ကပစ လက်နက် စက်ရုံ အား တိုက်ခိုက်ခဲ့မှု

by Hla Soewai - Mar 14 2025

ဇန်နဝါရီလ ဆောင်းရာသီ နံနက်ခင်း အချိန်တွင် စစ်ယူနီဖောင်းများ ဝတ်ဆင်ထားသော အယောက် နှစ်ဆယ်ခန့် ရှိ တပ်စု တစုသည် မကွေး တိုင်း နှင့် ချင်းပြည်နယ် အကြား ကြမ်းတမ်းလှသည့် တောတောင် ‌လျိုမြောင်များကို ဖြတ်၍ ပစ်မှတ်ရှိရာသို့ ဦးတည် ချီတက်လာကြသည်။

 

၎င်းတို့ နှင့် အတူ တခုလျင် ၂၀ ကီလို ခန့် လေးသော တာတိုပစ် ၁၀၇မမ ဒုံးကျည်များ သယ်ဆောင်လာကြသည်၊ ကားတတန်၊ သင်္ဘောတတန်၊ ခြေလျင် တသွယ် ဖြင့် ပစ်မှတ် ရှိရာသို့ ၁၅ ရက်ခန့် ခရီးနှင်ခဲ့ကြရသည်။

 

၎င်းတို့၏ ပစ်မှတ်ကား ဧရာဝတီ မြစ် အနောက်ဖက် ကမ်း ပခုက္ကူခရိုင် အတွင်းရှိ ဆိပ်ဖြူ မြို့မှ မိုင် ၃၀ ခန့် အကွာရှိ စစ်တပ် အတွက် ပေါင် ၅၀၀ ဗုံးသီးများ အပါအဝင် လက်နက်များ ထုတ်ပေးနေသည့် အမှတ် (၂၁) ကပစ စက်ရုံ ပင် ဖြစ်သည်။

 

ပစ်မှတ်ကို ပစ်ခတ်နိုင်သည့် အကွာအဝေး အတွင်း ရောက်လာသည့် အခါတွင်တော့ တိုက်ခိုက်နိုင်ဖို့ နှင့် ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ရန် နှစ်ရက်ခန့် ပြင်ဆင်ခဲ့ကြရသည်။ ထိုသို့ပြင်ဆင်ရာတွင် ပင်လယ်ရေမျက်နှာပြင် အမြင့်၊ လဒ်တီကျု၊ လောင်ဂျီကျု များကို အသေးစိတ် တွက်ချက်ခဲ့ကြရသည်။

 

သေချာသည်ထက် သေချာအောင် အထပ်ထပ် တွက်ချက်ပြီးသည့် အခါတွင်တော့ ဒုံးကျည် ရှစ်လုံး ကို ပစ်လွှတ်ခဲ့ကြသည်၊ ကျယ်လောင်သော ပေါက်ကွဲသံ ကြီး နှင့် အတူ ခုနှစ်လုံးသည် ပစ်မှတ်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။ ထိုနေ့က ဇန်နဝါရီ ၁၈ ရက် နေ့ နေ့လည် နှစ်နာရီ တွင် ဖြစ်ပြီး လေးနာရီ ကြာ တိုက်ခိုက်ခဲ့ကြသည်။

 

တိုက်ခိုက်မှု တွင် ပါဝင်ခဲ့ကြသူများသည် မန္တလေး အခြေစိုက် မြို့ပြ ပျောက်ကျား အဖွဲ့ No More Dictatorship မှ ဖြစ်သည်။

 

၎င်းတို့ရည်ရွယ်ထားသော အဓိက အဆောက်အဦး များကို ဖျက်စီးနိုင်ခဲ့ယုံမက စစ်ကောင်စီ တပ်သား အများ အပြားလည်း သေဆုံးသွားခဲ့သည်။

 

ကပစ စက်ရုံများက နိုင်ငံ အနှံ ၂၅ ခု ခန့်ရှိနေပြီး မ‌ကွေး တိုင်း တတိုင်းထဲမှာပင် ၁၅ ခု ခန့် ရှိနေသည်။

 

ပြီးခဲ့သည့် နှစ်ကုန်ပိုင်း မှ စ၍ တော်လှန်ရေး တပ်ဖွဲ့များသည် အဆိုပါ စက်ရုံများ အား ချေမှုန်း နိုင်ရေးကို အဓိက အာရုံစိုက်လာခဲ့ကြသည်။ စက်ရုံ အများစုသည် နိုင်ငံ အလယ််ပိုင်းရှိ သွားရေးလာရေး ခက်ခဲသော ဒေသများ တွင် ရှိနေသည်။ သို့သော်လည်း ယခု အခါ နိုင်ငံ အနောက်ဖက်ခြမ်းတွင် တော်လှန်ရေး ဆင်နွှဲ‌ နေသော အာရက္ခ တပ်တော် နှင့် ချင်းညီနောင် များ အဖွဲ့၏ လက်တကမ်း အကွာ တွင် ရှိလာခဲ့ပြီ ဖြစ်သည်။

 

အာရက္ခ တပ်တော်၏ စစ်ရေး ရည်မှန်းချက်သည် ရခိုင် ဒေသ မှ စစ်အာဏာရှင် တပ်များအား အပြီးအပိုင် မောင်းထုတ် နိုင်ရေး နှင့် နိုင်ငံ အား ၎င်းတို့ အုပ်ချုပ်နေမှု ဆုံးခန်း တိုင်ရေး ဖြစ်သည်ဟု အဆိုပါ အဖွဲ့ နှင့် နီးစပ်သည့် နိုင်ငံရေး လေ့လာသူ ဦးဖေသန်းက ပြောသည်။

 

AA သည် ဧရာဝတီ၊ ပဲခူး နှင့် မ‌ကွေး ဒေသကြီးများ တွင် ပူးပေါင်းတပ်ဖွဲ့များ နှင့် အတူ စစ်ဆင်ရေးများ ဆင်နွှဲလာပြီ ဖြစ်သည်။ ဧရာဝတီ အနောက်ဖက်ခြမ်းကို ထိန်းချုပ်လာနိုင်သည် နှင့် အမျှ နေပြည်တော်ကို ခြိမ်းခြောက်လာနိုင်ပြီ ဖြစ်၍ ရည်မှန်းချက်များ ပေါက်မြောက်လာတော့မည် ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ မြစ်ကို ဖြတ်ကူး လိုက်ယုံ နှင့် နေပြည်တော်သည် လက်တကမ်း အကွာ သို့ ရောက်လာပြီ ဖြစ်သည်ဟု ဆိုသည်။

 

ဇန်နဝါရီ တတိယ ပတ် အတွင်း ရခိုင်ရိုးမကို ဖြတ်ကျော်သည့် လမ်းမကြီးများ တလျောက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနေသည်။

 

တောင်ကုပ်-ပန်းတောင်းလမ်းရှိ ဥရှစ်ပင် မြို့လေးသည် အဓိက ဆုံချက် ဖြစ်လာသည်။ ဇန်နဝါရီ လဆန်း မှ စ၍ ပန်းတောင်းမြို့နယ် အတွင်းရှိ အဆိုပါ မြို့ အနီးတဝိုက် စစ်စခန်းများကို စတင်တိုက်ခိုက်လာနေပြီ ဖြစ်သည်။ ထိုဒေသတွင် လက်နက် မျိုးစုံ ထုတ်လုပ်သည့် ကပစ ၅,၆,၇, ၉ ရှိနေသည်။ ဆင်တဲ တွင်လည်း ပေါင် ၅၀၀ ဗုံးသီးများ ထုတ်ပေးနေသည့် ကပစ ၃ ရှိနေသည်။

 

တိုက်ခိုက်ခံလာရပါက ပေါက်ကွဲ နိုင်မည့် အရေးကြောင့် ဥရှစ်ပင် အနီးရှိ ဒေသခံများ ထွက်ပြေး တိမ်းရှောင်ကုန်ကြပြီ ဖြစ်သည်။

 

ကပစ စက်ရုံ အမြောက်အမြား ရှိနေသည့် အမ်း-ပဒန်း လမ်းတွင် တိုက်ပွဲများက ပိုမို ပြင်းထန်လာနေသည်။ စစ်‌ ကောင်စီ သည် စိုးရိမ်တကြီး ဖြင့် ငဖဲ မြို့အနီးရှိ ကပစ ၁၄ မှ လက်နက်ခဲယမ်းများကိုပင် မကွေး လေတပ်စခန်းသို့ ရွှေ့ပြောင်းခဲ့ကြရသည်။ AA နှင့် ပူးပေါင်းတပ်များသည် ငဖဲ မြို့ အနီးရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေး စခန်းကို တိုက်ခိုက်ခဲ့ကြသည်။

 

စစ်ခေါင်းဆောင်များ အသက်ဆက်နိုင်ရေး အတွက် အဓိက အသက်သွေး ကြော ဖြစ်သော ကပစ စက်ရုံ များ အား စတင်တိုက်ခိုက်လာနေပြီ ဖြစ်သည်။ သံမဏိ နှင့် ယမ်းမှုန့်များ မရှိက စက်ရုံ လည်ပတ်နေသည့် တိုင် ထုတ်လုပ်မှု ရပ်ဆိုင်းသွားမည် ဖြစ်သည်။

 

စစ်ခေါင်းဆောင်များကလည်း ၎င်းတို့၏ အနေအထားကို ရိပ်စားမိလာ၍ အဆိုပါ ဒေသများသို့ စစ်ကူများ အင်အား အလုံးအရင်း နှင့် စေလွှတ်နေကြသည်။ ရဟတ်ယာဉ် ဆင်းသက်နိုင်ရန် ဆိတ်ဖြူ မြို့ တွင် စက်ရုံ အနီးတဝိုက်ရှိ လယ်မြေများကိုပင် သိမ်းယူလာကြသည်။ ဒီဇင်ဘာ ၂၆ တွင် ကပစ ၂၂ အနီးရှိ ကျေးရွာတရွာလုံးကို မီးရှို့ ဖျက်စီးပစ်ခဲ့ကြသည်။

 

ယခုအခါ ကပစ ၂၄ တွင် တပ်စွဲထားသော အင်အား တရာခန့်ရှိ စစ်ကောင်စီ တပ်များအား တော်လှန်ရေး အင်အားစုများက ဝိုင်းပတ် ပိတ်ဆို့ထားပြီ ဖြစ်သည်။ စက်ရုံများ သိမ်းပိုက်နိုင်ရေးသည် အဓိက မကျဘဲ အတွင်းရှိ စက်ယန္တရားများ အား လုံးဝ ဖျက်စီး ပစ်နိုင်ဖို့သာ အရေးကြီးသည်ဟု ဗိုလ်ကြီးဇင်ယော်က ထောက်ပြခဲ့သည်။

 

ကပစ စက်ရုံများကို ဖျက်စီးပစ်နိုင်မည် ဆိုက တော်လှန်ရေး၏ ၈၀-၉၀ ရာနှုန်း အနိုင်ရသွားပြီဟု ပြော၍ ရကြောင်း အသက် ၃၃ နှစ်ရှိ No More Dictatorship ခေါင်းဆောင် နဂါးကြီးက ဆိုသည် ဟု မြန်မာနောင်း တွင် ပါရှိလာသည့် "Myanmar’s resistance closes in on junta’s factories of death" ဆောင်းပါးမှ ထုတ်နှုတ်တင်ပြလိုက်ပါသည်။

 

#ယူကရိန်း စစ်ပြန်များ ရောက်လာပြီ

 

နောက်ထပ် အိန္ဒိယ တိုင်းမ် သတင်းစာတွင် မီဇိုရမ် ပြည် နယ် ဝန်ကြီးချုပ်မှ ဗြိတိန် နှင့် အမေရိကန် နိုင်ငံသားများ သည် ၎င်း၏ ပြည်နယ်ကို ဖြတ်ကာ မြန်မာ နိုင်ငံ အတွင်း ရှိ တော်လှန်ရေး အဖွဲ့များကို လက်နက်ကိုင် သင်တန်းပေးရန် ဝင်ရောက်နေကြသည်ဟု လွှတ်တော် တွင် အသိပေး ပြောကြားလိုက်သည်ဟု သတင်းပါရှိသည်။

 

ပြီးခဲ့သည့် နှစ် အတွင်း ဇွန်လ မှ ဒီဇင်ဘာ အထိ နိုင်ငံခြားသား ၂,၀၀၀ ခန့် ရောက်ရှိလာသော်လည်း ၎င်းတို့အား မြို့တော်၏ လမ်းများ ပေါ်တွင် မတွေ့ရဘဲ ပျောက်ကွယ်သွားကြသည်ဟု ဆိုသည်။ မကြာမီက မီဇိုရမ် ပြည်နယ်သို့ အမေရိကန် သံအမတ် ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ ရောက်ရှိလာခဲ့မှု သည်လည်း အံ့အား သင့်စရာ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ရောက်လာသူများသည် ယူကရိန်း စစ်ပြန်များ ဖြစ်သည်ဟု မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်က ဆိုပြီး အခြေအနေများကို အနီးကပ် စောင့်ကြည့် နေသည်ဟုလည်း ထည့်သွင်းပြောဆိုသွားခဲ့သည်။

 

သတင်းကောင်း တရပ် အဖြစ် ဖိလစ်ပိုင် သမ္မတ ဟောင်း ဒူတာတေး အား ဟောင်ကောင်မှ အပြန် မနီလာ နီနွိုင် အကီနို လေဆိပ်တွင် အိုင်စီစီ ဖမ်းဝရမ်းအား အကောင်အထည် ဖေါ်ရန် အင်တာပို၏ တောင်းဆိုချက်ဖြင့် ဖိလစ်ပိုင် ရဲအဖွဲ့မှ ဖမ်းဆီးလိုက်ပြီး ဟိဂ်ရှိ အိုင်စီစီ တရားရုံးသို့ လွှဲပြောင်းပေးမည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!