ဂေါ်ကီ ၏ အမေ(5)

by Hla Soewai - Mar 24 2025

အခေါင်းထဲရှိ သူ၏ သက်မဲ့ ခန္ဓာကိုယ်ကြီးသည် ပါးစပ်ဟောင်းလောင်း နှင့် ဖြစ်နေသည်။ မျက်ခုံးများကလည်း မျက်မှောင်ကြုံ့ထားသလိုမျိုး ဆက်နေသည်။ သူ့ အား သင်္ဂြလ်ရာသို့ မိန်းမ နှင့် သား၊ သူ၏ ခွေး အပြင် လူ ဆို၍ သောက်ဖေါ်သောက်ဖက် သူခိုး တယောက် ဖြစ်သည့် ဒင်နီယယ် ဗိုင်ဆော့ချီကော့၊ အလုပ်ပြုတ်ထားသည့် စက်ရုံ မှ သံရည်ကြိုသမား နှင့် မြို့စွန်ရှိ သူတောင်းစား တယောက်စ၊ နှစ်ယောက်စ သာ ရောက်လာကြသည်။

 

ဇနီးဖြစ်သူကတော့ အသံမထွက်ဘဲ သူမ ဆီက တချက်တချက် ရှိုက်သံလောက်သာ ကြားရသည်။ ပါဗယ်ကတော့ မငို၊ အသုဘ ချလာသည်ကို တွေ့ရသော ဖြတ်သွားဖြတ်လာများက ခဏရပ်ပြီး လက်ဝါးကပ်တိုင် ပုံစံ ရင်ဘတ် ပေါ် ကြက်ခြေခတ် ခတ်လိုက်ကြရင်းက "သူသေသွားလို့ ပီလာဂူယာ ‌တော့ ဝမ်းသာ နေ လောက်ပြီ" ဟု ပြောကြသည်။ အချို့ကလည်း သေတာ မဟုတ်ပါဘူး၊ မကောင်းဆိုးဝါးကြီး တကောင် ပုတ်သိုး ဆွေးမြေ့သွားသလို မျိုး ပါဟု" ဝင်ပြောကြသည်။

 

အလောင်းကို မြေချပြီးသည့် အခါတွင်တော့ လူများ ပြန်သွားကြသော်လည်း ခွေးက အနားတွင် အချိန် အတော်ကြာသည် အထိ နေကျန်ခဲ့သည်။တိတ်ဆိတ်စွာ ဆောင့်ကြောင့် ထိုင်ရင်း အသစ်စက်စက် ဖို့ထားသော မြေကြီးကို တရှုံ့ ရှုံ့ နမ်း‌ နေခဲ့သည်။

 

******************

 

အခန်း (၂) 

 

ဖခင် ဖြစ်သူ သေဆုံးပြီး နှစ်ပတ် အကြာ တနင်္ဂနွေ တရက်တွင် ပါဗယ်သည် အရက် အလွန် အကျွံ မူးပြီး အိမ် ပြန်လာသည်။ ဒယိမ်းဒယိုင် နှင့် အိမ်ပေါ် တက်လာပြီး အခန်း‌ ဒေါင့် တနေရာရှိ ထမင်းစားပွဲသို့ပင် လေးဖက် တွားသွားခဲ့ရသည်။ ထို့နောက် စားပွဲကို အဖေ ဖြစ်သူ လုပ် နေကျ အတိုင်း လက်သီး နှင့် ထုလိုက်ပြီး...

 

'အမေ...ကျုပ် ထမင်းစားတော့မယ်" ဟု အော်ဟစ်လိုက်သည်။

 

အမေသည် သူရှိရာ လျောက်သွားပြီး ဘေး တွင် ထိုင်ချလိုက်သည်။ ထို့နောက် သားဖြစိသူ အား ပွေ့ဖက်ကာ ခေါင်းကို သူမ ရင်ခွင်နှင့် ‌အပ်ထားလိုက်သည်။ သို့သော် ပါဗယ်သည် အမေကို တွန်းထုတ်လိုက်ပြီး...

 

"အမေ ရာ...မြန်မြန်လုပ်ပါဗျ" 

 

"အရူးလေး" ဟုသာ အမေက ဆို့နင့်သော အသံဖြင့် ကြင်ကြင်နာနာ ပြောလိုက်ပြီး သူမ၏ ယုယမှု အား တွန်းထိုး ရုန်းကန်နေသည်ကို မသိကျိုးကျွံ ပြုလိုက်သည်။

 

"ကျွန်‌ တော် ကို အဖေ ဆေးတံပေးဗျာ၊ သောက်မလို့" ပါဗယ်က လျှာလေး အာလေး နှင့် မပီမသ ‌ပြောလိုက်ပြန်သည်။

 

ပါဗယ်သည် အရက်မူးလာသည်မှာ ယခု အကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်သည်။ အရက်ကြောင့် ခန္ဓာကိုယ်သည် မလှုပ်နိုင် မယှက်နိုင် ဖြစ်နေသော်လည်း အသိက တော့ ရှိနေဆဲ ဖြစ်သည်။ သူ၏ ဦးနှောက်ကို တံခါး ခေါက်လာသည့် မေးခွန်းကား "မူး‌နေလား" ဆိုသည်ပင် ဖြစ်သည်။

 

မိခင် ဖြစ်သူက ချစ်စနိုး ဖြင့် တယုတယ လုပ်လာခြင်းကိုလည်း စိတ်အနှောက်အယှက် ဖြစ်နေသည်။ အမေ၏ မျက်လုံးအိမ်တွင် ဝမ်းနည်းမှု အရိပ်အယောင်များ တွေ့လိုက်ရပြန်၍ စိတ်ထိခိုက်သွားခဲ့ရပြန်သည်။ သူ့စိတ်ထဲ တွင် ငိုချ လိုက်ခြင်စိတ် များ ပေါ်လာသည်ကို လမ်းလွှဲပစ်နိုင်ရန် လိုတာထက် ပို၍ မူးချင်‌ဟန် ဆောင်နေခြင်းလည်း ဖြစ်သည်။

 

အမေက သူ၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို ပွတ်သပ်ပေးနေရင်းက တိုးညှင်းသော အသံဖြင့် "သားရယ် ဘာလို့ ဒီအရက်တွေကို သောက်လာရတာလဲ၊ သား မသောက်သင့်ဖူးဆိုတာ သိရက်သားနဲ့ကွယ်"

 

ပါဗယ်လည်း အရက်ဒဏ်ကြောင့် ‌ပျို့ချင် အန်ချင်သလို ဖြစ်လာပြီး ကိုယ်လက်မအီမသာ ဖြစ်လာသည်။ အမေက သူ့ကို အိပ်ယာထဲ တွဲခေါ်ပြီး ဖြူဖတ် ဖြူ‌ ယော် ဖြစ်နေသော နဖူးပေါ် ရေစွတ်ထားသည့် မျက်နှာသုတ် ပုဝါ နှင့် သုတ်ပေးသည်။

 

အနည်းငယ် သက်သာ သလို ရှိလာသော်လည်း သူ့ပတ်ဝန်းကျင်ရှိ အရာများက ယိမ်းထိုးနေသလို တွေ့လာရသည်။ မျက်ခွံများက လေးလံလာပြီး ပါးစပ်ထဲတွင်လည်း ချဉ်စူးစူး ခါးသက်သက် ဖြစ်နေသည်။ လေးလံ‌ နေ‌ သော မျက် တောင်များ အောက်မှ မိခင် ဖြစ်သူ၏ မျက်နှာကို မြင်နေရပြီး သူ၏ အတွေးများက လည်း တောင်ရောက်မြောက်ရောက် ဖြစ်လာသည်။

 

အမေ၏ နူးညံ့သော အသံသည် အဝေးတနေရာမှ ပြောနေသလို ထင်နေရသည်။

 

"ငါ့သား အခုလို သောက်နေရင် ဘယ်လိုများ အိမ်ထောင်စုကို လုပ်ကျွေး နိုင်မယ့်သူ ဖြစ်လာမှာလဲ"

 

ပါဗယ်က မျက်လုံးကို တင်းကျပ်စွာ မှိတ်လိုက်ရင်းက "လူတိုင်း သောက်နေကြတာပဲ အမေရာ" ဟု ဖြေလိုက်သည်။

 

သူ့စကားကြောင့် အမေသည် သက်ပြင်း တချက် ချလိုက်သည်၊ သားဖြစ်သူ ပြောသည်ကလည်း အမှန်ပင် ဖြစ်သည်။ လူများ အဖို့ အရက်ဆိုင်ကလွဲ၍ အခြား အပန်းဖြေစရာ ဟူ၍ မရှိသည်ကို သူမ ကိုယ်တိုင်လည်း သိထားပြီး ဖြစ်သည်။ ဝီစကီ၏ အရသာ အပြင် သူတို့ အားလုံး အတွက် အခြား စိတ်ကျေနပ် ဖွယ်လည်း တစက်ကလေးမျှပင် မရှိ။ သို့သော်လည်း အမေက ပြောစရာ ရှိတာကိုတော့ ပြောလာခဲ့သည်။

 

"မင်းအဖေကြောင့် အမေ စိတ်ဆင်းရဲခဲ့တယ်၊ အမေကို သနား တယ် ဆိုရင် ငါ့သား အရက် မသောက်ပါနဲ့လားကွယ်"

 

အမေ၏ နူးနူးညံ့ညံ့ နှင့် သနားစဖွယ် ပြောလာသော စကားများကို နားထောင်ရင်း အဖေ ရှိနေစဉ် တချိန်လုံး အမေသည် အိမ်တွင် ဘယ်သူ မှ ရှိတယ်လို့ သဘောထား မခံရသည့် ဘဝ နှင့် နေခဲ့ရသည်၊ အမြဲလို အသံပင် မထွက်ရဲဘဲ ဘယ်အချိန် အဖေက ထရိုက် လိမ့်မလဲ ဟု စိုးရိမ်ကြောင့်ကြ စိတ်ဖြင့် နေလာခဲ့ရသူ ဖြစ်သည်။ သူ ကိုယ်တိုင်လည်း အဖေ နှင့် မျက်နှာခြင်း မဆိုင်လို၍ အမြဲလို အိမ်ကို အတော် နောက်ကျမှ ပြန်ခဲ့သည်ချည်း ဖြစ်သည်။ ထို့အတွက်လည်း အိမ်မှာ အမေ ရှိနေပါလားဟု သတိမထားနိုင် ဖြစ်လာခဲ့သည်။

 

ယခု အမူး အတော်အတန် ပြေလာပြီ ဖြစ်၍ အမေကို စူးစူးစိုက်စိုက် ကြည့်လိုက်မိသည်။