သူ ခရီး ဆက်ဦးမည်

by Hla Soewai - Mar 10 2025

နစ်ဆင်က တရုတ်ပြည်သို့ ပင်ပေါင် အဖွဲ့ စေလွှတ်ခဲ့၍ ping pong diplomacy ဟု အမည် တွင်ခဲ့ဖူးသည်။ မင်းအောင် လှိုင်၏ ရုရှား ခရီးစဉ် အား ဆင် ဒစ်ပလိုမေစီ ဟု ပြည်ပ မီဒီယာ များက ကင်ပွန်း တပ်ခဲ့ကြသည်။ တကယ်တမ်း အတွင်းကျကျ သိမည် ဆိုလျင် ကြွက်မင်း ဒစ်ပလို မေစီ ဟုသာ ခေါ်ဝေါ် ပြောဆိုကြလိမ့်မည် ဖြစ်သည်။

 

ပူတင် နှင့် တွေ့ဆုံခဲ့မှု အား ရုရှား ရုပ်မြင်သံကြား မှ အပြည့် အစုံ ထုတ်နှုတ်ပြသခဲ့၍လည်း ပူတင်အား "ဘုရင်" ဟု ပင် ခေါ်ဆိုကာ မြင် မကောင်းအောင် ဖက်လှဲတကင်း လုပ်၊ မြှောက်ပင့် ပြောဆိုနေကြသည့် အရုပ်ဆိုး အကျည်း တန်သည့် မြင်ကွင်း ကြောင့် ဆိုရှယ်မီဒီယာ များ တွင် ပွက်လောရိုက်သွားခဲ့ရသည်။

 

"အဆွေတော်သည် ရုရှား နိုင်ငံတော်ကြီးကို ဦးဆောင်လာခဲ့သည်မှာ ငါးနှစ်လည်းမက၊ ဆယ်နှစ်လည်း မကတော့၊ ရှေ့လျောက်လည်း ရှည်ကြာစွာ အုပ်ချုပ် သွားမည် ဖြစ်၍ နိုင်ငံ ခေါင်းဆောင် သာ မဟုတ်တော့ဘဲ ဘုရင်တပါး ပင် ဖြစ်တော့သည်" ဟု ပြောခဲ့သည်။ အတိတ်ဘဝ က ရေစက် ရှိခဲ့ကြ၍ ယခုလို ဆုံဆည်း ရခြင်း ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

 

ရုရှား၏ အချုပ်အခြာအာဏာ နှင့် ကမ္ဘာငြိမ်းချမ်းရေး အတွက် ရုရှား ၏ မည်သို့သော ဆောင်ရွက်ချက် မျိုး ကို မဆို မိမိတို့မှ ရုရှားဖက်မှ လုံးဝ ရပ်တည်သွားမည်ဟု မျက်စိမှိတ် ပြောသွားခဲ့သည်။

 

ထိုစကားကြောင့် ရုရှား၏ စိတ်တော်သိ ဗောင်းတော်ညိမ့် များက ရုရှား မီဒီယာ မှ အပြည့်အစုံ ထုတ်လွှင့်လာ၍ ပြောသူခမျာ ပြည်တွင်း တွင် အရှက်ဗြန်းဗြန်း ကွဲသွားခဲ့ရသည်။

 

မင်း‌အောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ်ဘဝ မှ စ‌၍ ရေတွက်မည်ဆိုလျင် ရုရှား ခရီးစဉ်သည် ယခု အခါ ၁၁ ကြိမ် မြောက် ရှိသွားခဲ့ပြီ ဖြစ်သည်။

 

၎င်း၏ ခရီးစဉ် အတွင်း အာကာသ စူးစမ်းလေ့လာရေး နှင့် ဂြိုလ်တု နည်းပညာ များ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေး ထိုး ခဲ့ပြန်သည်၊ နည်းပညာ နှင့် ပတ်သက်၍ အင်္ဂလိပ်လို စာတမျက် နှာ ပြည့်အောင် အဆီအငေါ့ တည့်တည့် မရေးတတ်သူများကတော့ မျက်လုံးပြူးနေလောက်ပြီ ဖြစ်သည်။

 

၎င်းအဖို့က နိုင်ငံတကာ အသိအမှတ် ပြုခံရဖို့ တိုင်းပြည်၏ သယံဇာတ များ နှင့် အလဲအလှယ် လုပ်ဖို့ ဝန်မလေးသူ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ ပြောခွင့်ရ ဦးနေဘုန်းလတ် က ပြောခဲ့သည်။ အကယ်ဒမီ ဆုပေးပွဲ လို ပွဲမျိုးကိုပင် တက်ရောက် သူ ဖြစ်၍လည်း သူ့အား လက်ခံမည့် မည်သည့် နိုင်ငံကို မဆို သွားမည်သာ ဖြစ်သည်။

 

ရုရှား နှင့် ‌အသေးစား နျူကလီယား စက်ရုံ ဆောက်ရန် သဘောတူညီချက် လက်မှတ်ရေးထိုး နိုင်ခဲ့သည်။

 

၎င်းတို့ မည်သို့မျှ မတတ်နိုင်၍ လက်မှိုင်ချ နေရသည့် တရုတ် စီမံကိန်းများ အတွက် တကျီကျီ လုပ်နေသော တရုတ် ကိုလည်း စိတ်ကုန်လာမည်၊ ရုရှားသည်သာ မည်သည့် မျှော်လင့်ချက်မှ မရှိဘဲ ကူညီ ရှာသည်ဟု ထင်မြင်လာမည်မှာလည်း ဧကန်မုချ ပင် ဖြစ်သည်။ တရုတ်ကလည်း ၎င်းတို့ စိတ်ထဲရှိသည်ကို ရိပ်စား မိမည်သာ ဖြစ်၍ ရုရှား ခရီးစဉ် အတွင်း လိုတာထက် ပို ကဲပြနေမှု အပေါ် ခိုးလုခုလု ဖြစ်နေပေမည်။

 

ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း ရှိရာ အနီးတဝိုက်တွင်လည်း တိုက်ပွဲ များ ပြင်းထန်နေ၍ ပြည်သူ ၄,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်နေကြရပြီ ဖြစ်သည်။

 

အိန္ဒိယ မှလည်း ၎င်းတို့၏ မဟာစီမံကိန်းကြီး ဖြစ်သည့် မြန်မာ ကို ဖြတ်၍ မဲဆောက်မှ မိုရေး သို့ ဆက်သွယ်မည့် အဝေးပြေး လမ်းမကြီး နှင့် စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေး ကြန့်ကြာနေမှု များအပေါ် ပူညံပူညံ လုပ်လာနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်ကတော့ ကြွက်မင်း အကြောင်း ရှာကြံပေးလာသူ အား အထူး ကျေးဇူး တင်ပြီး ပျော်မြူးနေရှာပေလိမ့်မည်။

 

မင်းအောင်လှိုင် နှင့် အပေါင်းအပါ များ၏ အဆင်ခြင်မဲ့ လုပ်ရပ်များ ကို ထောက်ခံ နေကြသော ကရိုနီ၊ ကရိုပြာများ၊ အဖြူထည် အနုပညာ သည် များ၊ မျိုးချစ် ဆိုသူများသည် အေးအတူ ပူအမျှ စိတ် ဖြင့် တော့ မဟုတ်၊၊ လက်ရှိ ပြည်သူ တရပ်လုံး အသက်သွေးချွေး များစွာ ရင်း၍ ဆင်နွှဲနေသော တော်လှန်ရေးသည် မည်သို့မျှ အောင်မြင် နိုင်မည် မဟုတ်ဟု ယုံကြည်ထားကြ၍သာ ဝန်းရံ နေကြခြင်း ဖြစ်သည်။

 

၎င်းတို့ အပေါ် သစ္စာရှိနေသရွေ့ ဘာမဆို လုပ်၍ ရသည်ကိုလည်း သိထားကြခြင်းသည်လည်း တကြောင်း အပါအဝင် ဖြစ်သည်။ သစ္စာရှိမည် ဆိုက မည်သည့် ပြစ်မှု မျိုး မဆို နားလည် ကြေအေး ပေးနိုင်ကြောင်းပင် ပြောဆိုလာခဲ့သည်၊ ထိုခံယူချက် ဖြင့် ခေတ်အဆက်ဆက် အုပ်ချုပ်လာခဲ့၍ အကျင့်ပျက် ခြစားမှုများ ဖြင့် တိုင်းပြည်သည် မွဲသည်ထက် မွဲလာခဲ့ရခြင်းလည်း ဖြစ်သည်။

 

ထို့အတွက် ၎င်းတို့၏ ခန့်မှန်းထားချက်များ မည်သို့မျှ မမှန်ဟု သက်သေ ပြ နိုင် ဖို့ အရေးသည် တော်လှန်ရေး ကြီး အောင်မြင်ရာ အောင်မြင်ကြောင်း အတွက် တွန်းအားများ ထဲတွင် တခု အပါအဝင် ဖြစ်လာခဲ့ရသည်။

 

၎င်းတို့ ယုံကြည် အားကိုး ထား‌ သော စစ်အာဏာသိမ်း အဖွဲ့သည်လည်း ယခုအခါ တိုက်လေယာဉ် များ၊ ဒရုန်းများကိုသာ သုံး၍ ခုခံ တွန်းလှန်နေကြရပြီး တိုင်းပြည်၏ အချုပ်အခြာ အာဏာကိုပင် ငွေ၊ လက်နက် တို့ ဖြင့် လဲယူ နေရသည့် ဂုဏ်သိက္ခာ မဲ့ ဘဝ ဖြင့် အာဏာကို ကုပ်ကပ်‌ ဆုတ်ကိုင်ထားရပြီ ဖြစ်သည်။

 

မိမိနိုင်ငံသားများ၏ ကောင်းကျိုး ချမ်းသာထက် ၎င်းတို့ အာဏာဖက်တွယ် ထားနိုင်ဖို့ ဦးစားပေးလာကြပြီး တာဝန်မဲ့လာသည့် အုပ်စုသာ ဖြစ်သည်။

 

၎င်းတို့ တာဝန်မဲ့လာယုံမျှမက လူတိုင်းကိုလည်း ၎င်းတို့နှင့် ယှဉ်ပြီး ဆက်ဆံကြ၍ လူတကာ၏ အသိဉာဏ် ကိုပါ စော်ကားသူများ ဖြစ်လာကြသည်။

 

ဂျပန် ဝန်ကြီးချုပ် ရှီဂီယူ အီရှီဘာသည် မင်းအောင်လှိုင်၏ အရှူပ်တော်ပုံကြီး ဖြစ်သော အွန်လိုင်း ငွေလိမ်ဂိုဏ်းများ အရေး အတွက် မည်သို့ မည်ပုံ ဖြေရှင်းရမည်ကို ၎င်းတို့မှ ဦးဆောင်ပြီး နိုင်ငံတကာ ညီလာခံ တရပ် ခေါ်ယူ ရန် အဆိုပြုလာခဲ့သည်။

 

မင်းအောင်လှိုင် မော်စကို ရောက်နေချိန်တွင် ထိုသို့ ပြောလာခြင်းသည် တိုက်ဆိုက်မှု တော့ မဟုတ်ပေ။

 

၎င်း၏ အာဏာရှင် ပါတနာ ဖြစ်သော ဘဲလာရုစ် သမ္မတ လူကာရှင်ကို မှ ဖိတ်ခေါ်၍ မင့်စ် မြို့တော်သို့ မတ်လ ၇ ရက်တွင် ရောက်ရှိမည်ဟု သိရသည်။

 

လူကာရှင်ကို အတွက်တော့ ဘာစာအုပ် မှ ပါလာပုံ မရ သည့် အတွက် စိတ်မကောင်းစရာ ပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!