စစ်ကောင်စီ မှ ကျားဖြန့် အဖွဲ့သားများ ပြန်ပို့ရေး ရပ်ဆိုင်း ရန် ညွှန်ကြား

by Hla Soewai - Mar 02 2025

စစ်ကောင်စီ မှ နိုင်ငံတကာ အရေးအခင်း ကြီး အထိ ဖြစ်လာနေသော ကျားဖြန့်ဟု လူသိ များသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်း တွင် ပါဝင်ပတ်သက်နေသူ များ ပြန်ပို့ရေး တွင် ၎င်းတို့ မည်သို့မျှ ဩဇာ သက်ရောက်မှု မရှိတော့သည့် အဖြစ်ကို ဖုန်းကွယ်ရန် နှင့် ပြန်ပို့ခံရမည့် လူများ ထဲတွင် ဖေါ်ကောင်လုပ်မည့် လူများ ပါမပါ စီစစ်ရန် သောင်ရင်း မြစ်ကို ဖြတ်၍ ပြန်ပို့ နေခြင်း များကို ရပ်ဆိုင်းဖို့ စောချစ်သူ အဖွဲ့ နှင့် DKBA အား ညွန်ကြားလိုက်ပြီ ဖြစ်သည်။

 

အဆိုပါ ညွှန်ကြားစာကို စစ်ကောင်စီ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဦးဆောင်‌ ဆွေးနေးနေသူ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်မှ ဖေဖေါ်ဝါရီ ၁၈ ရက် နေ့စွဲ ဖြင့် လက်မှတ်ရေးထိုး ပေးပို့ထားသည်ကို ဂျပန် သတင်းစာ နစ်ကီ အေးရှား ရီဗြူးမှ တွေ့ခဲ့ရသည်ဟု ရေးသားထားသည်။ အဆို ပါ စာထဲတွင် ထိုသို့ တရားမဝင် လမ်းကြောင်းမှ ပို့ဆောင် နေပါက "လိုအပ်သလို အရေးယူခြင်း ခံရမည်" ဟုလည်း ပါရှိသည်။

 

DKBA မှ မြဝတီ နှင့် ၂၈ ကီလိုမီတာ ဝေးသည့် တရားဝင် ဂိတ် သို့ ပို့ဆောင်ရန် လုံခြုံရေး အရ စိတ်မချရ၍ မြန်မာ စစ်တပ် အပြောကို လျစ်လျု ရှုပြီးထိုင်းဖက်မှ နောက်ထပ် လမ်းကြောင်းတခု စီစဉ်ပေးရန် တောင်းဆိုထားသည်ဟု ဆိုသည်။ မိမိတို့ စခန်း ဖြစ်သော ကျောက်ခတ် မှ လာရောက် ခေါ်ယူမှသာ စိတ်ချရမည် ဟု ပြောကြောင်း သိရသည်။

 

ထိုင်းဖက်မှလည်း ရာဇဝတ်သားများ ရောနှောပါဝင်လာမည် စိုး၍ သက်ဆိုင်ရာ သံရုံးများ အကူအညီ နှင့် လက်ခံနေပြီး သံရုံးမရှိသည့် အီသီယိုပီယား နိုင်ငံသား များ ကြန့်ကြာနေသည်ဟု သိရသည်။

 

မိမိတို့ စခန်းများတွင် ပြန်ပို့မည့် လူများ နှင့် ပြည့်ကျပ်လာနေ၍ ၎င်းတို့ အတွက် သောက်ရေ သုံးရေပင် မလုံလောက်တော့၍ မြစ်ထဲတွင် အစောင့်အရှောက်များ နှင့် ရေချိုး နေကြရသည်ဟု DKBA ကိုယ်စားလှယ်က ပြောပြခဲ့သည်။ တိုက်ပွဲများက အချိန်မရွေး ဖြစ်လာနိုင်၍ ကြာကြာထား၍ မရဟု လည်း ဆိုသည်။

 

နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ မှ မြန်မာအရေး တာဝန်ခံ ရစ်ချတ် ဟိုဆေး မှ ထိုင်းနှင့် ဆက်ဆံရေး တွင် အချုပ်အခြာ အာဏာ ပိုင်ကြောင်း ပြသလိုသဖြင့် အခုလို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်ဟု ပြောလာသည်။

 

ထိုင်းအစိုးရမှ ဖေဖေါ်ဝါရီ ၄ ရက် နေ့မှစ၍ မြန်မာဖက် ခြမ်းအား လျပ်စစ်၊ အင်တာနက်၊ ‌စက်သုံးဆီများ ဖြတ်တောက်ပစ်ခဲ့၍သာ ယခု လို တရုတ် နိုင်ငံသား ၆၀၀ ခန့် အပါအဝင် လူ‌ရာပေါင်းများစွာ ကို ရုတ်ခြည်း ပြန်ပို့လာခြင်း ဖြစ်သည်။ တရုတ်မှလည်း တနေ့လျင် လေယာဉ် လေးခေါက်နှုန်း ဖြင့် သယ်ယူ ပို့ဆောင်ပေးလျက် ရှိသည်။

 

စောချစ်သူ ထိန်းချုပ်ထား‌ သော ရွှေကုက္ကူ မှ ထွက်လာသော တရုတ် နိုင်ငံသားများကို မဲဆောက်ရှိ တရားဝင်ဂိတ်မှ လွှဲပြောင်းပေးနေသည်။ ထို့အတွက် စစ်ကောင်စီ ၏ အမိန့်သည် တရုတ်ကို ထိခိုက်မည် မဟုတ်ဟု ယူဆရသည်။ တရုတ်မှ ဩဂုတ်လ မှ စတင်ပြီး မြန်မာ စစ်ခေါင်းဆောင်များ အား ကယ်တင်ပေးခဲ့ခြင်းတွင် ထိုသို့ အွန်လိုင်း ငွေလိမ် အဖွဲ့များကို နှိမ်နှင်းပေးရမည်ကို အချက်တချက် အဖြစ် ပြောထားပြီး ဖြစ်သည်ဟု ဟိုဆေးက ဆိုသည်။

 

DKBA မှ ကယ်ထုတ်သည် ဆိုရာတွင်လည်း ထိုင်းဖက်မှ ပေးပို့သည့် အမည်စာရင်းကို ကျားဖြန့် ခေါင်းဆောင်များအား ဖုန်းထဲက ဖတ်ပြပြီး ဝင်းထဲ ဝင်၍ အေးအေးဆေးဆေး ခေါ်ထုတ်ခဲ့ခြင်းသာ ဖြစ်သည်။ ရုပ်ရှင်ဆန်ဆန် ပစ်လားခတ်လား တခါဖူးမျှပင် မရှိခဲ့ပေ။

 

DKBA နှင့် စောချစ်သူ၏ KNA တို့မှ ကာဆီနို နှင့် ဟိုတယ်လုပ်ငန်းများ လုပ်ရန် မြေငှားခဲ့ခြင်းမျိုးသာ ရှိပြီး ဘာတွေ လုပ်နေမှန်း မသိကြဟု ငြင်းဆိုခဲ့ကြသည်။

 

ထိုင်းမှ ဖမ်းဝရမ်း ထုတ်မည့် အရေးကြောင့် စောချစ်သူ မှ ထိုသို့ ဂ‌ယောင် ချောက်ခြား ပြောဆိုခဲ့ရသည်သာ အဖတ်တင်ခဲ့ပြီး ယခုထိ ထိုင်းဖက်မှ ဝရမ်း ထုတ်လာခြင်း မျိုး မရှိ၍ ၎င်းတို့ ပါဝင် ပတ်သက်နေမှု အား စုံစမ်းပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့သည့် Justice for Myanmar မှ ပြောသည့် အတိုင်း လုပ်ဖို့ တောင်းဆိုလာခဲ့သည်။

 

ထိုင်း အထူး စုံစမ်းရေး အဖွဲ့ နှင့် ထိုင်းအစိုးရ တရားလို ရှေ့နေများ အကြား သက်သေ အထောက်အထား မပြည့်စုံဟု ဆိုကာ ငြင်းခုံနေကြဆဲ ဖြစ်သည်ဟု သိရသည်။

 

မည်သို့ပင် ဆိုစေ ကာမူ ၎င်းတို့ အဖွဲ့သည် လူလိမ်ဂိုဏ်း များ နှင့် ပတ်သက်နေသည် ဆိုကာ နိုင်ငံတကာ တွင် အပုပ်နံ့ ထွက်သွားခဲ့ရပြီ ဖြစ်သည်။

 

ထိုင်းမှ နောက်လ အတွင်း နိုင်ငံပေါင်း ၂၅ နိုင်ငံမှ လူ တသောင်းခန့်ကို ပြန်ပို့ နိုင်အောင် လုပ်မည်ဟု ကတိပေးထားသည်။

 

ထိုင်းသည် အဓိက ဝင်ငွေရရာ ရကြောင်း ဖြစ်နေသည့် တရုတ်ခရီးသွား များ အတွက် တရုတ်ကို မလွန်ဆန် နိုင်ပဲ ၎င်းတို့ နယ်စပ်အထိ ပင့်ဖိတ်လာရခြင်း ဖြစ်၍ ထိုင်း-မြန်မာ နယ်စပ် တွင် လာရောက်ပတ်သက်လာမည့် အရေး ကြောင့် ထိုင်းဖက်ရှိ တော်လှန်ရေး အဖွဲ့များ သတိထားရမည့် အရေး ဖြစ်လာနေသည်ဟု The Diplomat စာစောင်မှ ထောက်ပြထားသည်။

 

နောက်ထပ် ဧရာဝတီ၏ သတင်းတွင် မင်းအောင်လှိုင်သည် အာဆီယံ အထူး သံတမန် အော်သ်မန် ဟာရှင်အား ရွှေပလ္လင်ကြီးရှိရာ ခမ်းမကြီးထဲတွင် လက်ခံ တွေ့ဆုံရန် စီစဉ်ထားသော်လည်း အော့သ်မန်မှ သွားရောက် တွေ့ဆုံရန် ငြင်းပယ်ခဲ့ပြီး စစ်ကောင်စီ ခန့် နိုင်ငံခြားရေး ဝန်ကြီး ဆိုသူ သန်းဆွေ နှင့်သာ တွေ့ဆုံသွားခဲ့သည် အတွက် အရှက်ရစရာ ဖြစ်သွားခဲ့ရသည်ဟု ဖေါ်ပြထားသည်။

 

နောက်ထပ် အရှက်စရာက တော်လှန်ရေး အားကောင်းလာမှု ကြောင့် ရွေးကောက်ပွဲ အား မြိုနယ်ပေါင်း ၃၃၀ အနက် ၁၁၀ တွင် ပြုလုပ်နိုင်တော့မည်ဟု ‌ရွေးကော်မှ ထုတ်ဖေါ်ပြောဆို လာရခြင်းလည်း ဖြစ်သည်။

 

ယခုအခါ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် ပဲခူး နှင့် ရန်ကုန်တဝိုက် ဝင်ရောက်လာနေမှု ကြောင့် အခြေအနေများက ၎င်းတို့ အတွက် မရေမရာ ဖြစ်နေသည်။ ဘီဂျင်းမှ ရွေးကောက်ပွဲ မလုပ်နိုင်လျင် ၎င်းအား ရာထူးမှ ဆင်းပေးရန် အကျပ်ကိုင်ထားပုံ ရသည်။

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီ ရေတပ်စခန်းဌာနချုပ်ကို အာရက္ခတပ်တော် (AA) က ဖေဖော်ဝါရီ ၂၂ ရက်မှာ တိုက်ခိုက်ခဲ့ခြင်းဖြင့် တရုတ်အကျိုးစီးပွားများရှိရာ မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုကို စတင်လိုက်ပြီ ဖြစ်သည်ဟု DVB သတင်းတွင် ပါရှိလာသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!