ကမ္ဘာ့စီးပွားရေးသည် သတိမေ့မျောနေအောင် ဖန်တီးပေးထားသည့် လူမမာကြီး အလား ဖြစ်နေ၍ ကိုဗစ်-၁၉ ကြောင့် ပြန်လည် ကောင်းမွန်လာပါကလည်း ယခင်ကလို သန်သန်မာမာ သွားနိုင်လာနိုင်တော့မည် မဟုတ်ဟူ၍ အလွယ်တကူ တွေးထင်စရာ ဖြစ်နေသည်။ သို့သော် ရောဂါကာကွယ်ဆေး၊ ကုသ ဆေးနည်းသာ တွေ့မည်ဆိုလျှင် ကမ္ဘာ့စီးပွားရေးသည် ယခင်အတိုင်း ပြန်ဖြစ်ရန် အခွင့်အလမ်းကောင်းများ ရှိနေသည်ဆိုသည်အား သမိုင်းစဉ်တလျှောက် နမူနာများကို လေ့လာကြည့်က သိနိုင်ပေသည်။ သို့သော် အမြှော်အမြင်ရှိသော စီးပွားရေး နှင့် လူထုကျန်းမာရေး မူဝါဒ များ တော့ ရှိနေရမည် ဖြစ်သည်။
ဒုတိယ ကမ္ဘာစစ်ကြီးနောက်ပိုင်း ဂျာမဏီ၊ ဂျပန်၊ ဗြိတိန် နှင့် ပြင်သစ်တို့ အလျှင်အမြန် ပြန်လည် နာလံထူလာခဲ့သည်ဆိုသော အချက်သည် ယခုအချိန်လည်း ပုံမှန်အနေအထား ပြန်ရောက်သည့်အခါ ဈေးကွက် စီးပွားရေး၏ မူလစွမ်းဆောင်ရည်များ ပြန်လည် ပေါ်ထွက်လာမည့် အလားအလာများ ရှိကြောင်း သက်သေခံလျှက် ရှိနေပေသည်။ ဂျပန်တွင် လေကြောင်းမှ ဗုံးကြဲခံခဲ့ရမှုကြောင့် မြို့ကြီး ၆၆ မြို့သည် ကွယ်ပျောက်သွားလုနီး ဖြစ်ခဲ့ရသည်။ ယင်းနှင့်အတူ လူပေါင်း ၃၅၀,၀၀၀ သေဆုံးခဲ့သည်။ သို့သော် ၁၅ နှစ် ဆိုသော အချိန်အတွင်းမှာပင် အဆိုပါ မြို့ကြီးအားလုံးသည် သူ၏နဂိုအနေအထားသို့ လုံးဝပြန်လည် ရောက်ရှိလာခဲ့သည်။ အထိခိုက် အခံရဆုံး ဖြစ်လေ အလျှင်မြန်ဆုံး နှုန်းဖြင့် စစ်ကြီး မတိုင်မီ အနေအထား ပြန်ရောက်လေ ဖြစ်လာခဲ့ရသည်။ ထိုသို့သော ပုံစံမျိုး လည်း ဂျာမဏီတွင် တွေ့လာခဲ့ရပြန်သည်။
ထိုသို့ ပြန်လည်ရှင်သန်လာခြင်းသည် တိုးတက်ခေတ်မှီသော စီးပွားရေး အသွင်လက္ခဏာ များ ရှိနေ၍ မဟုတ်။ ဗီယက်နမ် စစ်ပွဲအတွင်း ကမ္ဘာသမိုင်းတွင် အပြင်းထန်ဆုံး ဟု ဆိုရမည့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခံရခြင်းကို ကြုံခဲ့ကြရသည်။ ထိုအတွက် ဗီယက်နမ်သည် လူ နှင့် စီးပွားရေး အရင်းအမြစ်များ အကြီးအကျယ် ထိခိုက် ဆုံးရှုံးခဲ့ကြရသည်။ သို့သော် သက္ကရာဇ် ၂၀၀၀ တွင် ဆင်းရဲမှု၊ အခြေခံ အဆောက်အအုံ ပိုင်း၊ မြိုပြအနေအထား နှင့် လူသားအရင်းအမြစ် ပိုင်း၌ ဗုံးကြဲခံရသည့် နေရာများနှင့် အကြဲမခံခဲ့ရသည့် နေရာများသည် မည်သို့မျှ ခြားနားမှု မရှိတော့ပေ။
စီးပွားရေး ပညာရှင်များ အဖို့ ထိုကဲ့သို့ ဒေသများ တသားတည်းကျအောင် ပေါင်းစည်းနိုင်ခဲ့မှုသည် ကုန်ထုတ်လုပ်ငန်းများကို ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် ပြုခဲ့သော ဈေးကွက် စီးပွားရေး စနစ်၏ ပြယုဒ်တခုအဖြစ် ဆုပ်ကိုင်လာခဲ့ကြသည်။ အရပ်ဒေသတခုသည် လူများအား ဆွဲဆောင်နိုင်ဖို့ ဆိုလျှင် ပထမဦးစွာ မူလကတည်းက ရှိနှင့်ပြီး ဖြစ်သော မြစ်ချောင်း၊ နေရာ အချက်အချာကျချင်း၊ ရှည်လျားသော သမိုင်းကြောင်းရှိခဲ့မှု နှင့် ကောင်းမွန်သော ပညာရေး စနစ် အစရှိသည်တို့ ရှိထားရမည် ဖြစ်သည်။ စီးပွားရေး လုပ်ငန်းရှင်များက ထိုသို့သော နေရာမျိုး ရွေးကာ ရင်းနှီးမြုပ်နှံလိုကြသည်။ လူများကလည်း ပြန်လည် ရွှေ့ပြောင်းလိုကြသည်။ ထို့အတွက် မြို့ကြီးတခုသည် ပို၍ ပျက်ဆီးလေလေ ပို၍ လျှင်မြန်စွာ နာလံထူလာလေ လည်း ဖြစ်သည်။
ကပ်ရောဂါဆိုးကြီး တခုသည် စစ်ကြီးအတွင်း ဗုံးကြဲခံရမှုနှင့် ခပ်ဆင်ဆင် တူပေသည်။ စစ်ပွဲ ဆိုသည်က စီးပွားရေး တခုအား ဗုန်းဗုန်းလဲအောင် ပြင်ပအင်အားစုများက ဖန်တီးခဲ့ခြင်းပင် မဟုတ်ပါလော။ ယခုအခါလည်း မိမိတို့ မှ စစ်ပွဲ ပြီးနောက် အလားတူ ပင် ပြန်ဖြစ်လာနိုင်ဖွယ် ရှိသည်ဟု မျှော်လင့်နိုင်ပေသည်။ (သို့သော် ရောဂါကာကွယ်ဆေး သည် မကြာမီအတွင်း ပေါ်ပေါက်လာမှသာ ဖြစ်နိုင်ပေမည်။ ထိုသို့မဟုတ်လျှင် အခြေအနေများသည် ပို၍ ရှုပ်ထွေးလာနိုင်စရာ ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ကိုင်ရမည့် လုပ်ငန်းတိုင်းက ပြန်လည် စဉ်းစားလာကြဖို့ ရှိနေ၍ ဖြစ်သည်။)
အမှတ်ရသင့်လှသည်မှာ စစ်ကြီးပြီးနောက် စစ်ဒဏ်ခံခဲ့ရသော နိုင်ငံများသည် စီးပွားရေးတွင် အမှီပြန်လိုက်လာနိုင်မှုသည် အစိုးရ မှ ဝင်ရောက် အကူအညီပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်သည်။ ဥရောပ တွင် မာရှယ် စီမံကိန်း ဖြင့် ပြန်လည်ထူထောင်ရေး အတွက် အလွန်အမင်း လိုအပ်နေသော ငွေကြေးများကို အမေရိကန်မှ ပံ့ပိုးပေးနိုင်ခဲ့သည်။ စစ်ပြီးနောက် ဗီယက်နမ်သည် ဗဟိုချုပ်ကိုင်သော မူဝါဒများ ကို အလွန်အမင်း ကျင့်သုံးခဲ့သဖြင့် လိုအပ်သည့် နေရာများကို လိုအပ်သလို အလျှင်အမြန် နှင့် အလွယ်တကူ ရင်းနှီးမြုပ်နှံနိုင်ခဲ့သည်။
နောက်ထပ် အခြင်းအရာတခုသည်ကား စစ်ပွဲမှ ရုန်းထွက်လာနိုင်ခဲ့သော နိုင်ငံများသည် နိုင်ငံတကာ မှ အသိအမှတ်ပြုသည့် ခိုင်မာသော အစိုးရများ ဖွဲ့စည်းနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ ထိုနေရာတွင် မတူညီသော နိုင်ငံရေး စနစ်များ ကြောင့် အတိုင်းအတာ တခုအထိ တော့ ကွဲပြားနိုင်သည်။ နောက်ဆုံးတွင် ထိုနိုင်ငံ အများစုသည် လူတန်းစား ကွဲပြားမှု တွင် မဆိုသလောက်သာ ရှိနေခဲ့ခြင်းမှာလည်း အထက်က အခြင်းအရာများ နှင့် သက်ဆိုင်သည်ဟု ပြောနိုင်ပေသည်။
သို့သော် စစ်ပွဲများ အတွင်း အုပ်ချုပ်ရေး နှင့် စီးပွားရေး ပြိုလဲခဲ့ရသော ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဆိုမာလီယာ နှင့် အာဖဂန်နစ္စတန် နိုင်ငံများတွင် ပဋိပက္ခများသာ အဆုံးသတ်သွားသော်လည်း စီးပွားရေးက ပြန်လည် ဦးမော့လာခဲ့ခြင်း မရှိသည့်အပြင် ပို၍ ဆိုးဝါးသော အခြေအနေများစီ ထိုးဆင်းသွားသည်မှာလည်း တိုက်ဆိုင်မှု တော့ မဟုတ်ပြန်ပေ။
ပို၍ ကြီးမားလာသော အန္တရာယ် တရပ်ကား လူထုကျန်းမာရေး ကဏ္ဍ တွင် ဖြစ်ပေါ်လာသော အကြပ်အတည်း ကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရမှု နှင့် ဒေသအနှံ့အပြားကို ပိတ်ဆို့ ခဲ့ရမှုကြောင့် ဖြစ်ပေါ်လာသော စီးပွားရေး တွင် မရှုနိုင် မကယ်နိုင် ဖြစ်လာမှုများနှင့် ပေါင်းစပ်လာခဲ့ခြင်းကြောင့် အစိုးရများ၏ တရားဝင်ရပ်တည်မှု သည် လှိုက်စားလာခဲ့ပြီး ယခင်ရှိနှင့် ပြီးသား အခြေအနေများကို ပို၍ ဆိုးဝါးလာစေခဲ့ပြန်သည်။
လူမှုရေး မျှခြေပိုင်းတွင် အထိခိုက် မခံအောင် ယဲ့ယဲ့လေးသာ ရှိနေသည့် ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုတွင် အကြီးမားဆုံးသော အန္တရာယ် ကြီး ရှိလာနေသည်။ ထိုသို့သော နိုင်ငံ များသည် အနည်း နှင့် အများ ဆိုသလို လူမှုရေး မျှခြေ တခု ပြန်လည် ရရှိရေး က ပို၍ ခက်ခဲလာရသည်။ သို့သော် လူတန်းစား တန်းတူညီမျှမှု အပိုင်းတွင် တိုက်စားခြင်း ခံလာနေရသဖြင့် ဒေါသထွက်လာနေမှုများကြောင့် အီတလီ၊ ပြင်သစ် နှင့် အမေရိကား ကဲ့သို့သော နိုင်ငံများတွင် လက်ရှိ နိုင်ငံရေး စနစ်၏ အစိတ်အပိုင်း အတော်များများကို မဖြစ်မနေ ပြောင်းလဲရန် တွန်းအားပေးလာမှု များကြောင့် လူမှုရေး မတည်ငြိမ်မှုများ ၏ ချောက်ကမ်းပါး အဝ ရောက်ရန် သိပ်မဝေးတော့သည့် အနေအထား သို့ ရောက်လာကောင်း ရောက်လာနိုင်ဖွယ် ရှိနေပေသည်။
ထိုကဲ့သို့ အန္တရာယ်များနှင့် ရင်ဆိုင်လာနေရဖွယ်ရှိသော နိုင်ငံများ အဖို့ မိမိတို့ သွားနေသော အနာဂတ်ကို ထိန်းသိမ်းထားနိုင်ရေး မိမိတို့၏ တရားဝင် ရပ်တည်ခွင့်ကို ဆက်လက်စွဲကိုင်ပြီး စံနမူနာပြ ပြန်လည် တည်ဆောက်ရန်လည်း လိုအပ်လာနေသည်။ ဤအရေးသည် ရှုပ်ထွေးလှမည့် တာဝန်ကြီး တရပ် ဖြစ်သော်လည်း အနည်းဆုံး အနေဖြင့် ကိုဗစ်-၁၉ အား သင့်တင့် လျှောက်ပတ်စွာ တုန့်ပြန်နိုင်ဖို့ စုစည်း လုပ်ဆောင်သွားနိုင်ရမည့် အပြင် စီးပွားရေးပိုင်းပါ ထည့်သွင်းစဉ်းစား၍ စီမံခန့်ခွဲသွားဖို့လည်း လိုပေသည်။
မည်သို့ မည်ပုံ လုပ်ဆောင်ရမည်ကို လူထုကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများ နှင့် စီးပွားရေး ပညာရှင်များ အကြား အကြမ်းဖျင်း သဘောတူညီထားမှု ရှိလာခဲ့သည်။ ပထမဆုံး အနေဖြင့် ကပ်ရောဂါ အမြင့်ဆုံး အထိ ကူးဆက်ခံရချိန်တွင် မိမိတို့တွင်ရှိ ကာကွယ်ကုသရေး လုပ်ငန်းများ ပြိုလဲမသွားအောင် ထိန်းသိမ်းထားရေးပင် ဖြစ်သည်။ ဒုတိယ အနေဖြင့် လော့ဒေါင်း ကြောင့် ရပ်တည်နိုင်စွမ်း မရှိသော နိုင်ငံသားများအား ကန့်သတ်ချက် မထားပဲ အားလုံးကို ငွေများ ထောက်ပံ့ပေးရန်၊ တတိယအနေဖြင့် လော့ဒေါင်းကို မည်သည့်အချိန်နှင့် မည်သည့်နေရာများတွင် ပြန်လည် ဖြေလျော့ပေးနိုင်ရေး အတွက် ရောဂါပိုး စမ်းသပ်မှုများကို စနစ်တကျ ပြုလုပ်သွားရန်တို့ ဖြစ်သည်။
ထိုသို့ လုပ်ဆောင်သွားပါလျှင် အကုန်အကျ များမည်ကတော့ အမှန်ပင် ဖြစ်သည်။ ချမ်းသာသော နိုင်ငံများအဖို့ ထိုသို့ လုပ်ရန် မည်သို့မျှ ထိခိုက်နိုင်ဖွယ် မရှိသော်လည်း လုပ်ရန် ပျက်ကွက်က မိမိတို့ မိမိ ထိခိုက်အနာတရ ဖြစ်အောင် လုပ်သည်နှင့် အတူတူ ဖြစ်သွားပေလိမ့်မည်။ ၎င်းတို့အား အကြွေးပေးရန် စိတ်ချရမှု အကဲဖြတ် မှတ်ကျောက် (credit ratings)မထိခိုက်စေရပဲ အတိုးနှုန်းသက်သာစွာဖြင့် ချေးငှားနိုင်စွမ်း ရှိနေသည်။ အမေရိကန် နှင့် ဥရောပ အစိုးရများ အနေဖြင့် ၂၀၀၈ သင်ခန်းစာကို သတိရပြီး စောစီးစွာ ဘဏ္ဍာရေးပိုင်းကို ပြန်လည် တင်းကျပ်အောင် မလုပ်တန်ရာဟု မျှော်လင့်ရပေသည်။
ဤနေရာတွင် ဆင်းရဲသော နိုင်ငံများတွင် ပြဿနာ ရှိလာနေသည်။ ၎င်းတို့အား ဘဏ္ဍာရေးပိုင်းတွင် စည်းကမ်းတကျ သုံးစွဲခြင်း မရှိဟု ရှုမြင်ထားပြီး ဖြစ်သဖြင့်လည်း credit ratings အတွက် စိုးရိမ်ပူပန် နေကြရသည်။ ကြီးမားပြီး ဝင်ငွေအားဖြင့် အလယ်အလတ်ရှိသော အိန္ဒိယပင် ၎င်းတို့ အစဉ်တစိုက် ကျင့်သုံးခဲ့သော မာကရို စီးပွားရေး မူဝါဒ ဖြစ်သော အတိုးနှုန်း နှင့် ကုန်ထုတ်စွမ်းအားစု ကဲ့သို့သော ကဏ္ဍများအပေါ် ကျယ်ကျယ်ပြန့်ပြန့် လေ့လာ ကျင့်သုံးနေမှု ကို ထိခိုက်လာမည့် အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင့်ကြမှုများကြောင့် မလှုပ်နိုင် ဖြစ်လာနေရသည်။ အာဖရိက နိုင်ငံများ အဖို့ကား ဘဏ္ဍာရေး ပိုင်းတွင် အားဖြည့်ပေးခြင်း မရှိလျှင်သော်၎င်း၊ သူတို့ တင်ရှိနေသော ကြွေးမြီများကို လျှော်မပေးခဲ့လျှင်သော်၎င်း မည်သို့မျှ ဆောင်ရွက်နိုင်စွမ်း ရှိကြမည် မဟုတ်ပေ။ ထို့အပြင် နောက်ပိုင်းတွင် ဆေးဝါး များနှင့် ကာကွယ်ဆေးများ ဝယ်ယူရန် ရှိနေပြန်သည်။
ထို့အတွက်ကြောင့် အဆိုပါ နိုင်ငံများသည် ၎င်းတို့ဖာသာ ရပ်တည် လုပ်ကိုင်နိုင်စွမ်း ရှိကြမည် မဟုတ်ပေ။ ယခု အခါ ကမ္ဘာကြီးသည် ဆင်းရဲသော နိုင်ငံများ အတွက် “ကိုဗစ်-၁၉ မာရှယ် စီမံကိန်း” တရပ် ဖေါ်ဆောင်ရန် လိုအပ်နေသည်။ သို့မှသာ ဒုတိယ ကမ္ဘာစစ်ကြီး၊ စီးပွားပျက်ကပ်ကြီး နှင့် ယင်းမတိုင်မီ ဖြစ်ပေါ်ခဲ့သော ကပ်ရောဂါ ဘေးကြီး နောက်ပိုင်း ပေါ်ပေါက်လာသည့် “ဂုဏ်ရောင်ထွန်းပြောင်ခဲ့သော နှစ်သုံးဆယ် ကာလ” နှင့် ဆင်တူမည့် ကော်ရိုနာဗိုင်းရပ်စ် အလွန် စီးပွားရေးသည် ပြန်လည် နာလန်ထူလာနိုင်ကြမည် ဖြစ်သည်။
Abhijit Banerjee နှင့် Esther Dufloတို့သည် ၂၀၁၉ ခုနှစ် အတွက် စီးပွားရေး နိုဘဲလ်ဆုကို ပူးတွဲ ရရှိခဲ့ကြသော မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ်ကြီး မှ ပါမောက္ခများ ဖြစ်ကြသည်။ ၎င်းတို့အား အီကော်နော်မစ် မဂ္ဂဇင်းကြီး မှ ကိုဗစ်-၁၉ အတွက် ဆောင်းပါး တပုဒ် ချီးမြှင့်ပေးပါရန် တောင်းဆိုခဲ့သဖြင့် ရေးသား ပေးပို့ခဲ့ခြင်း ဖြစ်ပြီး မေလ ၂၆ ရက် ၂၀၂၀ Digital edition တွင် ထည့်သွင်း ဖေါ်ပြခဲ့သည်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု များ တွင် တွေ့ရသော လက်တွေ့ ကျကျ ဖေါ်ထုတ်နိုင်သည့် အထောက်အထားများနှင့် စပ်လျင်းပြီး စာတမ်းပြုစုနေကြသူများ ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း ၎င်းတို့နှစ်ဦး ပူးတွဲ ရေးသား ထုတ်ဝေခဲ့သော “Good Economics for Hard Times: Better Answers to Our Biggest Problems” ဟူသော စာအုပ်သည် အထူး ထင်ရှားခဲ့သည်။