ကမ္ဘာနိုင်ငံရေး ဇာတ်ခုံပေါ်က ဂရိုမီကို၏ နေ့ရက်များ(1)

by Hla Soewai - Jun 04 2020

အခန်း (၁)

 

ဘဝ၏ အစ

 

တခါတရံ တွင် ကျွနုပ် နာမည်၏ မူလ ဘူတကို မေးမြန်းလာသည်များ နှင့် ကြုံရတတ်သည်။ ရုရှား ကျေးလက် ဒေသ၏ ရှေးအစဉ်အလာအရ ကျွနုပ်တို့ ရွာရှိ လူအားလုံးနီးပါးသည် မိမိနေထိုင်ရာ ရွာ၏ အမည်ကို မိသားစုနာမည် အဖြစ် အသုံးပြုကြလေ့ရှိသည်။ ကျွနုပ် နေထိုင်ရာ ဂရိုမီကီ ရွာဟောင်းဖက်တွင်ရှိ အိမ်ထောင်စု ပေါင်း ကိုးဆယ် တွင် အားလုံးနီးပါး၏ မိသားစု အမည်သည် ဂရိုမီကို ဖြစ်နေကြသည်။

ဂရိုမီကီ ရွာသစ်တန်းတွင်တော့ အိမ်ထောင်စု ၂၅၀ ကျော်ရှိ လူများ၏ မိသားစု မျိုးရိုး အမည်သည်လည်း ဂရိုမီကိုပင် ဖြစ်နေကြပြန်သည်။ ကျွနုပ်တို့ ရွာနှင့် လေးမိုင်ခန့် ဝေးသည့် ရွာတွင်လည်း အိမ်ထောင်စု ၂၀၀ ခန့်ရှိ လူများ၏ အမည်သည်လည်း ဂရိုမီကို ပင် ဖြစ်သည်။ ထို့အတွက် တဦးနှင့် တဦး မည်သို့ ခွဲခြား သတ်မှတ် ရည်ညွှန်းရမှန်း မသိဖြစ်လာကြသဖြင့် အလွယ် ပြောဆို သုံးနှုံးနိုင်မည့် နာမည်များ အချင်းချင်း ပေးလာကြသည်။ ကျွနုပ် မိသားစုသည် ဂရိုမီကို ဟူသော အမည်အား ရွာ၏ ဘုရားကျောင်းတွင်သာမက အစိုးရရုံးတွင်ပါ တရားဝင် မှတ်ပုံတင်ထားခဲ့ပြီး ဖြစ်သော်လည်း ကျွနုပ်တို့ မိသားစုအား ဘာမာကော့ဗ် ဆိုသော အမည်ကိုပေးကာ ခေါ်ဝေါ်ခဲ့ကြသည်။ ထိုအမည်သည် ကျွနုပ် လက်ထက်ရောက်မှ မဟုတ်ပဲ ဘိုဘွားဘီဘင်လက်ထက်ကတည်းက ရရှိလာခဲ့သော အမည်လည်း ဖြစ်သည်။ ထို့အတွက် ကျွနုပ်သည်လည်း အင်ဒရေ ဘာမာကော့ဗ် ဖြစ်လာရပေတော့သည်။

ယခုအခါ ဂရိုမီကို ဟူသော အမည်နှင့် လူများကား ဆိုဗီယက် ပြည်ထောင်စု အနှံ့အပြားတွင် အခြေချ နေထိုင်နေကြပြီ ဖြစ်သည်။

ကျွနုပ် မွေးဖွားကြီးပြင်းခဲ့ရာ အရပ်တွင် ဂိုမဲလ် ဆိုသော ခရိုင်မြို့ကြီး တခု ရှိသည်။ ထိုမြို့ကြီး၏ အမည်ကို တဆယ့်နှစ်ရာစု ရှေးဟောင်း ကျမ်းစာများတွင် စတင်ဖေါ်ပြလာခဲ့ကြသည်။ ဆယ့်လေးရာစုနှစ်တွင် လစ်သူယေးနီးယား မင်းသား တပါးက အလယ်ခေတ် ရုရှားနိုင်ငံမှ ဖဲ့ထုတ် အုပ်ချုပ်လာခဲ့ရာမှ ဆယ်ခြောက်ရာစုနှစ်တွင် ပိုလန် လက်အောက် ကျရောက်ခဲ့ပြန်သည်။ ၁၇၇၂ ခုနှစ်တွင် ပိုလန်သည် ပြိုကွဲသွားသဖြင့် လစ်သူယေးနီးယား သည် ပြန်လည် စည်းလုံးမိပြီး ရုရှား အင်ပိုင်ယာ အတွင်း ဝင်ရောက်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ဂိုမဲလ် ဧရိယာ အား ဘဲလိုရုရှား ဆိုဗီယက်သမ္မတ နိုင်ငံ၏ တစိတ်တပိုင်း အဖြစ် သတ်မှတ်ပေးခဲ့သည်။

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ဖက်ဆစ်များ၏ ဖျက်ဆီးခြင်း ခံရပြီးနောက် တွင် စက်မှု နှင့် ယဉ်ကျေးမှု ထွန်းကားရာ မြို့ကြီး အဖြစ် ပြန်လည် တည်ဆောက်နိုင်ခဲ့သည်။ အဓိက မီးရထား လမ်းဆုံမြို့လည်း ဖြစ်လာသဖြင့် စက်ရုံအလုပ်ရုံများ အလျှိုလျှို ပေါ်ပေါက်လာခဲ့သည်။ ထိုအထဲတွင် အထင်ရှားဆုံးမှာ ဗီဆူဗီယပ်စ် မီးခြစ်စက်ရုံ ပင် ဖြစ်သည်။ ထိုစက်ရုံတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခွင့်ရရန် ကျွနုပ်သည် များစွာ စိတ်အားထက်သန်ခဲ့ဘူးပေသည်။

ဂိုမဲလ်သည် ဂျူးများ အခြေချနေထိုင်ရန် သတ်မှတ်ပေးထားသော နယ်နမိတ်အတွင်း တွင် တည်ရှိနေပြန်သည်။ ရုရှား ဧကရာဇ် မှ များပြားလာနေသော ဂျူးများအား အဆိုပါ ဒေသတွင်သာ အခြေချ နေထိုင်ခွင့် ပြုခဲ့သည်။ ထို့အတွက် ကျွနုပ်တို့ ခရိုင်အတွင်းရှိ ကျေးရွာ အများစုတွင် အနည်းဆုံး ဂျူး အိမ်ထောင်စု နှစ်ခု သုံးခု ရှိနေတတ်သည်။  ကျွနုပ်တွင်လည်း ဂျူး မိတ်ဆွေ တဦးရှိခဲ့ဘူးသည်။ သူ၏ အမည်သည် ဒေးဗစ် ဂူရီဗစ်ချ် ဖြစ်သည်။ ကျွနုပ်နေသော ရွာနှင့် မလှမ်းမကမ်းရှိ ကလူစီ ရွာကလေးတွင် နေထိုင်သူ ဖြစ်သည်။ ကျောင်းသားဘဝ တလျှောက်လုံး ကျွနုပ်နှင့် တပူးပူး တတွဲတွဲ ရှိနေခဲ့သည်။ စစ်ကြီး အတွင်း သူသည် ဂျူးဖြစ်နေခြင်းကြောင့် နာဇီများက ဖမ်းဆီးပြီး ပစ်သတ်ခဲ့သည့်သတင်းကို နောက်ပိုင်းတွင် ကျွနုပ် ကြားသိခဲ့ရသည်။ ဂိုမဲလ်တွင် နေထိုင်ကြသော ဂျူးအရည်အတွက် သည် အခြားဒေသများထက် ပိုမိုများပြားနေသည်။ သို့သော် ၎င်းတို့အား မည်သူကမျှ ခွဲခြားဆက်ဆံခဲ့ကြခြင်း မရှိပေ။ ၁၉၁၇ ဖေဖေါ်ဝါရီလ တွင် ဇာဘုရင် နန်းကျခဲ့ပြီးနောက် ဂျူး အခြေချ နေထိုင်ရန် ဒေသအဖြစ် သတ်မှတ်ခြင်းကို ဖျက်သိမ်း လိုက်ကြသည်။ ဂျူးများ သည်လည်း နိုင်ငံသား အခွင့်အရေးများကို အပြည့်အဝ ရရှိလာခဲ့ကြသည်။

ကျွနုပ်အား ဂိုမဲလ် နှင့် မဝေးလှသော ဂရိုမီကို ရွာဟောင်းတွင် ၁၉၀၉ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့တွင် လယ်သမားတပိုင်း အလုပ်သမား တပိုင်း အဖြစ် အသက်မွေးကြရသော မိဘများမှ မွေးဖွားခဲ့သည်။ ထိုသို့ ခေါ်ဝေါ် သတ်မှတ်ခဲ့ကြခြင်းမှာ တော်လှန်ရေး ကြီး မဖြစ်ပွားမီ ကာလမှ ဖြစ်ပြီး လူတဦး သည် ၎င်းနှင့် ၎င်း၏ မိသားစုကို လုံလောက်အောင် ကျွေးမွေးနိုင်သည့် လယ်ယာမြေပမာဏကို ပိုင်ဆိုင်ခြင်း မရှိသဖြင့် စိုက်ပျိုးရေး ရာသီ ကုန်ချိန်တွင် အခြားတနေရာရှိ စက်ရုံ အလုပ်ရုံများတွင် သွားရောက်လုပ်ကိုင်နေရသူများဟု ဆိုလိုခြင်း ဖြစ်ပေသည်။ အတိုချုပ်ဆိုရလျှင် ဆင်းရဲနွမ်ပါးသော မိသားစုတွင် မွေးဖွားကြီးပြင်းခဲ့ရသူ ဖြစ်သည်။ ကျွနုပ်သည် ဆယ်သုံးနှစ် အရွယ် ရောက်လာသည့်အခါတွင် ဖခင်နှင့်အတူ တောထဲသို့လိုက်ကာ ထင်းခုတ်ရပြီး ရသည့် သစ်လုံးများကို ဖေါင်ဖွဲ့ကာ မြစ်ကြောင်းမှတဆင့် မျောချခြင်းဖြင့် ဂိုမဲလ်ရှိ စက်ရုံများသို့ ရောင်းချခဲ့ရသည်။

အရွယ်ရောက်သည့်အခါ ရှေးရိုး အစဉ်အလာ ယုံကြည်သူများဟုခေါ်ဆိုသည့် ခရစ်ယာန် အဖွဲ့ဝင် အများစု နေထိုင်ရာ ဗက်ကာ မြို့လေးတွင် နေထိုင်ခဲ့ရပြန်သည်။ သူတို့အားလုံးသည် ဖေါ်ရွေပြီး စိတ်နှလုံးနူးညံ့သူများ ဖြစ်သဖြင့် ခင်မင်စရာ ကောင်းလှသည်။ ၎င်းတို့၏ ဘိုးဘေးဘီဘင်များသည် ဆယ်ခုနှစ်ရာစု အတွင်း ဂိုဏ်းအုပ် ဘုန်းတော်ကြီး နီကွန် နှင့် ဘုရင် ဆွေတော်မျိုးတော်များ ၏ ဖိနှိပ် ညှင်းပမ်းသည့် ဘေးမှ ထွက်ပြေးလာခဲ့ကြသူများ ဖြစ်သည်ကို နောင်တွင် သိရှိလာခဲ့ရသည်။ သူတို့သည် ၁၆၈၄ ခုနှစ်တွင် ဗက်ကာ ဆိုသည့် မြို့ကလေးကို တည်ထောင် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ မြို့ကလေးသည် ပန်းဆယ်မျိုး ကျွမ်းကျင်သည့် ပညာရှင်များ နေထိုင်ရာ ဒေသအဖြစ် လူသိများလာခဲ့သည်။ အိမ်ဆောက် လက်သမားများ၊ ပန်းပုပညာရှင်များ၊ ပန်းတိမ်သည်များ၊ ပုံတူ ရေးဆွဲသည့် ပန်းချီ ပညာရှင်များ၊ ကျောက်ထွင်း အက္ခရာ တင်သူများ အစရှိသည်ဖြင့် အမျိုးမျိုး အဖုံဖုံ အသက်မွေး ဝမ်းကျောင်းကြသူများ ဖြစ်သည်။ ၎င်းတို့အား ကိယက်၊ ပီတာစဘတ် နှင့် မော်စကို မြို့တော်ကြီးများ ကပင် ခေါ်ယူ အသုံးပြုခဲ့ကြသည်။ ကရင်မလင်ရှိ အာမိုရီ ခန်းမဆောင်ကြီးတွင် ၎င်းတို့၏ လက်ရာများကို အထင်အရှားတွေ့မြင်နိုင်သည်။ ထို့အပြင် နိုဗိုဒီဗစ်ချီ နှင့် အိုင်ဗာစကီး ကျောင်းတော်ရာ များသည်လည်း ၎င်းတို့၏ လက်ရာများနှင့် မကင်းပြန်ပေ။

ယခု အခါတွင်တော့ ဗက်ကာ သည် တမူထူးခြားသော လက်ရေး စာမူ များ နှင့် သစ်သားဖြင့် ထွင်းထုထားသော စာအုပ်များ ကို တွေ့နိုင်သော နေရာအဖြစ် ထင်ရှားကျော်ကြားလာခဲ့သည်။ ကျွနုပ်သည် ဘဝတလျှောက်လုံး စာအုပ်ဟောင်းများနှင့် ရုပ်ပုံကားချပ်များကို အထူး ခုံမင်နှစ်သက်ခဲ့သူ ဖြစ်ကြောင်းလည်း ဝန်ခံရပေမည်။ မကြာသေးမီက ပဲရစ်တွင် ပြုလုပ်ခဲ့သော လေလံပွဲတခု၌ ၁၅၇၄ ခုနှစ်တွင် ရုရှားမှ အိုင်ဗန် ဖီဒိုရော့ ဆိုသူ ပထမဆုံး ပုံနှိပ်ခဲ့သည့် the Apostle အမည်ရှိ စာအုပ်ကို ဈေးအကြီးဆုံး ပေးပြီး ဝယ်ယူသွားသောကြောင့် ကမ္ဘာတန်ဘိုး အကြီးဆုံး စာအုပ်အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ the Apostle ဒုတိယ စာအုပ်ကို ဗက်ကာ ရှိ ပြတိုက်ကြီးတွင် ယခုတိုင် တွေ့နိုင်ပေသည်။