ထို့အတွက် အဓိက တရားခံ သည် ကြားထဲမှ ရေလာမြောင်းပေး မြှောက်ထိုး ပင့်ကော် လုပ်ခဲ့သည့် ဒုသမ္မတ ဂျေဒီ ဗန့်စ် ပင် ဖြစ်သည်ဟု အီကောနော်မစ် မဂ္ဂဇင်း တွင် ရေးသားလာခဲ့သည်။
ယူကရိန်း- အမေရိကန် ဆက်ဆံရေးသည် မရေရာ မသေချာမှု များ နှင့် ပြည့်နှက်နေပြီး အထိမခံ ရွှေပန်းကန် မျိုး ဖြစ်နေချိန် ဖေဖေါ်ဝါရီ ၂၈ တွင် ယူကရိန်း သမ္မတ ဇယ်လင်စကီးသည် အိမ်ဖြူတော်သို့ ရောက်ရှိလာခဲ့သည်။ ၎င်းပြန်သွားသည့် အချိန်တွင်တော့ နှစ်နိုင်ငံ အကြား ဆက်ဆံရေးသည် အစိတ်စိတ် အမွှာမွှာ ကွဲ အက်သွားခဲ့ရပြီ ဖြစ်သည်။
ရုပ်မြင်သံကြား ကင်မရာ များ ရှေ့တွင် ထရန့်၊ ဗန့်စ် နှင့် ဇယ်လင်စကီး တို့ အော်ကြဟစ်ကြ ဖြစ်သည် အထိ ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့သည်ကို တကမ္ဘာလုံးက တွေ့မြင်သွားခဲ့ရသည်။ ၎င်းတို့ နှစ်ဦးစလုံးက ဇယ်လင်စကီး အား ကျေးဇူး မသိတတ်သူ၊ တတိယ ကမ္ဘာစစ်ကြီး ဖြစ်မည့် အရေး ကို မမှုဘဲ လုပ်နေသူ ဟု စွပ်စွဲလာကြသည်။ ဇယ်လင်စကီး အဖို့ကတော့ ငြိမ်းချမ်းရေး သည် မျှော် လေတိုင်း ဝေးသည်ထက် ဝေးကွာသွားခဲ့ရပြီ ဆိုသည့် စိတ်နှင့် အိမ်ပြန်ခရီး စခဲ့ရပြီ ဖြစ်သည်။
ထရန့်က အဆိုပါ ဖြစ်ရပ် အပေါ် ရှင်းလင်းရာတွင် ယူကရိန်း သည် ငြိမ်းချမ်းရေး အတွက် အဆင်သင့် မရှိသေးကြောင်း၊ ရုရှားတို့ စစ်မြေပြင်တွင် အရေးသာလာသည့် ယခုလို အချိန်မျိူးတွင် မိမိတို့မှ ယူကရိန်း အား စစ်ရေး နှင့် ဘဏ္ဍာရေး အကူအညီများ ဖြတ်တောက် ပစ်နိုင်သည့် အနေအထားကို ပို၍ ခိုင်မာလာအောင် လုပ်လိုက်သလို ဖြစ်သွားသည်ဟု ဆိုသည်။ သို့သော် သံခင်း တမန်ခင်း ဖက်တွင် ယခုလို ရုပ်ပျက် ဆင်းပျက် ဖြစ်သွားသည်ကို မကြာသေးမီ ကာလ ဖြစ်စဉ် များ တွင် မတွေ့ဖူး မကြားဖူး သလောက်ပင် ဖြစ်သည်။
"မိမိသည် မည်သူ့ဖက်ကမှ ရပ်တည်နေခြင်း မဟုတ်၊ အမေရိကန် ပြည်ထောင်စု ဖက်ကသာ ရပ်တည်ပေး နေခြင်း ဖြစ်သည်" ဟု ဇယ်လင်စကီး နှင့် အတူ အိမ်ဖြူတော်ရှိ ဘဲဥပုံ ရုံးခန်း အတွင်း ထိုင်နေရင်း ရှင်းပြနေခဲ့သည်။ ထို့နောက် ထရန့်သည် နောက်ထပ် မေးခွန်း တခု မေးရန် သတင်းထောက် များကို အချက် ပြလိုက်သည်။ ထိုအခါတွင် ၎င်းနှင့် အတူ ရှိနေသည့် ဗန့်စ်က ကြားဝင်လာသည်။ အမေရိကန် ကို ကောင်းမွန်တဲ့ နိုင်ငံ ဖြစ်စေခဲ့တာကတော့ သံတမန်ရေး ဆောင်ရွက်မှု တွေ ကြောင့်ပါဘဲ၊ သမ္မတ ကြီး ထရန့်ကလည်း ယခု ဒါကိုပဲ လုပ်နေတာပါ" ဟု ပြောလာသည်။
မကြာသေးမီက အိမ်ဖြူတော်သို့ ရောက်လာခဲ့သော ပြင်သစ် သမ္မတ နှင့် ဗြိတိသျှ ဝန်ကြီးချုပ်တို့လို ဇယ်လင်စကီးလည်း ထိုစကားကို နင်းပြီး ထရန့်အား မြှောက်ပင့် ပြောဆိုကောင်း ပြောဆို နိုင်သော်လည်း ထိုအစား ရုရှား နှင့် ဖြစ်ခဲ့သည့် ရာဇဝင်ကို ၂၀၁၄ က စ ပြန်ပြောင်း ပြောလာခဲ့ပြီး ဗလာဒီမာ ပူတင်သည် ယခင်ကတည်းက သဘောတူညီချက်များကို ဖေါက်ဖျက်ခဲ့ပြီး ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
"အဲ့ဒီတော့ ဂျေဒီ ခင်ဗျား ပြောနေတဲ့ သံခင်း တမန်ခင်း ဆိုတာ ဘာကို ပြောနေတာလဲ" ၊ ထိုစကားသည် ဗန့်စ် လိုချင်သော အကွက်ထဲသို့ တိုးဝင်သွားခြင်းပင် ဖြစ်သည်။ ဗန့်စ်သည် ဇယ်လင်စကီးအား အရှက်တကွဲ ဖြစ်ရန် တချိန်လုံး ကြံစည်နေသူလည်း ဖြစ်သည်။
ဇယ်လင်စကီးသည် ဝါရှင်တန်သို့ ရောက်လာရသည့် အကြောင်းရင်း နှစ်ချက်သာ ရှိခဲ့သည်။ စစ်ပွဲ ဆက်လက် ဆင်နွှဲ နိုင်ရန် လက်နက်များ အဆက်မပြတ် ရရှိနေဖို့ နှင့် ရေရှည် တည်တံ့မည့် ငြိမ်းချမ်းရေးရရှိနိုင်မည့် အခြေခံများ ချပြနိုင်ရန် အတွက် ဖြစ်သည်။
၎င်း၏ နိုင်ငံ လုံခြုံရေး အတွက် အနောက်နိုင်ငံများ၏ ယုံကြည် နိုင်လိုက်သော အာမခံ ချက် မျိုး မရှိမည့် အပစ်အခတ် ရပ်စဲရေး မျိုးကို အယုံအကြည် မရှိ၊ ယင်းသည် ရုရှားတို့အား လူသူ လက်နက်အင်အား ပြန်လည် စုစည်းရန် နှင့် ယူကရိန်းအား အတွင်း မှ ဝင်နှောက်ဖို့ အချိန်ပေးလိုက်သလို သာ ရှိပေလိမ့်မည်၊ မိမိတိူ့ အနေနှင့် အပစ်အခတ် ရပ်စဲရေး လောက် နှင့် လက်မခံ နိုင်ဟု သဘောမျိုး ဆန်ဆန် ပြောလာသည်။ ထိုစကားမျိုးက အမေရိကန် ခေါင်းဆောင်များ အား ယခုလို အချိန် တွင် မပြောသင့်သေး။
"ခင်ဗျား အနေနဲ့ အခုလို အမေရိကန်မီဒီယာတွေရှေ့မှာ သမ္မတရုံးခန်းထဲကို ဝင်လာပြီး ဒါကို အငြင်းအခုံ လုပ်ဖို့ ကြိုးစားတာဟာ မလေးမခန့်ရာရောက်တယ်လို့ ကျွန်တော်ထင်တယ်" ဟု ဗန့်စ်က တုန့်ပြန်လာသည်။ ထို့နောက် "ရှေ့တန်းကို စစ်သား တွေ အတင်းအကျပ် စုဆောင်းပြီး လွှတ်နေတယ်" ဟု ထပ်ပြောပြီး တိုက်ခိုက်ပြန်သည်။ ဇယ်လင်စကီးက ခင်ဗျား ယူကရိန်း ကိုကော လာဖူးလား ဟု မေးလာသည့် အခါ ၎င်းက အခြား ခေါင်းဆောင် တွေက ဝါဒဖြန့်ဖို့ သက်သက် ရောက်လာကြတာ ဟု ပြန်ပြောလာသည်။
အားလုံးက ဝါရှင်တန်သို့ ဇယ်လင်စကီး ရောက်လာသည့် အတွက် နှစ်နိုင်ငံအကြား အေးစက်နေသော ဆက်ဆံရေး နွေးထွေးလာလိမ့်မည်ဟု မျှော်လင့် နေချိန်လည်း ဖြစ်သည်။ ထို့မတိုင်မီက ထရန့် သည် ဗြိတိသျှ ဝန်ကြီးချုပ် ကီယာ စတာမား နှင့် တွေ့ဆုံခဲ့ရာ တွင် ယူကရိန်း သမ္မတအား အာဏာရှင်ဟု ရည်ညွှန်း ပြောဆိုခဲ့ခြင်း မရှိဟု ငြင်းဆိုသွားပြီး "လွန်စွာ ရဲရင့်သော လူတဦး" ဖြစ်ပြီး ၎င်း အနေဖြင့် အတော်လေး လေးစားမှု ရှိခဲ့သူ ဆိုသည့် အပြောများ ထရန့် ပါးစပ်က ထွက်လာခဲ့သောကြောင့်လည်း ယခုလို မျှော်လင့် နေကြခြင်း ဖြစ်သည်။
နှစ်နိုင်ငံ ပူးတွဲ သယံဇာတ တူးဖေါ်ရေး သဘောတူညီချက် ကိုလည်း လက်မှတ် ရေးထိုး ဖို့ ရှိနေသည်။
ဗန့်စ် နှင့် ဇယ်လင်စကီး တို့ အငြင်း အခုံ ဖြစ်နေကြစဉ် အတွင်း ထရန့်သည် ဘာမှ ဝင်မပြောဘဲ တုံဏှိဘာဝေ လုပ်နေခဲ့သည်။ ဗန့်စ်က bad cop လုပ်နေစဉ် ၎င်းက good cop ပုံစံ ဖမ်းနေခြင်း မျိုးလည်း ဖြစ်သည်။ သို့သော် ဇယ်လင်စကီး က လွန်ကဲလာသည်။ "စစ်ပွဲ ဖြစ်လာရင် အားလုံး မှာ ပြဿနာ တွေ ရှိကြတာပဲ၊ ခင်ဗျား တို့ သာ လှပတဲ့ သမုဒ္ဒရာ ကြီး ခံနေတော့ အခု အချိန်မှာ လုံခြုံနေပေမယ့် နောက်ကျ ခံစားလာရလိမ့်မယ်" ပြောလာသည်။
၎င်း၏ စကား ကို ထရန့်က လုံးဝ မကြိုက် ဖြစ်သွားပြီး "ကျုပ်တို့ ဘယ်လို ခံစားရလိမ့်မယ် ဘာညာတွေ လာပြောမနေနဲ့" ဟိန်းဟောက်လိုက်ရာမှ တွေ့ဆုံပွဲသည် အဆိုးဖက်သို့ ယိမ်းယိုင်သွားခဲ့သည်။ ယူကရိန်းက အခြေအနေမကောင်းတဲ့ အနေအထား ရှိနေပြီး တတိယ ကမ္ဘာစစ် ဖြစ်ဖို့ အလောင်းအစား လုပ်နေတယ် ဟု ပြောလာသည်။
ဗန့်စ် သည် ထရန့် သူ့ဖက် ပါလာပြီကို သိလိုက်ပြီး ဇယ်လင်စကီးသည် ပြီးခဲ့သည့် ရွေးကောက်ပွဲ အတွင်း ပင်ဆယ်ဗေးနီယား တွင် ဒီမိုကရက်များ နှင့် ပလူးပလဲ လုပ်ပြပြီး၊ ယခုလည်း ကျေးဇူးရှင်များကို ပိုပြီး သိတတ်ကြောင်း ပြဖို့ လိုတယ် ဟု ဝင်ပြောလိုက်၍ ထရန့်၏ ဒေါသ သည် အထွတ်အထိပ် ရောက်သွားခဲ့သည်။
သိတ်မကြာမီမှာပင် ထရန့်သည် ဂျိုးဘိုင်ဒင် ၏ သားဖြစ်သူ ဟန်တား ဘိုင်ဒင် အကြောင်း ထည့်ပြောလာသည်။ အိုဘာမာ ပင် ပေးဖို့ ငြင်းဆန်ခဲ့သည့် ဂျာဗလင် ပုခုံးထမ်း ဒုံးကျည် များကို ပို့ပေးခဲ့သည် ဆိုသည်။ "ကျုပ်တို့ အနေနဲ့ ဒီလို ပုံနဲ့ အတူဆက်လုပ်သွား ဖို့ အတော်ခက်လာပြီ" ဆိုကာ ဇယ်လင်စကီး နှင့် ယူကရိန်းအား နှိမ့်နှိမ့်ချချ ဆက် ပြောလာသည်။
ဖေဖေါ်ဝါရီ ၂၈ ရက် အိမ်ဖြူတော် သမ္မတ ရုံးခန်း အတွင်း ဖြစ်ပျက်ခဲ့မှု ကြောင့် ဥရောပ ခေါင်းဆောင်များ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြသည်။ ချက်ခြင်း ဆိုသလိုပင် ပိုလန် ဝန်ကြီးချုပ် ဒေါနယ် တပ်စ် မှ ယူကရိန်း ပြည်သူများ နှင့် တသားတည်း ရပ်တည်သွားမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့ပြီး နောက်ပိုင်းတွင် ဥရောပ ခေါင်းဆောင်များက အလားတူ လိုက်လုပ်လာကြသည်။
အပစ်အခတ် ရပ်စဲရေး ဖြစ်လာခဲ့လျင် ယူကရိန်း သို့ တပ်များ ဖြန့်ကျက်ခြထား ရမည့် အခြေအနေ နှင့် ကုန်ကျစရိတ် အား မည်သို့ ကျခံရမည် ဆိုသည် တို့ကို တွေ့ဆုံ ဆွေးနွေးရန် မတ်လ ၂ ရက်နေ့တွင် လန်ဒန် တွင် တွေ့ဆုံဆွေးနွေးဖို့ ရှိနေသည်။
သို့သော် ဥရောပ ခေါင်းဆောင်များသည် အမေရိကန်ကို အလယ်တွင် ထား၍ ၎င်းတို့က ဝိုင်း ပတ်လုပ်ဆောင်ကြမည် သာ ဖြစ်သည်။ လက်ရှိတွင် ယူကရိန်း အား အမေရိကန်က အကူအညီများ၏ ၄၀ ရာနှုန်းကို ပေးနေပြီး ကျန် ၆၀ ရာနှုန်းက ဥရောပ နိုင်ငံများက ဝိုင်းဝန်း ပံ့ပိုး ပေးနေကြသည်။ ယူကရိန်းသည် လေကြောင်းကာကွယ်ရေး၊ ထောက်လှန်းရေး သတင်းများနှင့် ရှိပြီးသား အမေရိကန် လက်နက်များ အတွက် အပိုပစ္စည်းများ ကို ဆက်၍ မှီခို နေရဦးမည် ဖြစ်သည်။
မော်စကို တွင်တော့ အိမ်ဖြူတော် တွင် ဖြစ်ပျက်ခဲ့သည် များကို ကြည့်ပြီး ဘုရားပွဲ လှည့်နေကြပြီ ဖြစ်သည်။ ရုရှား လုံခြုံရေး ကောင်စီ ဒုဥက္ကဌ ဒီမီထရီ မက်ဗီဒက် မှ "နောက်ဆုံးတော့ ပမာမခန့် သွားလုပ်တဲ့ ဝက်တော့ ဘဲဥပုံ ရုံးခန်းထဲ ထိုက်ထိုက်တန်တန်ပဲ နှာနု ဖြတ်အရိုက်ခံလိုက်ရပြီ" ဟု ဝမ်းသာအားရ ပြောလာပြီး "ကိယက် အစိုးရသည် တတိယ ကမ္ဘာစစ်ကြီး ဖြစ်မဖြစ် အလောင်းအစား လုပ်နေသည်" ဟုလည်း ပြောခဲ့သည်။
အိမ်ဖြူတော်တွင် စီစဉ်ထားသည့် သတင်းစာ ရှင်းလင်းပွဲ ကို ဖျက်သိမ်းခဲ့ပြီး ဇယ်လင်စကီးလည်း တွင်းထွက် ပစ္စည်းများ တူးဖေါ် ခွင့် ပြုရေး သဘော တူညီချက်ကို လက်မှတ်မထိုးဘဲ ထပြန်သွားခဲ့သည်။
ထရန့်ကတော့ ၎င်း၏ ဆိုရှယ် မီဒီယာ တွင် "စိတ်ခံစားမှု ကနေ ဖြစ်ပေါ်လာတာတွေဟာ အံ့အားသင့်ဖို့ ကောင်းကြောင်း၊ ဇယ်လင်စကီးသည် ငြိမ်းချမ်းရေး အတွက် အဆင်သင့် ဖြစ်နေသူ မဟုတ်ကြောင်း၊ အမေရိကားကို မလေးမစား လုပ်သည့် အတွက်လည်း ပြစ်တင် ပြောဆို ရေးသားခဲ့သည်။ ငြိမ်းချမ်းရေး အတွက် အဆင်သင့် ဖြစ်ရင် ပြန်လာနိုင်ကြောင်း ရေးသားခဲ့သည်။
ယူကရိန်း ၏ ရှေ့ဆက်ရမည့် ခရီးသည် အန္တရာယ်များ နှင့် ရောပြွမ်းလာနေပြီ ဖြစ်သည်။ ပြည်တွင်း ပြည်ပမှ ဇယ်လင်စကီးအား ရာထူး မှ နှုတ်ထွက်ရန်၊ ရွေးကောက်ပွဲ လုပ်ရန် သို့မဟုတ် နှစ်ခုစလုံး လုပ်ရန် ဖိအားများ တိုးပေးလာဖို့ ရှိနေသည်။ သို့သော် မာရှယ်လော လည်း မဖျက်သိမ်းရသေးသည့် အပြင် နိုင်ငံသည် လည်း စစ်ဖြစ်နေချိန်တွင် ရွေးကောက်ပွဲ မည်သို့ လုပ်မည်ဆိုသည်ကား ရှင်းရှင်း လင်းလင်း မသိရ ဖြစ်နေသည်။
ယူကရိန်း အတိုက်အခံ အမတ်တဦးက "ထရန့်လို လူမျိုး နှင့် အခုလို ပုံစံ ဖြစ်သွားရသည်က ဇယ်လင်စကီး အတွက် အခြေအနေ မကောင်း၊ ထရန့်သည် ယခု သူ့အား ဖျက်လိုဖျက်ဆီး လုပ်လာတော့မည် ဖြစ်၍ တနိုင်ငံလုံးက ပေးဆပ်ကြရတော့မည်" ဟု ပြောလာခဲ့သည်။
၎င်း၏ အတွင်းလူများက ဇယ်လင်စကီးသည် သုံးနှစ်ကြာလာပြီ ဖြစ်သော စစ်ပွဲ ကြောင့် ပင်ပန်းနွမ်းနယ် နေပြီး လေယာဉ် ခရီးကလည်း အတော်လေး ကြာညောင်း သည့် အတွက် ယခုလို ဒုသမ္မတ ၏ ထောင်ချောက်ထဲ တိုးဝင်သွားပြီး အပျက်ပျက် နှင့် နှာခေါင်းသွေး ထွက်ခဲ့ရခြင်းဟု ဝန်ခံ ပြောဆိုခဲ့ရသည်။
ဆွေးနွေးပွဲ အထ မြောက်သွားမည်ကို စိုးရိမ်နေသော ဗန့်စ် အတွက် လိမ္မာပါးနပ်စွာ လုပ်နိုင်ခဲ့မှု ကြောင့် ၎င်း စိုးရိမ်သလို ဖြစ်မလာ၍ ကျေနပ်နေပြီ ဖြစ်သည်။
အပြန်အလှန် အော်ကြ ဟစ်ကြ အပြီးတွင် ထရန့်က "This is gonna be great television.” ဟု အရွှန်း ဖောက်လိုက်သည်၊ ဇယ်လင်စကီး က တော့ မျက်မှောင်ကို ကြုံ့ကာ လက်သီးကို ဆုပ်ရင်း ထိုင်နေသည်၊ ဂျေ ဒီ ဗန့်စ်က တော့ သူဆင်ထားသည့် အကွက်ထဲ ဝင်သွား၍ လှောင်ပြုံး ပြုံးနေခဲ့သည်။
(၂၀၂၅ ဖေဖေါ်ဝါရီ ၂၈ နေ့ အီကောနော်မစ် တွင် ပါရှိသော "A disaster in the White House for Volodymyr Zelensky—and for Ukraine" ဆောင်းပါးမှ ကောက်နှုတ် တင်ပြသည်။)