ဒူတာတေး အား ဖမ်းဆီးခဲ့မှု

by Hla Soewai - Mar 24 2025

မတ်လ ၁၁ ရက်နေ့ မနီလာ တွင် လေယာဉ် ပေါ်မှ အဆင်း ဖိလစ်ပိုင် သမ္မတဟောင်း အဖမ်းခံခဲ့ရသည်။ ၎င်းအား သူရဲ‌ ကောင်း ကြီး အဖြစ် ထောက်ခံသူ ရာပေါင်းများစွာ သည် လေတပ် အခြေစိုက်စခန်း အပြင်ဖက် တွင် စုရုံးရောက်ရှိလာပြီး ၎င်းအား တရား လမ်းကြောင်း အတိုင်း မလုပ်ဘဲ ဖမ်းဆီးခဲ့သည်ဟု ကန့်ကွက် ပြောဆိုလာကြသည်။

 

ဤသည်ကပင် ကိုယ့်ဖက် မျှားဦး လှည့်လာစေမည့် အပြောမျိုး ဖြစ်နေသည်။ ဒူတာတေးသည် ၎င်း အာဏာ ရှိစဉ်က ထောင်ပေါင်းများစွာသော လူများကို တရားဥပ‌ဒေ ပြင်ပ ကွပ်မျက်နည်း မျိုး ဖြင့် သတ်ဖြတ်ရန် ရဲအဖွဲ့ကို ခိုင်းစေခဲ့သူ ဖြစ်သည်။ ၎င်း အနိုင်ရခဲ့သည့် ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်ကာလ အတွင်း မနီလာ ပင်လယ်အော်ရှိ ငါးများ အသား ‌တွေ ဆူဖြိုးလာသည်အထိ လူအများ အပြားသတ်ဖြတ်သွားမည်ဟု ပင် လူထု ပရိသတ်ကြီးကို ပြောဆိုခဲ့ဖူးသည်။

 

လတ်တလော အဖြစ် ၂၀၂၄ နိုဝင်ဘာလ တွင် ဒူတာတေး သည် ဆီးနိတ် ကော်မတီ ရှေ့မှောက်တွင် ထိုသို့ သတ်ဖြတ်ရန် ၎င်း အမိန့်ပေးခဲ့ခြင်း ဖြစ်သည်ဟု ဝန်ခံခဲ့ပြီး တောင်းပန် စရာ အကြောင်းမရှိဟု ပြောသွားခဲ့သည်။

 

၎င်း၏ လက်မရွံ့တပ်ဖွဲ့သည် မူးယစ်ဆေးဝါး မှောင်ခို သမားများ ကိုသာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အသတ်ခံရသူ အားလုံး သည် တရားဥပ‌ဒေ ဘောင် အတွင်းက ခုခံ ကာကွယ် ပိုင်ခွင့် မရှိခဲ့ကြသည်သာ မက အများစု သည် သံသယ ရှိယုံမျှ နှင့်ပင် အသတ် ခံ ခဲ့ကြရသည်။

 

အိုင်စီစီ ၏ တရားဝင် စာရင်းဇယား များအရ ၆,၀၀၀ ကျော်ခန့် ရှိသော်လည်း ထိုထက်မက သောင်းချီ၍ပင် ရှိနိုင်သည်ဟု ယုံကြည်နေကြသည်။

 

မစ္စတာ ဒူတာတေး အား အိုင်စီစီ ၏ ဖမ်းဝရမ်း ဖြင့် ဖိလစ်ပိုင် အရာရှိများက ဖမ်းဆီးပေးခဲ့ခြင်း ဖြစ်သည်။ ထိုနေ့မှာပင် ဟိဂ် ရှိ အိုင်စီစီ တရားရုံးသို့လေယာဉ် နှင့် ပို့လိုက်ကြသည်။

 

၎င်းအား ဖမ်းဆီးခဲ့မှု သည် နိုင်ငံတကာ တရားစီရင်ရေး စနစ်၏ အားသာချက်၊ အားနည်းချက်များကို မီးမောင်းထိုးပြလာသည်။ အဓိက အားဖြင့် အားနည်းချက်က ပိုများနေပေသည်။

 

တဖက်တွင် လူ ထောင်ပေါင်း များစွာ အား တရားစီရင်ခြင်း မရှိပဲ သေမင်းထံ ပို့ပေးခဲ့သည့် ခေါင်းဆောင် သည် ယခုအခါ တရားရင်ဆိုင်နေရပြီး နှစ်ရှည်လများ ထောင်ဒဏ်ကျခံရဖို့ ရှိနေသည်။ ဤသည်ကို ကြည့်ပြီး ရာထူး လက်ကိုင်ရှိ လူရမ်းကားများ အဖို့ ထိုသို့ အလွယ်တကူ ကျုးလွန် ရဲကြတော့မည် မဟုတ်ပေ။

 

တဖက်တွင်လည်း ထိုသို့ ဖြစ်လာရခြင်းသည် ဖိလစ်ပိုင် နိုင်ငံရေး ရာသီဥတု ပြောင်းလဲလာမှု ကြောင့် ဖြစ်သည်၊ ဒူတာတေးသည် အာဏာရစဉ် ဆင်နွှဲခဲ့သော မူးယစ် ဆေးဝါး စစ်ပွဲ ကာလများ အတွင်း လူကြိုက်များလာခဲ့သော်လည်း သမ္မတ သက်တမ်းကိုကန့်သတ်ထားမှု ကြောင့် ၂၀၂၂ တွင် ရာထူးမှ ဆင်းပေးခဲ့ရသည်။

 

၎င်း၏ နေရာကို သမ္မတ ဟောင်း မာကို့စ် ၏ သားဖြစ်သူ ဖာဒီနန် မာကို့စ် ဂျုနီယာ က သမ္မတ အဖြစ်၎င်း၊ ဒူတာတေး ၏ သမီး ဆာရာက ဒု သမ္မတ အဖြစ်၎င်း အသီးသီး ဆက်ခံခဲ့ကြသည်။ ထိုသို့ သမ္မတ နန်းဆက် ဆွေမျိုးစု ကြီး နှစ်စု မဟာမိတ် အဖြစ် ပူးပေါင်းလာမှု ကြောင့် ဒူတာတေး သည် လုံခြုံစိတ်ချစွာ နေနိုင်ခဲ့သည်။ မာကို့စ် ဂျုနီယာသည် အိုင်စီစီ နှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုခဲ့၍လည်း ဖြစ်သည် ၊ ယခုအခါ ဆွေမျိုးစု ကြီး နှစ်စု အဆင်မပြေ ဖြစ်လာခဲ့သည်။

 

အဆင်မပြေ ဖြစ်လာရသည့် အဓိက အကြောင်းရင်းများထဲတွင် မာကို့စ် ၏ နိုင်ငံခြားရေး မူဝါဒ သည်လည်း တခုအပါအဝင် ဖြစ်သည်။ ဒူတာတေးသည် အမေရိကန်ကို ဘေးဖယ်ပြီး တရုတ် နှင့် နီးကပ်စွာ ဆက်ဆံလိုသူ ဖြစ်သည်။ မာကို့စ်သည် ၎င်းနှင့် ဆန့်ကျင်ဖက် ဖြစ်လာသည်။ တောင်တရုတ်ပင်လယ် အတွင်း ဖိလစ်ပိုင် သင်္ဘောများကို တရုတ်၏ ဗိုလ်ကျ အနိုင်ကျင့်မှု များကို ကျယ်ကျယ် လောင်လောင် ကန့်ကွက်ပြောဆိုလာခဲ့သည်။

 

၂၀၂၄ ဇွန်လ တွင် ဆာရာ ဒူတာတေးသည် အစိုးရ အဖွဲ့မှ နှုတ်ထွက် သွားခဲ့သည်။ နိုဝင်ဘာလ အရောက်တွင် အကယ်၍ သူမသာ အသတ်ခံခဲ့ရမည် ‌ဆိုက မားကို့စ်ကိုပါ လုပ်ကြံရန် စီစဉ်ထားခဲ့ပြီး ဖြစ်သည်ဟု ထုတ်ပြောလာခဲ့သည်။ ထိုစကားကြောင့် ဖေဖေါ်ဝါရီလ တွင် အောက်လွှတ်တော်မှ သူမ အား ရုံးတင်စစ်ဆေးလာခဲ့သည်။ ဆီးနိတ် မှလည်း တရားခွင် အတွက် ရက် သတ်မှတ်ပေးရဖို့ ရှိနေသည်။

 

အိုင်စီစီကတော့ လူသားများ အပေါ် ရာဇဝတ်မှူ ကျူးလွန်သူများ အား ဖမ်းဆီးတရားစွဲဆိုရမည် ဆိုသော မြင့်မြတ်သော ရည်မှန်းချက် များ နှင့် ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်။ သို့သော်လည်း ထိုရည်မှန်းချက်များသည် မကြာခဏ ဆိုသလို ပြည်တွင်း နှင့် ကမ္ဘာ နိုင်ငံရေး ရာများ ကြောင့် ထိထိရောက်ရောက် မလုပ်နိုင် ဖြစ်လာရသည်။

 

အများအားဖြင့် အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံများ နှင့် ပတ်သက်၍ ဖြစ်သည်။ ဥပမာ အားဖြင့် တရုတ် ပြည်ရှိ ဝီဂါများ အရေးကိုလည်း ဘာမှ မတတ်နိုင် ဖြစ်နေသည်။ ဖိလစ်ပိုင် သည် အိုင်စီစီ မှ နှုတ်ထွက်သွား၍ မနှုတ်ထွက်မီ ဒူတာတေး ကျုးလွန်ခဲ့သော ရာဇဝတ်မှု များ အတွက် သာ စီရင်ရဖို့ ရှိနေသည်။

 

အိုင်စီစီသည် အတင်းအကျပ် လုပ်ခိုင်းဖို့ အာဏာ မရှိ၊ ရာဇဝတ်သားများ ရှိနေသည့် နိုင်ငံများ၏ ပူးပေါင်း ဆောင်ရွက်မှု မရှိဘဲ ဖမ်းဆီး၍ မရ ဖြစ်နေသည်။ ရုံးတင် စစ်ဆေး၍ ရခဲ့သည်များကလည်း အာဖရိက မှ အများစု ဖြစ်နေပြီး အစိုးရ အရာရှိများ ထက် စစ်နယ်စား ပယ်စား များ သာ ဖြစ်သည်။

 

ယူကရိန်း တွင် ကျုးလွန်ခဲ့သော စစ်ရာဇဝတ်မှု များ အတွက် ရုရှားသမ္မတ ပူတင်အား ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သော်လည်း ၎င်း၏ လက်ပါးစေများက ဟိဂ်ရှိ တရားရုံးချုပ် တခုတည်း အား တည့်တည့် မတ်မတ် ထိမှန်အောင် အသံထက် မြန်သော ဒုံးကျည် တစင်း ပစ်လွှတ်လိုက်ရမည်လားဟု ပင် ခြိမ်းခြောက်လာပြီး တရားသူကြီး များအား ကောင်းကင် ကို ဂရုတစိုက် ကြည့်ဖို့ မမေ့နဲ့ဟု ပြောလာခဲ့သည်။ သို့သော် အိုင်စီစီ မှ ၎င်းတို့၏ ဝက်ဆိုဒ် တွင် ပူတင် အား "ဝရမ်းပြေး" အဖြစ် ဖေါ်ပြထားဆဲ ဖြစ်သည်ကို တွေ့နေရသည်ကပင် ၎င်းတို့ ခြိမ်းခြောက်မှု မအောင်မြင် ဟု ယူဆ၍ ရနေသည်။

 

ပူတင်သည်လည်း ၂၀၂၃ တွင် တောင်အာဖရိက၌ ပြုလုပ်ခဲ့သော BRICS ထိပ်သီး အစည်းအဝေးသို့ မသွားရဲတော့၊ အိုင်စီစီ အဖွဲ့ဝင် ဖြစ်သော တောင်အာဖရိက မှ ၎င်းအား ဖမ်းပေးရန် တာဝန် ရှိနေသောကြောင့် ဖြစ်သည်။ 

 

အိုင်စီစီ အဖွဲ့ဝင် မဟုတ်သည့် အမေရိကန်သည်လည်း ထရန့် သမ္မတ ဖြစ်လာချိန် တွင် ရှေ့နေချုပ် ဖြစ်သူ ကာရင် ခန် အား နာမည်ပျက်စာရင်းသွင်းကာ ဒဏ်ခတ်လာခဲ့သည်၊ ထရန့်မှ အမေရိကန် ကိုသာ မက အနီးကပ်ဆုံး မဟာမိတ် ဖြစ်သည့် အစ္စရေး ကိုပါ ဥပဒေမဲ့ ပစ်မှတ်ထားလာသည့် အတွက် ကြောင့်ဟု ပြောလာသည်။

 

နိုင်ငံတကာ ဥပဒေ၏ လက်တံရှည်ကြီးသည် အလယ် အလတ် နိုင်ငံများကိုသာ ရောက်နိုင်ခဲ့ပြီး အင်အားကြီး နိုင်ငံများကို မူ လက်လှမ်းမမှီ ဖြစ်နေဆဲ ပင်။ ‌ဒူတာတေးသည်ပင် နိုင်ငံရေး အရှုပ်အထွေး ပေါ်လာ၍သာ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

 

(၂၀၂၅ မတ်လ ၁၁ ရက်နေ့ထုတ် အီကောနော်မစ် မဂ္ဂဇင်း ပါ "The global importance of Rodrigo Duterte’s arrest" ဆောင်းပါး မှ ကောက်နှုတ်တင်ပြသည်။)