ရှီ ကျင့်ပင်၏ အလိမ်အညာများ မြန်မာ အရေး ကြောင့် ဗူးပေါ်သလို ပေါ်ခဲ့ရ

by Hla Soewai - Mar 24 2025

တရုတ်ကွန်မြူ နစ် ပါတီသည် ၎င်းတို့ စိတ် မသက်မသာ ဖြစ်ခဲ့ရသည့် အတိတ်သမိုင်းကြောင်းကို ပြန်လည် ပြင်ဆင် သတ်မှတ်ရန် အမြဲလို ကြိုးစားခဲ့သည်၊ ထိုအထဲ တွင် တီယန်မင်ရင်ပြင် အရေး အခင်း၊ ယဉ်ကျေးမှု တော်လှန် ရေး များသည် ထိပ်ဆုံး မှ ပါဝင်ခဲ့သည်။

 

ယခုလည်း အမေရိကန် အလွန် ကမ္ဘာစနစ်ကြီးကို ၎င်းတို့ စိတ်တိုင်းကျ ရေးဆွဲရန် ပြင်ဆင်လာနေပြီ ဖြစ်သည်။ သို့သော် အာရှ နှင့် ပတ်သက်၍ အထူးသဖြင့် မြန်မာ အရေး တွင် ၎င်းတို့ လက်တွေ့ ကျင့်သုံးနေသော မူဝါဒ များ နှင့် ပြောင်ပြောင်ကြီး ဆန့်ကျင်လျက် ရှိနေသည် ဟု တရုတ်ရေးရာ ကျွမ်းကျင်သူ ရောဘတ် မန်နင်း က အမေရိကန် ‌Foreign Policy မဂ္ဂဇင်း တွင် Myanmar Knows Xi’s World Order Is a Con ခေါင်းစဉ်ဖြင့် ယခုလို ရေးသားလာခဲ့သည်။

 

အမေရိကန် ၏ ဗိုလ်ကျ စိုးမိုးရေး ဝါဒသည် ၎င်းတို့ တနိုင်ငံတည်း ကြီးစိုး နိုင်ရေး အတွက် နိုင်ငံများကို ဖိနှိပ်ထားရန် အတွက်သာ ဖြစ်သည်ဟု အမြဲလို ပြောလေ့ရှိသည်။ ၎င်းတို့၏ global security initiative (GSI) ခေါ် ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေး အစီအမံများ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ BRICS တို့ နှင့် အစားထိုးရန် တစထက် တစ ကြိုးပမ်းလာခဲ့သည်။ လက်ရှိ နိုင်ငံ ၁၀၀ ကျော်က ချီးကြူး ထောက်ခံလာကြပြီဟု လည်း ဆိုသည်။ ၎င်းတို့ အဖို့က မိခင်ဘဝ သည် ကောင်းမွန်သည် ဆိုသော အပြောကဲ့သို့ ငြင်းနိုင်စရာ မရှိသည့် အကောင်းများကို ထုတ်ပြောလာ၍ ထောက်ခံကြ ခြင်းမျိုး သာ ဖြစ်သည်။

 

GSI သည် တကယ်တမ်းတွင် ငြိမ်းချမ်းစွာ အတူ ယဉ်တွဲ နေထိုင်ရေး မူ ငါးချက် ကို မွမ်းမံ အသက်သွင်းလာခြင်းသာ ဖြစ်သည်။

 

လက်တွေ့ တွင် ၎င်းတို့ ၏ အပြုအမူ များက တခြားစီ ဖြစ်လာနေသည်။ တောင်တရုတ် ပင်လယ် နှင့် အရှေ့တရုတ် ပင်လယ်များ တွင် ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ် နှင့် ဂျပန် တို့ကို ရန်စောင် လာနေသည်။ 

 

မြန်မာ တို့၏ ပြည်တွင်းစစ် တွင် ၎င်းတို့လိုချင်သည့် ရလဒ် ထွက်ပေါ်လာအောင် အသေးစိတ် အလွတ်မ ပေးဘဲ တဖက်သတ် စွက်ဖက်လာခဲ့သည်။ မြန်မာသည် ၎င်းတို့ နှင့် အိန္ဒိယ တောင်တရုတ်ပင်လယ် တို့ကဲ့သို့ နယ်စပ် ပြဿနာ အငြင်းပွားမှု မရှိပါဘဲလျက် အချုပ်အခြာ အာဏာ ဆိုသည်ကို အကြောင်းပြပြီး ခြိမ်းခြောက် အကျပ်ကိုင်လာခြင်း လည်း ဖြစ်သည်။

 

တရုတ်သည် ၎င်းတို့ နှင့် နယ်နမိတ် ထိစပ်နေသော နိုင်ငံ ၁၄ နိုင်ငံ ရှိနေသော်လည်း မြန်မာကဲ့သို့ နယ်စပ် အငြင်းပွားမှု မရှိသော နိုင်ငံဆို၍ အတော်လေးကို ရှားသည်၊ ရုရှား နှင့် ငြိမ်းချမ်းနေသည် ဆိုသော်လည်း ၁၉၆၉ မတ်လ တွင် နယ်စပ် တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်။ 

 

မြန်မာ တွင် ပြည်တွင်းစစ်ကြီး ဖြစ်ပွားလာမှု နှင့် အတူ ၎င်းတို့ နယ်စပ် တွင် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ မှိုလိုပေါက်လာနေ၍ လုံခြုံရေး နှင့် ပတ်သက်၍ အဖြစ်သည်းသည့် တရုတ်သည် မြန်မာ အပေါ် အထူး အာရုံစိုက်လာခဲ့သည်။

 

ရှီကျင့်ပင်သည် ၎င်း၏ GSI ဝါဒ ဖြင့် မြန်မာ၏ အချုပ်အခြာ အာဏာကို လေးစားသင့်ကြောင်း၊ အိမ်နီးချင်း နိုင်ငံများ၏ ညှိနှိုင်း ဆောင်ရွက်မှု နှင့် အတူ ဖြေရှင်းရမည်ဟု ပြောဆိုလာသော်လည်း လက်တွေ့တွင်မူ ၎င်းတို့ တနိုင်ငံတည်းသာ ပတ်သက်နေသည်၊ စုစုပေါင်း ဒေါ်လာ ၂၀ ဘီလီယံ တန်ဖိုး ရှိရင်းနှီးမြုပ်နှံထားသော စီမံကိန်းများသည် ပြည်တွင်းစစ်ကြောင့် ၎င်းတို့၏ စီမံကိန်း များ နှောင့်နှေးလာသည်။

 

၎င်းတို့၏ စီးပွားရေး၊ လုံခြုံရေး နှင့် ရည်မှန်းချက်များကို နံပတ် တစ် အဖြစ် ဦးစားပေးလာသော တရုတ်သည် ဖေဖေါ်ဝါရီ လ အတွင်း ပူးတွဲ လုံခြုံရေး ကုမ္ပဏီ ကို ထူ ထောင်လာခဲ့သည်။ မြန်မာဖက်ကလည်း ၎င်းတို့ အလိုကျ ဥပဒေပြဋ္ဌာန်း ပေးခဲ့ရသည်။

 

တရုတ်သည် အာဏာသိမ်း အဖွဲ့အား တရားဝင် အသိအမှတ် ပြုခြင်း မရှိသေးသော်လည်း ဘက်ပေါင်းစုံ မှ ကစားနေပြီး ၎င်းတို့ အကြားတွင် ချစ်ကြည်မှု မရှိသော်လည်း အပြန်အလှန် မှီခိုနေရမှု များ ရှိနေသည်။ ထို့အတွက် ၎င်းတို့ ပတ်သက်နေသည့် နှစ်ဖက်စလုံး အကြား ပြေလည်မှု ရရန် ၎င်းတို့ ဖာသာ ၎င်းတို့ ဖြန်ဖြေသူ ဟု သတ်မှတ်ပြီး ကြားပွဲစား လုပ်လာခဲ့သည်။

 

ယခုအခါ နိုင်ငံ ဧရိယာ၏ တဝက်ပင် ထိန်းချုပ် နိုင်စွမ်း မရှိတော့သော စစ်ကောင်စီ ပြိုလဲလု မတတ် ဖြစ်လာနေသည်ကို စိုးရိမ့်ထိတ်လန့်လာခဲ့သည်။

 

တရုတ်သည် လက်နက်များကို စစ်ကောင်စီ နှင့် တိုင်းရင်းသား အဖွဲ့များကို ပေးလာခဲ့ပြီး ၎င်းတို့နှင့် အနီးစပ်ဆုံး ဖြစ်သည့် ဝ တပ်များက တဖန် တော်လှန်ရေး အဖွဲ့များအား အတော်များများကို ဖြန့်ဝေ ပေးခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့ နယ်စပ်ရှိ အွန်လိုင်း ငွေလိမ်များ အား အာဏာသိမ်း အဖွဲ့ မဖြေရှင်း နိုင်မှု ကို စိတ်ပျက်လာခဲ့သည်။

 

ထို့အတွက်ကြောင့်လည်း ဘီဂျင်း၏ မသိမသာ မျက်ရိပ် ပြခဲ့မှု ကြောင့် ညီနောင်သုံးဖေါ်၏ ၁၀၂၇ စစ်ဆင်‌ ရေးသည် ထိတ်လန့်စရာ ကောင်းလောက်အောင် အောင်မြင်ခဲ့ရခြင်း ဖြစ်သည်။ ၂၀၂၃ ဒီဇင်ဘာလ အကုန်တွင် နယ်မြေ စတုရန်းမိုင် ၇,၇၀၀ ကို သိမ်းယူ နိုင်ခဲ့သည်။

 

နောက်ပိုင်းတွင် ကုန်သွယ်ရေး လမ်းကြောင်း ပြန်ပွင့်ရန် နှစ်ဖက် ယာယီ အပစ်ရပ်‌ရေး အတွက် ကြားဝင်ပေးခဲ့သော်လည်း တဖက်တွင် ကချင် လွတ်လပ်ရေး တပ်များက ထိုးစစ် ဆင်လာခဲ့သည်။

 

ဘီဂျင်းသည် စစ်ကောင်စီ အရေးနိမ့်လာတော့မည်ကို သိ၍ ဂျုရီ လူကြီးများ အား လာဒ် ထိုးသည့် နည်းဖြင့် ၎င်းတို့လိုချင်သည့် ပုံစံမျိုး ဖြစ်လာအောင် လုံးပမ်းလာကြသည်၊ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း စစ်ကောင်စီ နှင့် အတူ ပူးပေါင်းပြီး ၂၀၂၅ ရွေးကောက်ပွဲကို သဘောတူကြရန် မြူဆွယ်လာသည်။ အာဆီယံက မြို့နယ် ၁၄၅ မြို့တွင်သာ လူဦးရေ စာရင်း ကောက်နိုင်သည့် ရွေးကောက်ပွဲကို ဟန်ပြသာသာ ဟု ရှုတ်ချလာပြီး ငြိမ်းချမ်းရေး အရင် ဖေါ်ဆောင်ရန် ပြောဆိုလာကြသည်။

 

ဘီဂျင်းသည် စစ်ကောင်စီကိုသာ ပို၍ လိုလားသော်လည်း NUG မှ တည်ငြိမ်မှု ဖေါ်ဆောင် ပေးနိုင်လျင် လက်တွဲ လိုစိတ် ရှိနေသည်။ ပြဿနာ ရှိလာနေသော ရွေးကောက်ပွဲ နှင့် အတူ တည်ငြိမ်မှု ရှိအောင် မစွမ်းဆောင်နိုင်တော့မှန်း သံသယ ဝင်လာသည့်အခါ လက်ရှိ ရှုပ်ထွေးနေသော အင်အားစုများ နှင့် ၎င်းတို့လိုချင်သည့် ရလဒ် ထွက်လာအောင် လုပ်လာနိုင်ပေသည်။ 

 

အမေရိကန် ၏ အသင့်အတင်သာ ပါဝင်ပတ်သက်နေမှု ကိုလည်း ပုံကြီးချဲ့ ပြောဆိုနေဆဲပင် ဖြစ်သည်။ လက်ရှိတွင် မြန်မာ အရေးအား ဖြေရှင်းရန် နိုင်ငံတကာ၏ ကြိုးပမ်းမှု များသည် တိုးမပေါက် ဖြစ်နေဆဲပင်။ မြန်မာ တွင် လူမျိုးစု အမျိုးမျိုး ကွဲပြား‌ နေ၍ ရင်ကြား‌ စေ့ရန် မလွယ်သဖြင့် ရေရှည် တည်တံ့မည် တည်ငြိမ်မှု မျိုး ရရှိရန် မလွယ်ဟု ဆိုသော်လည်း တရုတ်သည် ၎င်းတို့ အကျိုးစီးပွား အတွက် ဩဇာညောင်းပြီးသား စစ်ရေး၊ စီးပွားရေး နှင့် သံတမန် ရေး တွင် ပုံအော်သုံးလာနိုင်မည့် အရေးကို လျော့တွက်ထား၍ မရပေ။

 

ရှီကျင့်ပင်သည် ၂၀၁၄ ခုနှစ်ကတည်းက အာရှ ၏ ပြဿနာ ကို အာရှသားတို့သာ ဖြေရှင်းရမည်ဟု မကြာခဏ ရည်ညွှန်းပြောဆိုနေသည်၊ သို့သော် မြန်မာ အရေး တွင် တိုက်ရိုက်ဆက်စပ်နေသည့် နယ်နမိတ် ထိစပ်နေသော အာရှ လေးနိုင်ငံအဖို့က အာရှ သားချင်းအတူတူ လက်တွေ့တွင် အချို့က ၎င်းတို့ထက် ပို၍ အခွင့်အရေး ရှိ၊ အရေးပါနေ သည်ဟု ယူဆနေကြသည်။

 

ထို့အတွက် ရှီကျင့်ပင် ၏ GSI အပြောကိုလည်း လက်တွေ့ မြန်မာ အရေးကို ကြည့်၍ ကြောင်သူတော် အပြောမျိုးဟု ဆိုကာ ပယ်ချခဲ့ကြပြီ ဖြစ်သည်။ အမေရိကန်သည် ၎င်းတို့ အဖို့ အခြားနိုင်ငံများထက် သာလွန်သည် ဆို‌ သော exceptionalism အယူအဆ ဖြင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးများ ဖြန့်ဝေနေချိန်တွင် တရုတ်သည် ၎င်းတို့လည်း သာလွန်သည်ဟု ဆိုကာ တရုတ် ယဉ်ကျေးမှု၊ တရုတ် ဟန်ကို လက်ခံလာအောင် လုပ်နေခြင်း ဖြစ်သည်။

 

တရုတ်သည် တချိန်က ကမ္ဘာအလယ်ပိုင်း ဘုရင့်နိုင်ငံ Middle Kingdom ကို ပြန်၍ အသက်သွင်းလိုပြီး နိုင်ငံများကို ၎င်းတို့၏ လက်တက် လက်ခွဲများ အဖြစ် ရပ်ဝန်းလမ်း စီမံကိန်း ‌ချေးငွေများဖြင့် သိမ်းသွင်းလာခြင်းဖြစ်သည်။ ယင်းကို ကမ္ဘောဒီယား နှင့် လာအို တွင် အထင်အရှား တွေ့မြင်ရမည် ဖြစ်သည်။

 

ရှီကျင့်ပင်၏ စိတ်ကူးယဉ် အယူအဆများသည် နိုင်ငံပေါင်းချုပ် အသင်းကြီး ပုံစံ ပြန် အသက်သွင်းလိုပြီး အထက်တန်းကျောင်းသား များ ၎င်းတို့စိတ်ကူးဖြင့် ဖြစ်စေချင်သော ကုလသမဂ္ဂ အဖွဲ့ကြီး မျိုး ချပြသည်ထက် မပိုပေ။

 

မြန်မာ နှင့် ပတ်သက်၍ ၎င်းတို့၏ အပြင်းဆွဲ အပျော့ဆွဲသည် ထိရောက်မှု မရှိသည့်အပြင် သံတမန် ရေးဖက်တွင်လည်း အယောင်ဆောင် မူဝါဒ များ ရှေ့တန်းတင်လာ၍ အမှားမှား အယွင်းယွင်း ဖြစ်ခဲ့ရသည်။ 

 

၎င်းတို့၏ စီးပွားရေး နှင့် မဟာဗျူဟာ ပိုင်း အင်အားကြီးလာမှု ကို အရာသွင်းခဲ့ခြင်း မရှိသည့် လက်ရှိ ကမ္ဘာ စနစ်ကိုလည်း စိတ်ကုန်ခန်းလာနေသည်။ အင်အားကြီး နိုင်ငံစုံ ပါဝင် စီမံခန့်ခွဲရမည် ဆိုသော multipolar စနစ်သည်လည်း ၎င်းတို့ကိုသာ အဓိက နေရာတွင် ထားပြီး ဘရာဇီး၊ တူရကီ၊ အိန္ဒိယ ကဲ့သို့ ပေါ်ထွန်းစ အင်အားကြီး နိုင်ငံများကို လူရာသွင်းမည့် စနစ်မျိုး မဟုတ်ပေ။

 

မြန်မာနိုင်ငံ၏ ကံကြမ္မာ နှင့် ကမ္ဘာ့အစီအစဉ်တစ်ခုလုံး၏ အနာဂတ်သည် ဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်မည့် အင်အားချိန်ခွင်လျှာအသစ်တစ်ခု တည်ဆောက်နိုင်မှုအပေါ် မူတည်နေပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!