ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှင့် မဟာမိတ်တော်လှန်ရေးအဖွဲ့များ အားလုံး လက်တွဲပါဝင်သော အထွေထွေ ထိုးစစ်ကြီးတရပ် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲကြပြီး စစ်အာဏာသိမ်းမှုကို အဆုံးသတ်မည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ ကြေညာချက် ထုတ်ပြန်လာသည်။
သို့သော် အာဏာသိမ်း စစ်ဗိုလ်ချုပ်များကတော့ ၎င်းတို့ ဆက်ပြီး ထိန်းချုပ် နိုင်စွမ်း ရှိနေလေဟန် ဖြင့် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း၊ ရုရှား နျူကလီယား ဓါတ်ပေါင်း ဖို များ ဖြင့် အိမ်မက် မက်နေကြဆဲ ဖြစ်သည်။
ကျောက်ဖြူ ရေနက် ဆိပ်ကမ်း နှင့် အထူး စီးပွားရေး ဇုံ အား အ ကောင် အထည် ဖေါ်ရန် သိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ တွင် သဘော တူ လက်မှတ် ထိုး ခဲ့သည်။
လက်ရှိတွင် အာရက္ခ တပ်တော်သည် ကျောက်ဖြူရှိ ဓညဝတီ ရေတပ်စခန်း ကို အပြင်းအထန် ထိုးစစ် ဆင်နေချိန် လည်း ဖြစ်သည်၊ သို့သော် ထိုအရေး သည် တကယ်တမ်း ၎င်းတို့ နှင့် မပတ်သက် လေဟန် ဖြင့် အာဏာသိမ်း ဒု ခေါင်း ဆောင် စိုးဝင်းသည် အင်္ဂါ နေ့ တွင် ခေါ်ယူ သော အထူးစီးပွားရေး ဇုံ ဗဟိုကော်မတီ အစည်းအဝေး တွင် အဆိုပါ စီမံကိန်းများသည် ဘူမိ နိုင်ငံ ရေး၊ စီးပွားရေး၊ တရုတ်နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် လွန်စွာ အရေးပါ၍ မဖြစ်မနေ အောင်မြင်အောင် လုပ်ရမည်ဟု ပြောဆိုသွားပြန်သည်။
အစည်းအဝေး တက်ရောက်လာသူ များသည် ၎င်းတို့ပိုင် စီးပွားရေး လုပ်ငန်းများပင် အာရက္ခ တပ်တော် မှ သိမ်းဆည်း ချိတ်ပိတ် ခံနေရချိန်တွင် Could you get more insane ဒီထက် ပို ၍ ရူး နှမ်း မှု ကော ရှိပါဦးမည်လော တွေးနေကြမည်သာ ဖြစ်သည်။
အဘယ်ကြောင့် ဆိုသော် ဒေါ်လာ ၇.၃ ဘီလီယံ အထိ ကုန်ကျမည့် ရေနက် ဆိပ်ကမ်း အား ၂၀၂၃ ဒီဇင်ဘာ လ တွင် တရုတ် မှ နောက်ဆက်တွဲ သဘော တူ ညီချက် အဖြစ် အပြီးသတ်ရမည့် ရက်အား ၁၈ လ ထပ်မံ တိုးမြှင့်ထား၍ ယခုနှစ် ဇွန်လ တွင် ပြီးစီးရမည် ဖြစ်သည်။
သို့သော် လည်း လက် တွေ့ တွင် ဆောက်လုပ်ရေး လုပ်ငန်း များ တခုတလေမျှ အကောင်အထည် မဖေါ်နိုင်ဘဲ ဖြစ်နေသည်ကို တွေ့နေရသော ကြောင့်ပင် ဖြစ်သည်။
ကြံရာမရသည့် အဆုံး ထိုဒေသ အား အလာစကား ကဲ့သို့ပင် တရုတ်သို့ ရောင်းစားရန် သို့မဟုတ် အငှားချရန် ပင် စဉ်းစားလာနိုင်ပေသည်။
ရုရှား နှင့် နျုကလီယား ဓါတ်ပေါင်းဖို ဆိုသည်ကလည်း ယခင်ကတည်းက ထိုကဲ့သို့ သဘောတူညီချက်မျိုး လေးခု အထိ ရှိပြီး ဖြစ်သော်လည်း ရုပ်လုံး ပေါ်လာဖို့က နီးပင် မနီးစပ်သေး၊ မီးပင် မှန်အောင် မပေးနိုင်သည့် အနေအထား တွင် လူထု အား နှစ်သိမ့်ရန် အတွက်သာ ဖြစ်ပြီး၊ ၎င်းတို့တွင် ထိုကဲ့သို့ အသေးစား ဓါတ်ပေါင်းဖို တည်ဆောက်ဖို့ ငွေကြေး အင်အား၊ ကျွမ်းကျင်သည့် အတတ်ပညာရှင် များလည်း မရှိ ဟု ဝါရှင်တန် စစ်ကောလိပ်ရှိ ပါမောက္ခ ဇာကာရီ အဘူဇာက ထောက်ပြခဲ့သည်။
ထိုအစား ရုရှား၏ ဒရုန်း နည်းပညာ များ အတွက် ပြည်တွင်း တွင် ထုတ်လုပ်နိုင်ရန် လိုင်စင် ချပေးဖို့ မင်းအောင်လှိုင်မှ ပူတင်အား အဓိက ထား တောင်းဆိုမည်သာ ဖြစ်သည်ဟု ဆိုသည်။
ရုရှား ဒရုန်းများသည် တော်လှန်ရေး တပ်များကို ဟန့်တား နိုင်ရေး တွင် ထိရောက်မှု ရှိသည်ဟု ယူဆ လာကြသောကြောင့် ဖြစ်သည်။
တရုတ် မှ ၎င်းတို့၏ အကျိုးစီးပွား များ အား လက်ရှိ စစ်ဗိုလ်ချုပ်များမှ ဆက်၍ ကာကွယ် နိုင်စွမ်း မရှိဟု စိတ်ဒုံးဒုံးချ လိုက်ချိန် တွင် ချက်ခြင်းလို ပြိုလဲကျသွားမည့် အနေအထား ဖြစ်နေသည့် နိုင်ဖဲ ကို ကိုင်ထား နိုင်သည့် အဖြစ် ကို မင်းအောင်လှိူင် နှင့် အဖွဲ့က မည်သို့မျှ နေမထိ ထိုင်မသာ ဖြစ်နေသည်။
မင်းအောင်လှိုင် အား ကူမင်းသို့ လာရန် တရုတ်မှ ခွင့်ပြုလိုက်ခြင်းကြောင့် ရုရှားဖက်ကလည်း ရဲတင်းလာပြီး မော်စကို အထိ ပင့်ဖိတ်လိုက်ခြင်းလည်း ဖြစ်သည်၊ မင်းအောင်လှိုင်သည် ထိုအခွင့်အရေး ကို အမိအရ အသုံးချကာ တရုတ် နှင့် ရုရှားအကြား သပ်လျို နိုင်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ မြန်မာ အရေး တာဝန်ခံ ဂျေဆင် တာဝါက သုံးသပ်ထားသည်။
သို့သော် တရုတ်သည် နိုင်ငံတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အတော်များများကို ဩဇာ ညောင်းထားပြီး ဖြစ်နေသောကြောင့် မင်းအောင်လှိုင်၏ ဗျူဟာ သည် အောင်မြင်နိုင်ဖွယ် မရှိဟု ဆိုသည်။
ရုရှားသည် တရုတ်ဖက်က ဒေါသ ထွက်လာမည် စိုး၍ လက်ရှိ တရုတ်-မြန်မာ နယ်စပ် စစ်ရေး အနေအထားကို ပြောင်းလဲရန် စိတ်ကူး မရှိသော ကြောင့်လည်း ဖြစ်သည်ဟု ထောက်ပြခဲ့သည်။
မင်းအောင်လှိုင်သည် လူထု အား သတ်ဖြတ်နေခြင်းအား နိုင်ငံတကာကို အာရုံ လွှဲနိုင်ရန် ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ဝါဒ ဖြန့်နေသော်လည်း ၎င်းအား ဖယ်ရှားပစ်ရန် လမ်းခင်းပေးသလို ဖြစ်လာတော့မည်ကို သိထားပြီး ဖြစ်၍ တတ်နိုင်သမျှ အချိန် ဆွဲဖို့သာ ကြံစည်မည် ဖြစ်သည်ဟု မြန်မာအရေး လေ့လာသူ အီဂေါ ဗလာစီဗစ် က ဆိုသည်။
၎င်းအား တနိုင်ငံလုံးသာမက စစ်တပ် အတွင်း အရာရှိ အရာခံ များကလည်း ရွံရှာ မုန်းတီးနေကြသည်ကို သိနေပြီ ဖြစ်၍လည်း လက်ရှိ ရာထူး မှ ဆင်းပေးရန် မည်သို့မျှ စိတ်ကူးထဲပင် ထည့်မည် မဟုတ်ဟု သုံးသပ်ထားသည်။
လက်ရှိ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေး အား အိုင်စီစီ ဝရမ်း ဖြင့် ဖမ်းဆီးပြီး နေ့မကူးပဲ ဟိဂ် ရှိ နိုင်ငံတကာ တရားရုံးသို့ လွှဲပြောင်းပေးလိုက်မှု သည် မင်းအောင်လှိုင် အတွက် အိမ်မက်ဆိုး ကြီး ဖြစ်လာနေပေပြီ။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!