ဒုတိယ ကမ္ဘာစစ် အပြီး နိုင်ငံတကာ ဆက်ဆံရေးကို ပုံဖေါ်ခဲ့ရာတွင် အဓိက နေရာမှ ပါဝင်လာခဲ့သည်။အခြား အချိန်များ ကာလ များ နှင့် မတူဘဲ အခြေခံကျကျ ကွာခြားလာခဲ့သည်က အမေရိကန် ပြည်ထောင်စုသည် နိုင်ငံပေါင်း ဆယ်တစ်နိုင်ငံ နှင့် အုပ်စုဖွဲ့၍ ငြိမ်းချမ်းသောကာလ မဟာမိတ်များ အဖြစ် တည်ထောင်လာခဲ့ခြင်းပင် ဖြစ်သည်။
ဤသို့ဖြင့် နေတိုး ခေါ် မြောက်အတ္တလန်တစ် စာချုပ် အဖွဲ့ကြီးအား စစ် အေး တိုက်ပွဲကြီး၏ အစ ၁၉၄၉ တွင် တည်ထောင်ခဲ့ပြီး ခေတ်သစ် ဥရောပ သမိုင်းကို စတင် ဖွင့်လှစ်ခဲ့သည်။ အဓိက အားဖြင့် ဆိုဗီယက် ပြည်ထောင်စု မှ ခြိမ်းခြောက်လာပြီဟု ယူဆလာကြသောကြောင့်လည်း ဖြစ်သည်။
ထိုသို့ ယူဆလာပြီး ဒီမိုကရေစီ တန်ဘိုး ကို ကာကွယ်လိုသည့် နိုင်ငံများကိုလည်း လက်ကမ်းကြိုဆိုခဲ့သည်။ ထို့အတွက် လည်း ဆိုဗီယက် သည် ဝါဆော စာချုပ် အဖွဲ့ကို ၁၉၅၅ တွင် တည်ထောင်ပြီး တုန့်ပြန်လာခဲ့သည်။ ဆိုဗီယက် ဦးဆောင်ဖွဲ့စည်းလာသော ဝါဆော အဖွဲ့တွင် အခြား ရွေးချယ် ပိုင်ခွင့် မရှိသည့် ၎င်းတို့၏ ဩဇာခံ ခုနှစ်နိုင်ငံ ပါဝင်လာခဲ့သည်။
မဟာမိတ် ဖွဲ့ရာတွင် ရည်ရွယ်ချက် များစွာ ရှိနေသည်။ အခြေခံ အကျဆုံး ရည်ရွယ်ချက်သည် ပြည်ပရန်များကို ဟန့်တားရန် နှင့် လိုအပ်လာလျင် ကာကွယ်နိုင်ရန် အတွက် ဖြစ်သည်။ အားနည်းသော နိုင်ငံများသည် အင်အား တောင့်တင်းသော နိုင်ငံများ နှင့် ပူးပေါင်းလာခြင်းဖြင့် ရန်လိုသော အင်အားကြီး နိုင်ငံ များ နှင့် ရင်ဆိုင်လာရသည့် အခါ လုံခြုံရေးကို အာမခံ နိုင်ပြီး အစစ်အမှန် လွတ်လပ်ရေး ကို ထိမ်းသိမ်း နိုင်ခဲ့ကြသည်။
နိုင်ငံ အများစု ကတော့ မဟာဗျူဟာ အရ မှီခိုလာရခြင်း၊ ကိုယ်ပိုင် ဆုံးဖြတ်ခွင့် မရှိခြင်းတို့ကြောင့် ရေရှည် ဖြစ်မည် မဟုတ်ဟု ယူဆခဲ့ကြသည်။ အဘယ်ကြောင့် ဆို သော် မဟာမိတ် အဖွဲ့ထဲ ဝင်မည် ဆိုက အဖွဲ့ထဲရှိ အင်အားကြီး နိုင်ငံ၏ ဆုံးဖြတ်ချက်ကို လက်ခံရ၍ ကိုယ့်သဘော နှင့် ကိုယ် လုပ်ခွင့် မရတော့သော ကြောင့် ဖြစ်သည်။
အင်အားကြီးသော နိင်ငံများကမူ မဟာမိတ်များ၏ ကျောထောက် နောက်ခံ ရှိလာ၍ ခုခံစစ် သို့မဟုတ် ထိုးစစ်ကို ဆင်နွှဲနိုင်သည့် စွမ်းရည်ကို မြှင့်တင်နိုင်ခြင်း နှင့် အခြား ရည်မှန်းထားသည်များကို လုပ်နိုင်ခွင့် ရှိလာသည်။
မဟာမိတ် ဆိုသည်က မိမိတို့၏ လက်ရှိအင်အား ကို ဆပွားလိုက်ခြင်းသာ ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း အမေရိကန် ပြည်ထောင်စုသည် ရုရှား နှင့် တရုတ်တို့ အပေါ် တပန်းသာနေရခြင်း ဖြစ်သည်။
ထိုနှစ်နိုင်ငံ အဖို့က အများအားဖြင့် ဖြစ်လာသမျှ ပြဿနာ များကို မည်သူထံမှ အကူအညီ တစုံတရာ မရဘဲ တဦးတည်း ရင်ဆိုင်ရမည် ဖြစ်သည်။
မဟာမိတ် အဖွဲ့ အနေဖြင့် ၎င်းတို့၏ ဩဇာစက်ဝန်းကို ချဲ့နိုင်သည့် လမ်းကြောင်း ရှိလာပြီး အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံခြားရေး မူဝါဒ များကိုလည်း ကန့်သတ်ထိန်းချုပ် နိုင်သည်။ လုံခြုံရေး အတွက် အာမခံ ချက် ပေးထား၍လည်း အဖွဲ့ဝင် နိုင်ငံများ အဖို့ အချို့မရှိမဖြစ်သော လက်နက်များ ဥပမာ နျူကလီယား လက်နက်များ ထုတ်လုပ်ရမည့် အရေးကို စဉ်းစားဖို့ မလိုတော့အောင်အထိ အကျိုးအမြတ် ရှိလာခဲ့သည်။
ဥပမာ အားဖြင့် ဂျပန် နှင့် တောင်ကိုရီယား သည် အမေရိကား၏ မဟာမိတ် ဖြစ်လာသဖြင့် နျူလက်နက်များ ၎င်းတို့ ကိုယ်ပိုင် ထုတ်လုပ်ရန် လိုအပ်မှုကို အတိုင်းအတာ တခုထိ လျော့ချပစ်န်ုင်ခဲ့သည်။
အခြားသော အင်အားကြီး နိုင်ငံများ၏ ခြိမ်းခြောက် အကျပ်ကိုင်လာမှု မျိုးကို အလျော့ပေး လိုက်လျောစရာ မလိုဟုသော ယုံကြည်မှု များ တိုးပွားလာခဲ့သည်။
သို့သော်လည်း မဟာမိတ် ပြုမှု သည် မည်မျှပင် ခိုင်မာသည် ဆိုစေဦး အကျပ်အတည်းနှင့် တကယ်တမ်း ကြုံလာရသည့် အခါ ၎င်းတို့ချည်း ရင်ဆိုင်ရမည် လား ဆိုသည့် စိုးရိမ်စိတ်များက အနည်း နှင့် အများ ဆိုသလို ရှိနေကြသည် ချည်းသာ ဖြစ်သည်။
ပြင်သစ် ခေါင်းဆောင် ချားလ် ဒီဂေါ မှ အမေရိကန်သည် နယူးယောက်ကို အဖျက်ဆီးခံပြီး ပါရီ ကို ကယ်တင်မည်လားဟု သူ၏ သံသယ ရှိနေမှု ကို မကြာခဏ ဆိုသလို ထုတ်ပြောခဲ့ဖူးပေသည်။ ထိုအတွက်ကြောင့်လည်း ပြင်သစ်သည် ၁၉၅၀ ကျော် နှစ်များ အတွင်း ကိုယ်ပိုင် နျူကလီယား လက်နက်များ ထုတ်လုပ်ရန် စတင်လာခဲ့ခြင်းလည်း ဖြစ်သည်။
အင်အားကြီးသော နိုင်ငံ ဖြစ်နေစေကာမူ မဟာမိတ် အဖွဲ့ ဆိုသည်က အန္တရာယ် နှင့် ကုန်ကျရမည့် စရိတ်များ ရှိနေသည်။ ၎င်းတို့ ကြောင့် မဟုတ်ဘဲ အဖွဲ့ဝင် နိုင်ငံ တနိုင်ငံ ကြောင့် အခြေအနေတခု တွင် ပိတ်မိခံလိုက်ရသလို ဖြစ်လာနိုင်သည်။ ထို့အပြင် မဟာမိတ် နိုင်ငံများက ၎င်းတို့ လုပ်ချင်သည်များကို မထောက်ခံခြင်း၊ လိုက်မလုပ်သည့် အခါများလည်း ရှိလာ နိုင်သည်။
ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်မလာခဲ့လျင်ပင် အင်အား အကြီးဆုံး နိုင်ငံသည် ကာကွယ်ရေး ပိုင်းတွင် ပို၍ ရင်းနှီးမြုပ်နှံ ပေးရစမြဲလည်း ဖြစ်သည်။ သို့မှလည်း ၎င်းတိူ့ အဖွဲ့ကြီးကို လေးစားသမှု နှင့် ဆက်ဆံကြမည်လည်း ဖြစ်သည်။
မဟာမိတ် ဖြစ်လာပြီ ဆိုက အင်အား ကြီးသည် ငယ်သည် ဖြစ်စေ ကျယ်ပြန့်လှသည့် တာဝန် ဝတ္တရားများ၊ ထွက်ပေါ်လာမည့် အကျိုးဆက်များ အတွက် မိမိတွင်ရှိ အရင်းအမြစ်များကို ထည့်ဝင် ပတ်သက်ရတော့မည်လည်း ဖြစ်သည်။
ဥပမာ အားဖြင့် နေတိုး၏ ဖွဲ့စည်းပုံ အပိုဒ် ငါး တွင် အဖွဲ့ဝင် နိုင်ငံတနိုင်ငံအား တိုက်ခိုက်လာပါက ကျန် အဖွဲ့ဝင် နိုင်ငံများကို တိုက်ခိုက်ခံရသကဲ့သို့ မှတ်ယူရမည်ဟု ပါရှိသည်။ ဆိုလိုသည်က တိုက်ရိုက် အတိုက်ခိုက် မခံရလျင်ပင် အားလုံးက စစ်ရေးအရ လက်တုန့်ပြန်ကြရမည် ဖြစ်သည်။
ထိုသို့ မဟာမိတ် အဖွဲ့ တခု၏ ယုံကြည် အားထား ရမှုသည် အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ဆောင်ချက် အပေါ်တွင်သာ မူတည်နေသည်။ မဟာမိတ်အဖွဲ့၏ အဓိက တာဝန်ဝတ္တရားများ မည်သည့် အချိန်တွင် စတင်ရမည် နှင့် အဆိုပါ တာဝန်ဝတ္တရားများက ဘာတွေလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်ပေသည်။