ရွေးကောက်ပွဲ အား လာမည့် ဆယ်လ အကြာ ဒီဇင်ဘာ သို့မဟုတ် နောက်အကျဆုံး ဇန်နဝါရီ တွင် လုပ်ပေးဖို့ ရှိသည်ဟု ဘဲလာရုစ် တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောဆိုသွားခဲ့သည်ဟု သိရသည်။ ၎င်း၏ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ် ပြိုင်ရန် နိုင်ငံရေး ပါတီ ၅၃ ပါတီ က စာရင်းသွင်းထားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။
မည်သို့သော စနစ်မျိုး ဖြင့် ပြုလုပ်သွားမည် ဆိုသည်နှင့် ရက် အတိအကျ ကို မူ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။ မဲစာရင်း မှန်အောင် လူဦးရေ စာရင်း ပြည်လုံး ကျွတ် ကောက်ခဲ့ပါသည် ဆိုသော်ငြားလည်း ပြည်လုံး မကျွတ်သည့်အပြင် ပြည်လုံး ဝက်ပင် မရှိသည့် မြို့နယ် ၃၃၀ အနက် ၁၄၅ မြို့တွင်သာ ပြီးလွယ်စီးလွယ် နောက်က ကျားလိုက်သလို ကောက်ယူခဲ့ကြခြင်း ဖြစ်သည်။
ရုရှား၊ ဘဲလာရုစ် ခရီးစဉ်ကို ရွေးပြီး ထိုသို့ ပြောဆိုလိုက်ခြင်းသည် ၎င်း၏ ရုရှား နှင့် ပိုပြီး နီးနီးကပ်ကပ် ဆက်ဆံလိုသည့် အနေအထား သိသာ ပေါ်လွင်ထင်ရှားသွားပြီ ဖြစ်၍ တရုတ် တို့ ကျေနပ်သွား အောင် ထည့်သွင်း ပြောဆိုလိုက်ရခြင်းပင် ဖြစ်မည်။
သို့မဟုတ်က MNDAA တပ်များသည် မန္တလေး သို့ ဆင်းလာကြက မခက်ပေလောဟု စိုးရိမ်ကောင်း စိုးရိမ်နေမည် ဖြစ်သည်။
ဘီဂျင်းသည် နိုင်ငံတကာ နယ်ပယ် တွင် ရုရှား နှင့် မဟာမိတ် အဖြစ် ဆက်ဆံနေသောလည်း မြန်မာ စစ်ခေါင်းဆောင်များ ၎င်းတို့ ထားရာနေ စေရာသွား ဘဝ ထိ ရောက်အောင် ဦးချိုးထားနိုင်ခဲ့မှု ထိန်းသိမ်း ထားနိုင်ရန် နှင့် ဒေသတွင်း မဟာဗျုဟာ မြောက် ဟန်ချက် ညီညီ ထားနိုင်မည့် အရေး ကို ရုရှား တို့ ခြေရှုပ်လာ၍ အနှောက်အယှက် ဖြစ်သွားမည့် အရေးကို မည်သို့မျှ လက်ခံနိုင်မည် မဟုတ်ပေ။
သောမ ကြွက်မင်းကလည်း ၎င်းတို့ စိတ်ကျေနပ်သွား အောင် သာ ခေါ် လိုက်ရခြင်း ဖြစ် ကြောင်း နဂါးမင်း အား ချော့မော့ ပြော ဆိုထားမည်သာ ဖြစ်သည်။
"တင်း ပေါ့" သည် ရွေးကောက်ပွဲ လုပ်မည် ဆိုက အရေး ပေါ် အခြေ အနေ ကို သက်တမ်း ထပ်တိုး၍ မရတော့၊ ၎င်း ၏ အနေအထားလည်း မည်သို့ ရှိမည် မသိရတော့သော အနေအထား တွင် ၎င်း အဖြစ်ချင်ဆုံး ပူတင်၏ တရားဝင် ဖိတ်ကြားမှု ကို ရရှိ သွားပြီ ဖြစ်သည်။
ဘီဂျင်း ရှိ ကွန်မြူနစ် ပါတီ အစိုးရကတော့ ပူတင်လို မဟုတ်၊ ပူတင် သည် အမေရိကန် နှင့် ယှဉ်ပြိုင်ရာတွင် လက်နက် အားကိုး ဖြင့် ကြမ်းဖို့ လောက်သာ စိတ်ကူး ရှိသော်လည်း တရုတ်တို့က မူဝါဒရေးရာ ပိုင်း ဦးစားပေးသူ ဖြစ်သည်။ ထို့အတွက် ကြောင့်လည်း ပြည်တွင်း ရေး ဝင်မစွက်ရေး၊ အချုပ်အခြာ အာဏာ လေးစားရေး ဆိုသည်ကို အမြဲလို ပြောဆို နေခြင်း ဖြစ်သည်။ ရုရှား ထံမှ တော့ ထိုစကားမျိုး ကြားရခြင်း မရှိ။
မင်းအောင်လှိုင် လို ပုဂ္ဂိုလ်မျိုး အား ပူတင်လို ဘီဂျင်း ရှိ ပြည်သူ့ ခမ်းမဆောင်ကြီး သို့ ဖိတ်ကြား လိုက်မည် ဆိုက အာဆီယံ နိုင်ငံများ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားပြီး ရှီကျင့်ပင် ဖန်တီးလိုသော အမေရိကန် အလွန် ကမ္ဘာစနစ်သစ် အပေါ် သံသယ ရှိနေသည့် အဖြစ်မှ လုံးဝ အယုံအကြည် မဲ့သည့် အဆင့်သို့ ထိုးဆင်းသွားမည် ဖြစ်သည်။
လက်ရှိတွင် ၎င်းတို့ ဘာမှ ကြံဆောင်စရာ မလိုပဲ ကမ္ဘာ ပုလိပ်ကြီး ရာထူးမှ သူ့စရိတ်နှင့် သူ ထွက်သွားပြီ ဖြစ်၍ တရုတ် နှင့် ရုရှား တို့ ဝင်ရောက် နေရာယူ နိုင်ရန် ၎င်းတို့၏ နိုင်ငံခြား ရေး မူဝါဒ အား သိမ်မွေ့စွာ reset လုပ်နိုင်ဖို့ စိုင်းပြင်းနေချိန် ဖြစ်သည်။
ရွေးကောက်ပွဲ အားလည်း တရုတ်လုပ်ခိုင်း၍သာ လိုက်လုပ်ပေးရသည်၊ အဖြစ်သဘောမျိုး နိုင်ငံ၏ သုံးပုံတပုံခန့်တွင်သာ လုပ်မည် ဖြစ်သည်၊ ရွေးကောက်ပွဲ ဖြင့်သာ မင်းအောင်လှိုင်အား သိက္ခာရှိ ရှိ ဖယ်ရှားနိုင်မည်ဟု ယုံကြည်နေသည်။ ၎င်းတို့ အတွက် မဟာဗျူဟာ မြောက် လွန်စွာ အရေးပါသည် ဟု သတ်မှတ်ထားသော မြန်မာ တွင် တင်းပေါ့ ဆက်ပြီး ဦးဆောင်နေ၍ မဖြစ်တော့ဟု ဆုံးဖြတ်ထားပြီး ဖြစ်သည်။ ၎င်း နေရာတွင် မည်သူနှင့် အစားထိုးရမည်နည်း ဆိုသည်သာ ပြဿနာ ဖြစ်နေသည်။
မင်းအောင်လှိုင်ကတော့ ဆင်းပေးရန် နကိုယ်ကတည်းက ရည်ရွယ်သူ မဟုတ်၊ ၎င်း၏ အုပ်ချုပ်နေမှု အား နိုင်ငံတကာက မဖြစ်မနေ အသိအမှတ် ပြုလာရန် ကြံစည် နေခြင်း ဖြစ်သည်၊ ဘီဂျင်းသည်လည်း ၎င်း၏ အကြံကို မသိပဲ နေမည် မဟုတ်၊ အနည်းဆုံး သုံးစားမရသည့် ကာကွယ်ရေး ဦးစီးချုပ် ရာထူး မှ ဖယ်ပေးလျင်ပင် မဆိုးလှဟု ယူဆထားသည်။
တရုတ် တရားရုံးများသည် ပြီးခဲ့သည့် နှစ် အတွင်း အွန်လိုင်း လိမ်လည်မှု ပေါင်း ၄၀,၀၀၀ ကျော် ကိုင်တွယ် နေရပြီး ၂၀၂၃ နောက်ပိုင်းတွင် ၂၆.၇ ရာနှုန်း တိုးလာနေသည့် အရေးကြောင့် ကျားဖြန့် ကိစ္စ သည် ပြေလည်ခြင်း မရှိသေးပေ။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!