင် ပေါ်သို့ ကျလာတော့သည်။ ဤသည်ကို မြင်လိုက်ရသော ကျွန်တော်တို့ လူများလည်း အာမေဋိတ် သံများ နှင့် အတူ ပို၍ တိုးဝှေ့ တက်ကုန်ကြတော့သည်။