အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး အဖို့ပြည်တွင်းရေး၊ နိုင်ငံတကာ အရေး နှင့် စစ်မြေပြင် အခြေအနေများ ၏ လက်တွေ့ ဖြစ်ပျက်နေသည်များကို အမှန် အတိုင်း မြင်နိုင်စွမ်း မရှိ ဖြစ်လာနေသည် ဟု အစချီကာ အေးရှား တိုင်းမ် တွင် The grand delusions of Myanmar’s Min Aung Hlaing ခေါင်းစဉ် ဖြင့် မတ်လ ၁၉ နေ့စွဲဖြင့် ရေးသားထားသည်ကို တင်ပြသွားမည် ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လ အတွင်း မင်းအောင်လှိုင်သည် ရုရှား သမ္မတ ဗလာဒီမာ ပူတင် နှင့် ဘေးချင်း ယှဉ် ရပ်နိုင်ခွင့် ရရှိလာခဲ့သည်။ ပူတင်အားလည်း ဗုဒ္ဓ ဘုရားရှင်၏ ဗျာဒိတ်တော်လာ မင်းကြီး အဖြစ် ပြောဆိုခဲ့သည်။
၎င်းအဖို့ ထိုသို့ အတိသယဝတ္ထိ အလင်္ကာ သုံး ပြောဆိုခဲ့ရခြင်းသည်လည်း ရည်ရွယ်ချက် ကြီးကြီးမားမား ရှိနေသည်။ လက်ရှိတွင် ဘက်ပေါင်းစုံ အကျပ်အတည်း ကျလာနေသော မင်းအောင်လှိုင် သည် ရုရှားကဲ့သို့ အင်အားကြီး နိုင်ငံ တနိုင်ငံ၏ အသိအမှတ် ပြုခံရဖို့ သေရေးရှင်ရေး တမျှ အရေးကြီးနေ၍ လည်း ထိုသို့ မ ထော် တနန်း ပြောဆိုရဖို့လည်း ဝန်မလေး ခြင်း ဖြစ်သည်။ သို့သော် ပြဿနာ ဖြစ်နေရသည်ကား ၎င်း၏ စကားကော၊ လုပ်ရပ်များကကော ပကတိ ဖြစ်ပျက်နေသည်များအား ကိုယ်စားမပြုခြင်း ပင် ဖြစ်သည်။
မင်းအောင်လှိုင်သည် နိုင်ငံဧရိယာ၏ ၃၀ ရာနှုန်းသာ ထိန်းချုပ် နိုင်တော့ကြောင်း ခန့်မှန်း ပြောဆိုမှု များ ထွက်ပေါ်နေသည်။ ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့၏ ထိုးစစ်ကြောင့် စစ်မျက်နှာ အသီးသီး တွင် ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့သည်။
အကွဲကွဲ အပြားပြား ဖြစ်နေသော တော်လှန်ရေး အဖွဲ့များ အချင်းချင်း ပို၍ ပူးပေါင်း ဆောင်ရွက်လာကြသလို အမျိုးသား ညီညွတ်ရေး အစိုးရသည်လည်း နိုင်ငံ တကာ၏ ထောက်ခံမှု ကို တိုး၍ ရရှိလာနေသည်။
ထိုသို့ အနေအထားများ ရှိနေသော်လည်း ၎င်း ဖွဲ့စည်းထားသည့် စစ်ကောင်စီသည် နိုင်ငံကို ထိန်းချုပ် နိုင်နေသေးသည်ဟု ထင်ယောင်ထင်မှား ဖြစ်နေပြီး ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ပင် အဆံမပါသည့် ကတိကို ပေးလာခဲ့သည်။
မင်းအောင်လှိုင်သည် အသေအချာ တွက်ချက်ပြီး ပူတင်အား မြှောက်ပင့် ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ရုရှားသည် လက်နက်သာမက ကုလသမဂ္ဂ တွင် သံတမန်ရေးအရပါ ကျောထောက်နောက်ခံ ပေးထားသည်။
ပူတင် အဖို့ တလုံးတပါဒ မျှ သိမည် မဟုတ်သော ဗုဒ္ဓဘုရားရှင်ကိုပင် ဆွဲထည့်လာပြီး ရုရှား၏ ဆက်လက်ထောက်ခံမှု ရအောင် ပုံသွင်းလာခဲ့သည်။ ၎င်းတို့ကို ထောက်ခံ ပေးနေခြင်းသည်ပင် နိုင်ငံ ရေး ကြောင့်ပင် မဟုတ်တော့ဘဲ ဗျာဒိတ်တော်လာ အတိုင်း ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ပူတင်ဆီကတော့ ဆက်၍ ပူးပေါင်းဆောင်ရွက်သွား မည်ဟူသော မရေမရာ အာမခံချက်မျိုးသာ ကြားခဲ့ရသည်။ ၎င်းအဖို့က ယူကရိန်းသည်သာ အရေးကြီး နေပြီး မြန်မာကိုမူ ပါတနာဟုပင် သဘောမထားဘဲ နယ်ရုပ်တရုပ် အဖြစ်သာ ယူဆထားသည်။
တရုတ်သည် အရောင်းအဝယ် သဘောမျိုး နှင့် နားလည်ရ ခက်သည့် ဂိမ်း မျိုး ကစားနေ၍ မင်းအောင်လှိုင်သည် မော်စကို ကိုသာ မလွတ်တမ်း ဖက်တွယ်ထားလိုသည်။ တရုတ်သည် ၎င်းတို့အား သံတမန် ရေး နှင့် စီးပွားရေး တွင် ထောက်ခံမှု ပေးထားသော်လည်း ဟိုဖက် ဒီဖက် မည်သူပင် အနိုင်ရစေကာမူ ၎င်းတို့၏ ဩဇာ သက်ရောက်နိုင်ဖို့သာ အာရုံထားနေသည်။
အာဏာသိမ်း အဖွဲ့အဖို့ စစ်မြေပြင်တွင် အရေးနိမ့်လာနေသည်နှင့် အမျှ အဆိုပါ အရေး ကို မည်သို့ ထိန်းညှိရမည် ဆိုသည့် မေးခွန်း များ အစီအရီ ထွက်ပေါ်လာနေသည်။ လက်ရှိတွင် အနားယူသွားသည့် စစ် အရာရှိများကိုပင် ပြန်ခေါ်နေပြီး ၎င်းတို့ဖက်မှ ပါဝင်မည်ဆိုက နိုင်ငံခြားသားများကိုပင် နိုင်ငံသား ပေးမည်ဟု ကမ်းလှမ်းလာသည်။
စစ်ရေး လေ့လာသူ အန်တိုနီ ဒေးဗီစ်ကမူ စစ်တပ်သည် တကြိမ်တခါဖူးမျှ ယခုလို ကျယ်ကျယ်ပြန့်ပြန့် နှင့် အပေးအယူ မျှစွာ တိုက်ခိုက်လာမှုမျိုး ကြုံခဲ့ရဖူးခြင်း မရှိဟု ဆိုသည်။။
အာဆီယံ အဖွဲ့သည် လူပြောခံနေရသော အချက် ငါးချက် မှ သဘောထား ပြောင်းလာရဖို့ ရှိနေပြီး ဒေသတွင်း ဒုက္ခသည် ပြဿနာ ကြီးထွားလာမည့် အရေးအတွက် စိုးရိမ်ထိတ်လန့် လာ နေပြီ ဖြစ်သည်။ အသိသာဆုံးက အာဆီယံ သည် ၎င်းတို့ လုပ်မည့် ရွေးကောက်ပွဲကို မထောက်ခံတော့ခြင်းပင် ဖြစ်သည်။ ထိုအစား တည်ငြိမ်မှု ရရှိရေး အတွက် ချက်ခြင်းလက်ငင်းဆိုသလို အပစ်အခတ် ရပ်စဲရန် တောင်းဆိုလာကြသည်။ အထူးသဖြင့် မလေးရှား၊ အင်ဒိုနီရှား နှင့် စင်္ကာပူ တို့မှ ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆို နေကြသည်။
မင်းအောင်လှိုင်သည် အပစ်အခတ် ရပ်စဲရန် စိတ်ကူးထဲပင် မထည့်သေးပေ။ ၎င်းအဖို့က ဆက်၍ အသက်ရှင် ရပ်တည်နိုင်ရေး အတွက် တခုတည်း သော နည်းလမ်းသည် စစ်ရေးအရ အသာစီးရနေဖို့ပင် ဖြစ်သည်။
မင်းအောင်လှိုင်သည် အပေးအယူ လုပ်ရန် ငြင်းဆိုနေခြင်းသည် နိုင်ငံရေး အရ အတွက်အချက် မှားခြင်း မျိုး မဟုတ်ဘဲ နိုင်ငံတွင်း အကွဲအပြဲများ ဆက်ရှိနေစေဖို့ ဖြစ်သည်ဟု ဝါရှင်တန် စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာ က ထောက်ပြခဲ့သည်။
ယခင်ကလို ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးခြင်းမျိုး ဖြင့် စစ်တပ် နှင့် ဒီမိုကရေစီ အင်အားစု များ အကြား ပြန်၍ ရင်ကြားစေ့လာနိုင်မည့် အလားအလာမျိုးလည်း မရှိတော့ပေ။
NUG တွင်လည်း ဒေါ်အောင်ဆန်းစုကြည် နေရာကို ဆက်ခံပြီး စုစည်းပေးနိုင်မည့် လူမျိုး ထွက်ပေါ် မလာသေးပေ။
သူမ ကွယ်ပျောက်နေခြင်းသည် ဦးဆောင်မှု အပိုင်းတွင် လေဟာနယ်ကြီး ဖြစ်နေ၍ အကွဲကွဲ အပြားပြား ဖြစ် နေသမျှ ရေရှည်တွင် စစ်တပ်ဖက်က တပန်းသာလာ နိုင်သည်။ မြန်မာ၏ အနာဂတ်သည် ဇွဲသတ္တိ အပြည့်ဖြင့် စိတ်မာခက်ထန်စွာ အလျော့မ ပေးဘဲ တိုက်ခိုက်နေသည့် မျိုးဆက်သစ် လူငယ်များက ပုံဖေါ်သွားဖို့ ရှိနေသည်။
ထိုအလားအလာသည် မင်းအောင်လှိုင် အတွက် နှစ်ဖက် ချွန်မြနေသည့် ဓါးသွားလို ဖြစ်လာ နေသည်။
ဒေါ်အောင်ဆန်းစုကြည် ကွယ်ပျောက်နေသည့် အတွက် အစဉ်အလာ အတိုက်အခံ ပုံစံမျိုး မရှိတော့။ မင်းအောင်လှိုင် အတွက် စစ် မြေပြင် တွင် ဒီထက်မက အရေးနိမ့်လာလျင် စေ့ဆပ်ဆွေးနွေး ပေးခြင်းမျိုးဖြင့် ဝင်ရောက်ညှိနှိုင်းပေးမည့် လူ မရှိတော့။
မင်းအောင်လှိုင်၏ အကျပ်အတည်းက ရှင်းလင်းစွာ တွေ့မြင်နေရပြီ ဖြစ်သည်။ ၎င်းသည် အနိုင်မရ နိုင်တော့သော စစ်ပွဲကို တိုက်နေရသူ ဖြစ်လာသည်၊ လက်လွှတ်ခံ၍ မဖြစ်သော နိုင်ငံတကာ အသိုက်အဝန်းကလည်း ဖယ်ကျဉ်လာနေ၍ ၎င်း၏ တရားဝင် အုပ်ချုပ်ပိုင်ခွင့် အတွက် အသိအမှတ် ပြုခံရဖို့ ပို၍ အကျပ်ရိုက်လာသည်။ ၎င်း နှစ်ကုန်ပိုင်း တွင် လုပ်ပေးမည် ဆိုသည့် ရွေးကောက်ပွဲသည်လည်း လက်ရှိ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဝေးသည်ထက် ဝေးလာနေပြီ ဖြစ်သည်။
မော်စကို တွင် ကြီးကြီးကျယ်ကျယ် ပြောဆိုလာမှုများ၊ စစ်မြေပြင်တွင် သွေးကြွလာအောင် ပြောဆို အင်အားပြ နေသည့် စကားများသည် ပြည်တွင်း စစ်မြေပြင်တွင် တကယ်တမ်း ရင်ဆိုင်နေရသည့် အမှန်တရားကို ဖုံးကွယ် နိုင်စွမ်း မရှိသည်ကို တွေ့ရသည်။
စစ်တပ်၏ ချုပ်ကိုင် နိုင်မှုသည်လည်း ပြေလျော့လိုက်လာနေမှု နှင့် အတူ စစ်ခေါင်းဆောင်များ ဆက်၍ ရပ်တည်သွား နိုင်ရေးသည်လည်း တိုး၍ တိုး၍ ခြိမ်းခြောက်ခံလာနေရသည်။
ဗိုလ်ချုပ်မှုးကြီး၏ အနာဂတ်သည်လည်း ၎င်း၏ ကြီးကျယ်ခမ်းနားသော စိတ်ကူးယဉ်အိပ်မက်များ ရှိနေသည့် ကြားမှ တဖြည်းဖြည်း မရေရာမှုတွေ များလာ နေပြီ ဖြစ်သည်ဟု ရေးသားထားသည် ကို ကောက်နှုတ် တင်ပြလိုက်ရပါသည်။
ယခင်က "သူလည်း တတ်နိုင်သလောက်တော့ လုပ်သွား ပါတယ်" ဟု အခြောက်တိုက် ဘဝင်မြင့် ကာ ပြောဆိုခဲ့သော မင်းအောင်လှိုင်သည် ယခုအခါ ဆက်၍ ရပ်တည်သွား နိုင်ဖို့ နည်းမျိုးစုံ နှင့် လုံးပမ်းနေရရှာပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!