အဂ္ဂာဆိုသူ သည် ရီတာ အား ပရော်ဖက်ရှင်နယ်များ စုစည်းရာ LinkedIn ဆိုရှယ် မီဒီယာ ပေါ်တွင် ဆုံစည်း ခဲ့သည်။ အဂ္ဂာသည် ကနေဒါ ဆော့ဖ်ဝဲယား ကုမ္ပဏီ တွင် လုပ်ကိုင် နေသူ ဖြစ်ပြီး ရီတာ သည် စင်္ကာပူ ရှိ အတိုင်ပင်ခံ အကြံပေး ကုမ္ပဏီ တခု မှ ဖြစ်သည်။ သူတို့ နှစ်ဦးစလုံး အွန်လိုင်းပေါ်တွင် အချိန် အတော်များများ စကား ပြောဖြစ်ခဲ့ကြသည်။
တနေ့တွင် ရီတာ မှ အွန်လိုင်းသုံး ငွေကြေး ကရစ်တို အရောင်းအဝယ် လုပ်ပုံ လုပ်နည်း ကို ပြ ပေးလာခဲ့သည်။ သူမ ကြောင့် အဂ္ဂလည်း အတော်လေး အမြတ်ရသွားခဲ့သည်။ အဂ္ဂာ လည်း ယခင်ကထက် ငွေကို တိုး၍ အရောင်းအဝယ် လုပ်လာခဲ့သည်။အတော်လေး အမြတ်ရပြီဟု ထင်လာပြီး ငွေများ ပြန်ထုတ်ရန် လုပ်လာသည့် အခါ တွင်တော့ ၎င်း အရောင်း အဝယ် လုပ်ခဲ့သည့် ဝက်ဆိုဒ်သည် အတုကြီး ဖြစ်နေမှန်း သိလိုက်ရသည်။ ၎င်းထည့်ဝင်ထားသည့် ဒေါ်လာ ၇၈,၀၀၀ သည်လည်း အစပင် ရှာမရတော့။
နောက်ပိုင်းတွင် ရီတာ ဆိုသော အမျိုးသမီးသည် ဖိလစ်ပိုင် နိုင်ငံသူ တဦး ဖြစ်ပြီး မြန်မာပြည်ထဲရှိ ဝင်းခြံကျယ်ကြီး တခုထဲတွင် အကျဉ်းကျ ခံနေရသူ ဖြစ်သည် ဟု သိလာခဲ့ရသည်။
အဂ္ဂာ နှင့် ရီတာ တို့ နှစ်ဦးစလုံးသည် သူ့နည်းသူ့ဟန် ဖြင့် "pig-butchering" ဝက်သတ်လုပ်ငန်းဟု အမည်ပေးထားသည့် အွန်လိုင်း ငွေလိမ် လုပ်ငန်း၏ လှည့်စားခြင်း ခံခဲ့ရသူ များသာ ဖြစ်သည်။ ထိုလုပ်ငန်း သည် ဝင်ငွေ အဖြောင့်ဆုံး ဖြစ်ပြီး ကမ္ဘာတဝှမ်းရှိ လူအမျိုးမျိုး ထံမှ တနှစ်လျင် ဒေါ်လာ ၅၀၀ ဘီလီယံ ထိ မြိုးမြိုးမြက်မြက် ရနေသည်။
တရုတ်စကားဖြင့် ရှာဂျုးပန် ဟု ခေါ်သော ဝက်သတ်လုပ်ငန်း ဟု အမည် ပေးထားခြင်းသည် လိမ်လည် မည့် လူများက ပထမဦးစွာ ဆိုရှယ်မီဒီယာ ပေါ်တွင် ပရိုဖိုင်း အတု များ နှင့် ဝက်ခြံတခု တည်ဆောက်လာကြသည်။ ထို့နောက် တွင်တော့ ဝက်အဖြစ် ပစ်မှတ်ထား လိမ်လည် ၍ရမည့် သူ ကို ရှာဖွေလာပြီး ဝက်ကို ဝဖြိုးလာအောင် အစာကျွေးသည့် အ နေဖြင့် အကျိုးအမြတ် အနည်းငယ် ချပေးပြီး မွေးလာခဲ့သည်။ ၎င်း၏ ယုံကြည်မှု ရအောင် ရက်သတ္တပတ် အနည်းငယ် သို့မဟုတ်က လ အတန်ကြာသည် အထိ တည်ဆောက်လာခဲ့ခြင်း ဖြစ်သည်။ ပစ်မှတ် ဆိုသော ဝက် ဆူဖြိုးလာပြီ (ရင်းနှီးမြုပ်နှံလာသည့် ငွေများ အတော် လေး ရှိလာပြီ) ဟု ယူဆလာသည့် အခါ တွင်တော့ အတွင်းရှိ ကလီစာ တခု မှ မကျန်သည်အထိ ထုတ်ယူသွားခဲ့သလို တပြားမှ မကျန် အောင် လိမ်လည်ယူသွားကြ၍ ဝက်သတ် အလုပ်မျိုးဟု အမည် ပေးထားခြင်း ဖြစ်သည်။ ကံကောင်းလျင် ပစ်မှတ် သာ မက ၎င်း၏ ထောက်ခံချက် ဖြင့် ဝင်ပြီး ရင်းနှီး မြုပ်နှံလာသည့် မိသားစု ဝင်များ၊ မိတ်ဆွေများ၏ ငွေများပါ ရသွားကြသည်။
ထိုလုပ်ငန်းသည် လျှင်မြန်စွာ ကြီးထွားလာနေသည်။ စင်္ကာပူ တွင် အများဆုံး ကျုးလွန်နေသည့် ရာဇဝတ်မှု ဖြစ်လာနေသည်။ ကမ္ဘာတဝှမ်း ထိုလုပ်ငန်း အတွက် အခိုင်းခံနေရသူ ၁.၅ သန်း ရှိနေပြီး မြန်မာ နှင့် ကမ္ဘောဒီယား နှစ်နိုင်ငံ ထဲတွင်ပင် ၂၅၀,၀၀၀ ခန့် ရှိနေသည်ဟု ကုလသမဂ္ဂ မှ ခန့်မှန်းထားသည်။
အမေရိကန် မင်နီ ဆိုတာ ပြည်နယ်ရှိ လူတဦးသည် ဒေါ်လာ ၉.၂ သန်းအထိ အလိမ်ခံခဲ့ရပြီး ကင်းဆပ်စ်ရှိ ဘဏ်တခု ပြိုလဲသွားခဲ့ရသည်၊ ထိုမျှ အထိ ဖြစ်သွားခဲ့ရခြင်းမှာလည်း ဘဏ်တိုက်၏ အမှုဆောင် အရာရှိ ချုပ်သည် ဘဏ်ရှိငွေ ဒေါ်လာ ၄၇ သန်းကို အလွဲသုံးစား လုပ်ပြီး ဘဲလာ ဟု အမည်ပေးထားသော အမျိုးသမီး တဦး၏ သွန်သင်ပြသမှု ဖြင့် အွန်လိုင်း ကရစ်တို ငွေ အရောင်းအဝယ် တွင် ရင်းနှီး မြုပ်နှံ ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ တရားဟော ဆရာ တဦးလည်း ၎င်း၏ ကျောင်းတိုက်မှ ငွေများ ခိုးယူ မြုပ်နှံခဲ့ဖူးသည်။
တရားမဝင် မူးယစ်ဆေး လုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် အပုံကြီး ဆိုးဝါးလှသည်ဟု ဆိုရမည် ဖြစ်သည်။ မူးယစ်ဆေးစွဲသူ များလို မဟုတ်ဘဲ နေ့တဒူဝ ကိုယ့် အလုပ် ကိုယ်လုပ်နေကြသူများသည်လည်း ၎င်းတို့၏ သားကောင်များ ဘဝ သက်ဆင်း ကျရောက်သွား နိုင်သောကြောင့် ဖြစ်သည်။
၎င်းတို့၏ သားကောင် ဖြစ်ခဲ့ရသူ များထဲတွင် အာရုံကြော ဆိုင်ရာ သိပ္ပံပညာရှင်၊ ထိုအမှု များကို စုံစမ်း စစ်ဆေးနေသည့် အက်ဖ်ဘီအိုင် အရာရှိများ၏ ဆွေမျိုးသားချင်း များပင် ပါဝင်နေသည်။
ရီတာ ကဲ့သို့ အမျိုးသမီးများကို သားကောင်အား မည်သို့မည်ပုံ ကိုင်တွယ်သွားရမည်၊ ၎င်းတို့၏ စိတ်ခံစားချက်များကို မည်သို့ အသုံးချ လှည့်စားရမည် ဆိုသည်များကို လက်စွဲ စာအုပ် ကြီး မှ ထုတ်နှုတ်ကာ တဆင့်ပြီး တဆင့် ညွန်ကြားခဲ့ကြခြင်း ဖြစ်သည်။ ထိုအထဲတွင် ချစ်ရေး ချစ်ရာ များသာ မက လူသားတို့၏ အားနည်းချက်များ ဖြစ်သော အကြောက်တရား၊ အထီးကျန်မှု၊ လောဘ၊ ဝမ်းနည်း ပူဆွေးမှု၊ ငြီးငွေ့ နေမှု များ အပေါ်လည်း အမြတ်ထုတ်ခဲ့ကြသည်။
မူးယစ်ဆေးဝါး ထက် ပို၍ ဆိုးသည့် နောက်ထပ် အကြောင်းရင်း တခုသည်ကား မကြာခဏ ဆိုသလို ဥပဒေ နှင့် လက်လှမ်းမမီရာ တွင် ရှိနေခဲ့ခြင်း ကြောင့်ပင် ဖြစ်သည်။ ၎င်းတို့ အားလုံး ဝင်းကြီး ခြံကြီး ထဲတွင် လုပ်ကိုင်နေကြပြီး အထဲတွင် ဆူပါမားကက်၊ ဆောင်ကြာမြိုင် နှင့် လောင်းကစားဝိုင်းများလည်း ရှိသည်၊ ၎င်းတို့ ခိုင်းသလို မလုပ်က နှိပ်စက်ညှင်းပမ်းမည့် ငရဲခန်းများလည်း ရှိနေသည်။ ရရှိသာ အကျိုးအမြတ်ထဲမှ အချို့ကို အကာအကွယ် ရရန် နိုင်ငံရေး သမား များ နှင့် အစိုးရ အရာရှိများကို ပေးကမ်းခဲ့ရသည်။
ဖီလစ်ပိုင်ရှိ ရွာသာသာ ရှိသော မြို့လေး တမြို့တွင် တရုတ် အမျိုးသမီး အဲလစ် ဂေါင်းသည် မြို့တော်ဝန် ဖြစ်လာခဲ့ပြီး ကျားဖြန့် စခန်းတခု ကို ဝန်း နှင့် ခြံနှင့် အတည်တကျ လုပ်ကိုင်လာခဲ့ရာ မှ ၂၀၁၉-၂၀၂၄ အတွင်း သူမ၏ ဘဏ်ငွေစာရင်းတွင် ဒေါ်လာ သန်း ၄၀၀ ကျော် အထိ ရှိလာခဲ့သည်။
ကမ္ဘောဒီယား၊ မြန်မာ၊ လာအို တို့ရှိ အွန်လိုင်းငွေလိမ် ဂိုဏ်းများသည် စီးပွားရေး၏ အဓိက အသက်သွေးကြောများ ဖြစ်လာသည်။ ထိုသို့သော scam states များသည် narco states များထက် ပို၍ ကိုင်တွယ်ရ ခက်လာသည်။
လိမ်သူများသည် အွန်လိုင်း ပေါ်တွင် ရှိ၍ ရှောင်ရ တိမ်းရ လွယ်သည်။ ငွေလိမ်ဂိုဏ်းများကို ဦးဆောင်နေကြသည့် တရုတ်ဂိုဏ်းများသည် သားစဉ် မြေးဆက် ထွက်ပေါ်လာသည့် မာဖီးယား ဂိုဏ်းများလို မဟုတ်၊ မြေအောက် စီးပွားရေး လုပ်ငန်းမျိုး လုပ်ကိုင်နေကြသူများသာ ဖြစ်သည်။ အုပ်စု တစုက ပစ်မှတ်ကို ရှာရပြီး အုပ်စုတစုက ရလာသည့် ပစ်မှတ်ကို မည်သို့မည်ပုံ စည်းရုံးသိမ်းသွင်း ရမည်ကို သင်ကြားပို့ချ ပေးသည်။ တတိယ အုပ်စုသည် လိမ်၍ ရလာသည့် ငွေများကို ငွေဖြူဖြစ်အောင် တာဝန်ယူရသည်။
အဘယ်ကြောင့် မူးယစ်ဆေး လုပ်ငန်းများထက် ပို၍ ဆိုးရသည် ဆို သော တတိယ အချက်သည် တီထွင် ဖန်တီးနိုင်စွမ်း ရှိနေကြသည် ဆိုခြင်းပင် ဖြစ်သည်။ လူလိမ်များက နောက်ဆုံးပေါ် ဗိုင်းရပ် များ ထည့်ထားသော malware ဆော့ဖ်ဝဲယားဖြင့် လိမ်မည့်လူ များ၏ ဖုန်း၊ ကွန်ပြူတာ များရှိ အရေးပါသည့် အချက်အလက်များကို ခိုးယူကြသည်။ အွန်လိုင်း စတော့ အရောင်းအဝယ် လုပ်သည့် ပလက်ဖေါင်းများ၊ ဝက်ဆိုဒ်များ၊ AI ဆော့ဖ်ဝဲယား များလည်း သုံးလာကြသည်။
AI သည် လူတယောက်၏ အသံကို ၁၅ စက္ကန့်မျှ ရလိုက်ယုံဖြင့် အသံတု လုပ်နိုင်နေပြီ ဖြစ်သည်၊ ထိုနည်းဖြင့် ဟောင်ကောင်ရှိ ဗြိတိသျှ အင်ဂျင်နီယာ လုပ်ငန်း ကုမ္ပဏီ Arup ရုံးခွဲမှ ဝန်ထမ်းတဦး အား ထိုနည်း ဖြင့် ဘဏ္ဍာရေး တာဝန်ခံ အကြီးအကဲ အသံထည့်ကာ ဗီဒီယို ကော သုံး လိမ်လည်သွား၍ ဒေါ်လာ ၂၅ သန်း ထုတ်ပေးလိုက်ရသည်။
ဒီဂျစ်တယ် ငွေများသည် လူလိမ်များ အဖို့ အလွယ်တကူ နှင့် နောက်ကွယ်မှ ထုတ်ယူ ရွှေ့ပြောင်း၍ ရ နေသည်။ ယခုအခါ ထရန့်မှ cryptocurrency ခေါ် ဒီဂျစ်တယ် ငွေကြေး များ အပေါ် စည်းမျဉ်း များ ဖြေလျော့ ပေးလာဖို့ ရှိနေ၍ ၎င်းတို့ အတွက် အခွင့် အလန်း အသစ်များ ထွက်ပေါ်လာတော့မည် ဖြစ်သည်။
ထိုလုပ်ငန်းများအား မူးယစ်ဆေးဝါးများကဲ့သို့ ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ၊ ကုထုံးများ နှင့် လုပ်၍ မရ၊ ပညာပေး သည့် နည်းလမ်းသာ ရှိပေတော့သည်။
(၂၀၂၅ ဖေဖေါ်ဝါရီ ၆ ရက်နေ့ ထုတ် အီကောနော်မစ် မဂ္ဂဇင်းပါ The vast and sophisticated global enterprise that is Scam Inc ဆောင်းပါးမှ ကောက်နှုတ်တင်ပြသည်။)