ယနေ့ လွှတ်တော် အတွင်း ရှိ ပြည်ခိုင်ဖြိုး အမတ်များ နှင့် နီဂေးတစ် အုပ်စုမှ ပူးပေါင်း အင်အား ၁၁၀ ဖြင့် လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်အား အလစ် ဝင်ရောက် တိုက်ခိုက်လာခဲ့ကြသည်။
သို့သော် အသုံးပြုသည့် လက်နက်များမှာ သင်္ကြန် အမြှောက်များ နှင့် ကျည်ဆံအတုများသာ ဖြစ်နေရှာသည်ကိုလည်း တိုက်ပွဲဝင်သူများ ရိပ်စားမိခြင်း မရှိခဲ့ပေ။
ဤသည်ကား ပြည်ထောင်စု လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ်အား အယုံအကြည်မရှိ အဆို တင်သွင်းပြီး ဖြုတ်ချရန် ကြံစည်လာကြခြင်းပင် ဖြစ်သည်။
စွပ်စွဲချက်များသည်ကား (၁) ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကော်မတီ အား ဖွဲ့စည်းခွင့်ပြုရန် NLD အား အရေးတကြီး အဆို တင်သွင်းခွင့်ပြုရန်ကို ခွင့်ပြုခြင်း
(၂) ကော်ရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး အတွက် ကာလုံ ခေါ်ရန် အဆိုတင်သွင်းခွင့်ကို ပိတ်ပင်ခြင်း
(၃) ရခိုင်သည် ဘင်္ဂလားဒေ့ရှ် ၏ တစိတ်တပိုင်း အဖြစ်ထားရှိရန် အမေရိကန် ကွန်ဂရက်အမတ်၏ အဆိုပြုချက်ကို ရှုတ်ချရန် အဆိုကို ပိတ်ပင်ခြင်း
(၄) အိုင်စီဂျေမှ ချမှတ်ထားသော ယာယီ အစီအစဉ်များ အပေါ် အစိုးရ၏ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရန် တောင်းဆိုခြင်း ကို ပိတ်ပင်ခြင်း
(၅) အထက်တန်း ကျောင်းသုံးစာအုပ်တွင် လိင်ပညာပေး ထည့်သွင်းသင်ကြားမှု အပေါ် ကန့်ကွက်ခြင်းအား ပိတ်ပင်ခြင်း အစရှိသည်တို့ အပေါ် အခြေခံထား၍ ကန့်ကွက်လာကြခြင်း ဖြစ်သည်။
ဒီမိုကရေစီ ဆိုသည့်အရာကား သဘောကွဲလွဲမှုများ နှင့်သာ ရှင်သန်နိုင်မည့် ဝါဒ မျိုးပင် ဖြစ်သည်။ လုပ်သမျှ ကို ခေါင်းညိတ် နေမည်ဆိုက အာဏာရှင်တို့၏ ညီလာခံနှင့် မည်သို့မျှ ခြားနားလိမ့်မည် မဟုတ်ပေ။
သို့သော် အပြန်အလှန် လေးစားသမှုတော့ ရှိရပေမည်။ ထိုသို့ ရှိဖို့ ဆိုသည်ကလည်း တဖက်လူ၏ ပြောဆို တင်ပြချက်များကို နားလည်မှု ပေးနိုင်မှလည်း ဖြစ်မည်။
တဖက် မှ နိုင်ငံ၏ လွန်စွာ အလေးအမြတ် ပြုရမည့် ဥပဒေပြု လွှတ်တော်ကြီးအား ၎င်းတို့ ပြောချင်ရာ ပြော၍ရသည့် သာလာယံ ဇရပ်ကြီးအလား ယူဆထားခဲ့ကြသည်။
အော်ဟစ် သောင်းကျန်းကြ၊ ထိုင်ထ လုပ်ကြ ၊သည့်အပြင် လက်ရှိ အစိုးရသည် တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း ဘာတခုမျှ လုပ်နိုင်ခဲ့ခြင်း မရှိ မလုပ်နိုင်လျင် လုပ်နိုင်သူနှင့် အစားထိုးပါ ဆိုသော မည်သည့် အချက်အလက်မျှ အခြေခံခြင်း မရှိ၊ ပြောရလျှင်ပြီးရော ဆိုသည့် ကလေးကလား ဆန်သည့် အတွေးအခေါ်များနှင့် ပြောဆိုလုပ်ကိုင်လာကြသည်။
တိုင်းပြည်၏ အဓိက မဏ္ဍိုင်ကြီးအား လေးစားသမှု ရှိစေရန် အသံဝဲဝဲကြီး နှင့် ထိန်းကျောင်းပေးခဲ့သူသည် ဥက္ကဌ ဖြစ်သူ ကချင်တိုင်းရင်းသားကြီး ဦးတီခွန်မြတ်သာလျှင် ဖြစ်ပေသည်။
ဦးတီခွန်မြတ် အဖို့ လွှတ်တော် အတွင်း ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို အော်ဟစ်နေသည့် နီဂေးတစ်များကို သတိပေးမှု များ အပြင် ငါတကော ကော ကာ လုပ်ဆောင်မှုများအား ဟန့်တားခဲ့ခြင်း များ ကို အပြစ်ဟု ရှုမြင်လာကြသည်။ ၎င်းတို့၏ လွှတ်တော် အစည်းအဝေးတိုင်း တနည်းမဟုတ် တနည်း အရှက်တကွဲ အကျိုးနည်း ဖြစ်လာခဲ့ရသည်များ အပေါ် ဦးတီခွန်မြတ် ကြောင့် ဖြစ်ခဲ့ရသည်ဆိုကာ အပြစ်မြင် မဲ လာခဲ့ကြခြင်း ဖြစ်သည်။
လွှတ်တော် ဥပဒေ နှင့် နည်းဥပဒေများအရ ဥက္ကဌ အား ဖယ်ရှားရန် အဆိုကို အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ် ၁၁၀ မှ ထောက်ခံရမည်ဟု ပါရှိပြီး အဆိုကို အတည်ပြုရန် ကိုယ်စားလှယ် သုံးပုံနှစ်ပုံ၏ ထောက်ခံမှု ကို ရရန် လိုအပ်သည်ဟု ပါရှိပြီး ဖြစ်သည်။
သို့ဆိုလျှင် နဂိုထဲက ရှုံးနိမ့်ဖို့ များနေသော အဆိုကို အဘယ်ကြောင့် တင်သွင်းလာခဲ့ရသနည်း။ အဖြေကား ရှင်းပါသည်။ လာမည့် ရွေးကောက်ပွဲတွင် ၎င်းတို့၏ နိုင်ငံရေး ရပ်တည်မှု ကို လူထုအား ချပြလိုက်ခြင်းသာ ဖြစ်သည်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အား တိုက်ခိုက်မှုများ ပြင်းထန်လာနေသည်ကို ကြည့်ပြီး အားတက်လာသည်။ လူထုသည် အမှန်တရားကို လိုလားသည်။ ထို့အတွက် ဦးတီခွန်မြတ် မှ ၎င်းတို့ အပေါ် ကျူးလွန်ခဲ့သည်များကို လူထုအား ချပြရမည်။ နိုင်ငံရေး အရ သွေးထိုးရမည်။ စစ်တပ်၏ ဘတ်ဂျက်ကို ဖြတ်တောက်လိုက်ခြင်းကို တနည်းမဟုတ် တနည်း တုန့်ပြန်ရမည်။ ကိုင်းဖျား ကိုင်းနား မှန်သမျှ တိုက်ခိုက်ထားနိုင်မှ အပင်ကြီး ပြိုလဲလာမည် ဟူသော အယူအဆများ ကို ခံယူလာကြသည်။
သို့သော် ၎င်းတို့၏ အမျှော်အမြင် နည်းမှု၊ နိုင်ငံရေး အရ အကင်းမပါးမှု၊ ကျားသေကို အသက်သွင်းကာ အရင်အတိုင်း ပြန်လည် အုပ်ချုပ်လိုမှု များကြောင့် ရွေးကောက်ပွဲနီးလာလေ ကြံရာမရ သွေးရူးသွေးတန်း ဖြစ်လာနေသည်မှာ ပို၍ သိသာ ထင်ရှားလာကြသည်။
အမှန်တကယ်မှာ နီဂေးတစ်များသည် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် NLD ၏ ရှေ့တန်း တိုက်စစ်မှူးများ အဖြစ် လွန်စွာ အားကိုးရသူများ သာ ဖြစ်မှန်းမသိ ဖြစ်လာကြသည်။
၎င်းတို့ လုံးဝ မရိပ်စားမိသည့် အချက်မှာ အိမ်နီးချင်း နိုင်ငံများ၏ အစိုးရများ နှင့် ရင်းနှီးမြှုပ်နှံလိုသူများသည် ဒီမိုကရေစီ ဆန့်ကျင့်ရေး အုပ်စု အနိုင်ပြန်ရပြီး တိုင်းပြည် မငြိမ်မသက် ဖြစ်လာမည့် အရေးအား စိုးရိမ်တကြီး ဖြစ်လာနေကြပြီ ဆိုသည့် အချက်ကိုပင် ဖြစ်သည်။
ပြည်သူများ ကလည်း ၎င်းတို့၏ ပညာရေး၊ ကျန်းမာရေး များ စောင့်ရှောက်နိုင်ရန် အသုံးစရိတ်ထက် တပ်မတော်ကို အဆမတန် ပိုပြီး အမြဲလို သုံးခွင့်ပြုနေသော်ငြားလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရိက္ခာကို ရဟတ်ယာဉ် သုံး၍ ချပေးနေရသည့် အဖြစ် ကို လွှတ်တော်တွင် ကာကွယ်ရေး ဝန်ကြီး ကိုယ်တိုင် ဝန်ခံသွားခဲ့ရမှု များ နှင့် ထိုဒေသအတွင်း လက်သည်မပေါ်သည့် အကြမ်းဖက်မှုများ တနေတခြား များပြားလာနေမှုများ အပေါ် စိတ်လက် မချမ်းမသာ ဖြစ်လာနေကြပြီး အုပ်ချုပ်ရေး ဝန်များ ထပ်ပိလာပါက ပို၍ပင် အခြေအနေများ ဆိုးဝါးပေတော့မည်ဟု စိုးရိမ်ပူပန်လာကြပြန်သည်။ ယခုအတိုင်း အစိုးရ၏ ကြီးကြပ်မှု အောက်တွင် မရှိပဲ ဆက်သွားနေမည်ဆိုလျှင် အိုင်စီဂျေ၏ အပြီးသတ် စီရင်ချက်တွင် မြန်မာသည် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်သော နိုင်ငံ အဖြစ် သတ်မှတ်ခံရတော့ မည့် အရေးကလည်း ရှိလာနေပေသည်။
မည်သို့ပင် ဖြစ်စေ နောက်ကြောင်း ပြန်လှည့်ကြမည်လော၊ ရှေ့သို့ ဆက်သွားမည်လော ဆိုသည့် တိုင်းပြည်၏ကံကြမ္မာကို အပြီးအပြတ် ဆုံးဖြတ်ပေးမည့် ရက်များက ငါးလ သာ ကျန်ပေတော့သည်။