စစ်ခေါင်းဆောင်များသည် နိုင်ငံကို ရာစု နှစ်ဝက်ကျော် အုပ်ချုပ်လာခဲ့သော်ငြားလည်း ၎င်းတို့အဖို့က လူထု ၏ စိတ်ခံစားမှု နားလည် နိုင်စွမ်း ကင်းမဲ့သည့် ပဋိသဒ္ဓေ ပါလာကြသူများသာ ဖြစ်သည်။
ထို့အတွက်လည်း စစ် ခေါင်းဆောင်များမှ အောက် ခြေ စစ်သားများအထိ ၎င်းတို့၏ စိတ်ဓါတ်များသည် ထိုသို့နားလည်ရန် လေ့လာသင်ယူနိုင်စွမ်း မရှိခဲ့ကြ၊ ၎င်းတို့၏ တခုတည်းသော တာဝန်ဖြစ်သည့် သတ်ဖြတ်ရခြင်းကို ပင် အဓိက ထား သင်ကြား တတ်မြောက်လာကြသူ များ ဖြစ်သည်။
၎င်းတို့သည် ဥပဒေ အတိုင်း လုပ်ရပါသည် ဟု ပါးစပ်က တဖွဖွ ပြောနေကြသော်လည်း အာဏာသိမ်းလိုက်ခြင်း ဖြင့် တိုင်းပြည်၏ အမြင့်ဆုံး ဥပဒေကို သစ္စာဖေါက်က လက်နက်အားကိုး ဖြင့် ချိုး ဖောက်ခဲ့ကြပြီး ဖြစ်သည်။ ထိုမျှ မကသေး လူထု ကို လည်း လက်နက်ကြီး၊ လက်နက်ငယ်များ၊ စနိုက်ပါများ မကျန်သုံး၍ သတ်ဖြတ်ခဲ့ကြသည်။ ၎င်းတို့ တခုတည်းသာ ခေါင်းထဲ စွဲလာကြသည်က ထိုသို့ သတ်ဖြတ်နိုင်မှသာ ကျန်သူများကို မလုပ်ရဲအောင် ဟန့်တား နိုင်မည် ဆိုသည်ပင် ဖြစ်သည်။
ယင်းသည် ၎င်းတို့ အတွက် ကြမ္မာဆိုး ငင်ခဲ့ရခြင်း ဖြစ်သည်ဟု ပြည်တွင်း ပြည်ပ လေ့လာသူ အားလုံးက တညီတညွတ် တည်း ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်သည်။
သို့သော် လူများ၏ စိတ်ဓါတ်ကို အပြီးအပိုင် ရိုက်ချိုး နိုင်ဖို့ ဆိုသည်က ၎င်းတို့၏ ရှိသမျှ လက်နက်များ နှင့် မစွမ်းဆောင်နိုင်ခြင်းပင် ဖြစ်သည်။
ထိုသို့ ရိုက်ချိုး နိုင်စွမ်း မရှိသော စိတ်ဓါတ်ခွန်အား သည် တိုင်းပြည် နှင့် လူထု ကို သစ္စာဖေါက်ခဲ့ကြသူ များ အဖို့ သေသည် အထိ အနားမရ ပူလောင်နေအောင် စွမ်းဆောင်နိုင်စွမ်း ရှိ အောင် အင်အား ကြီးမားစွာ ထွက်ပေါ်လာခဲ့သည်။
တိုင်းပြည် အပေါ် သစ္စာဖေါက်ခဲ့ကြသူများ အား ပံ့ပိုး ပေးခဲ့ကြသူများသည်လည်း ၎င်းတို့ ထင်သလို အနေအစား ချောင်ကာ ဘဝ အခြေအနေ ကောင်းမွန်လာခဲ့ကြခြင်း မရှိ၊ ၎င်းတို့ ဘဝ များ နေသားတကျ လုံခြုံလာပြီဟု ခံစားခဲ့ကြရခြင်း မရှိ၊ လေထဲတွင် လွင့်ပျံ့ နေသလို ဖြစ် နေသည့် သေမင်း တမန်ကြီးလိုအခွင့်သာသည် နှင့် ထွက်ပေါ်လာမည့် လူထု၏ ဒေါသကို ရင်တထိတ်ထိတ် ဖြင့် စောင့်နေကြရသူ များသာ ဖြစ်သည်။
လူထု သည် ဒုက္ခသုက္ခများ ပို၍ ကြုံလာရလေ၊ ၎င်းတို့ အပေါ် မုန်းတီးစိတ်များက ပိုမို ကြီးထွားလာလေ ပင် ဖြစ်သည်။ ယင်းသည် မျက်နှာပြင် အောက်တွင် တည်ရှိနေသည့် ပေါက်ကွဲ ထွက်လုဆဲဆဲ အစိုင်အခဲကြီး ဖြစ်လာသည်။
၎င်းတို့၏ တပ်ရင်း တပ်မများသည် ထိုသို့ မုန်းတီးရွံရှာနေသည့် လူထု ၏ အလယ်တွင် ရောက်လာနေသည်။ ၎င်းတို့အဖို့ တခဏ လေးမျှပင် စိတ်လွတ် ကိုယ်လွတ် မနေရဲအောင် ဖြစ်လာသည်။ တခဏမျှ မေ့လျော့သွားသည်နှင့် အသက်နှင့် ခန္ဓာကိုယ် ကင်းကွာ သွားရပေတော့မည်။
အားလပ်ချိန် အရက်ဆိုင်သွားသွား၊ ကာရာအိုကေ သွားသွား၊ ဈေးဝယ်ထွက်ထွက် လုံခြုံစိတ်ချရမှု မရှိ ဖြစ်လာသည်။ ထိုသို့ အထီးကျန်ဘဝ ဖြင့် ကိုယ့်အရိပ်ကို ပင် လန့်နေကြရ၍ တခါက ၎င်းတို့ အား ချစ်ခင်လိုလား ခဲ့ကြသည့် ဆွေမျိုး မိတ်သင်္ဂါဟ များ နှင့် နေခဲ့ကြရသည့် ဘဝကို လွမ်းဆွတ်လာကြသည်။
၎င်းတို့အဖို့က စစ်သားအဖြစ် တနေ့လျှင် နာရီပေါင်းများစွာ၊ တနှစ်လျင် လပေါင်း များစွာသာ ရပ်တည်ခဲ့ကြသည်။၊ ကျန် အချိန်များ တွင် လူတဦးတယောက် အဖြစ်သာ နေချင်ကြသည်။ ရယ်စရာ မောစရာ၊ အရက်သေစာ များ၊ ချစ်သူ ရည်းစား မိန်းကလေး များ နှင့် လွတ်လပ်ပေါ့ပါးစွာ နေချင်ကြသည်။ ထိုအဖြစ်များ နှင့် ကင်းဝေးလာလေလေ တောင့်တ လာ လေလေ ပင် ဖြစ်သည်။
လက်ရှိတွင် မဖြစ်လို့သာ ဆက်ဆံနေကြရသည့် လူထု နှင့် သွားလေရာတွင် ရင်ဆိုင်နေကြရသည်။ ထို့အတွက် ၎င်းတို့ စိတ်ထဲတွင် ကြောက်ရွံ့စိတ်များက တဖြေးဖြေး ကြီးထွားလာကြတော့သည်။ ၎င်းတို့အဖို့ မည်သည့်အခါမျှ စိတ်လွတ် ကိုယ်လွတ် နေခွင့်မရကြ၊ အိမ်ပြန်ခွင့်လည်း မရကြ တော့မှန်း သိလာကြသည်။
လူထု ၏ အမုန်းတရားများက မည်သည့် အခါမျှ လျော့ပါးသွားခြင်း မရှိသည်ကို သိလာ လေလေ၊ တနေ့ကျ ၎င်းတို့အား အမဲလိုက်သလို အလိုက်ခံကြရမည့် အဖြစ် နှင့် မလွဲမသွေ ကြုံကြရတော့မည် ဖြစ်သည်ကိုလည်း ရိပ်စားမိလာကြသည်။
၎င်းတို့ လက်ထဲ ရောက်လာသော သတင်းစာများ၊ ကြားရသော အကြောင်းအရာ များသည် အမြဲလို အကောင်းများ နှင့်သာ ပြည့်နှက်နေပြန်သည်။ ခေတ္တခဏ တော့ ယုံကြည်ကောင်း ယုံကြည်ကြမည် ဖြစ်သော်လည်း နေ့တဓူဝ ထိုသို့ ဖတ်ရ၊ ကြားရသည့် အခါတွင်တော့ ယုံကြည်ကြခြင်း မရှိတော့။ ၎င်းတို့အား အခွင့်ရသည် နှင့် သတ်ဖြတ်ခံနေရသည့် သတင်းများကိုပါ သိလာကြသည်။ ထို့ အတွက် အိပ်မပျော်သောညများ၊ တထိတ်ထိတ် အလန့်လန့်ဖြင့် နေရသော ရက်များကို ကျော်ဖြတ်လာကြရသည်။
၎င်းတို့ သေနတ် ပြောင်းဝတွင် တခါက ရှိခဲ့သည့် လူထု ကို ပြန်၍ ကြောက်ရွံ့လာသည်။၊ အရာရှိများသည်လည်း ၎င်းတို့နည်းတူတူ ခံစားနေကြရသော်လည်း လေ့ကျင့်သင်ကြားမှု အပြည့်ရထား၍ အတတ်နိုင်ဆုံး ဖုန်းကွယ် ဟန်ဆောင်ထားကြ သူများ ဖြစ်၍လည်း ၎င်းတို့ ပါးစပ်ဖျားက ထွက်လာ သော စကားများကိုလည်း အယုံအကြည် မရှိကြတော့။
လူထု က ၎င်းတို့၏ အမှားများကို စောင့်ကြည့်နေကြသလို အချင်းချင်းလည်း မည်သူက စိတ်ဓါတ်ပျော့ညံ့ လာသည်ကို စောင့်ကြည့် ခံနေရပြန်၍ ၎င်းတို့၏ စိတ်ဓါတ်များသည် ထိုနှစ်ဖက်ကြား တွင် လွန်ဆွဲ ခံရသလို ပြတ်တောက်လု မတတ် ဖြစ်လာကြသည်။ အက်ကြောင်း အနည်းငယ် ထွက်လာသည်နှင့် ၎င်းတို့ မည်သို့ မည်ပုံ အဖြစ်ဆိုးမျိုး နှင့် ကြုံရမည်ကို သိလာကြရသည့် ဘဝ များ နှင့် ရှင်သန် နေကြရသူ များ သာ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!
(ဂျွန် စတိန်းဘက် ၏ "The Moon Is Down" ဝတ္ထု မှ စာသား အချို့ကို ဖြည့်စွက် ဖေါ်ပြသည်။)