အဆိုပါ ခေါင်းစဉ် တပ် ဆောင်းပါးကို သတင်း ဆောင်းပါးရှင် Gwynne Dyer ဆိုသူက ပေါ်တူဂီ သတင်း ဝက်ဆိုက်တွင် ဦးစွာ ဖေါ်ပြလာပြီး နောက်တနေ့တွင် ဘန်ကောက်ပို့စ် သတင်းစာ တွင် တဖန် ဖေါ်ပြလာသည်။ ရှင်းရှင်းလင်းလင်း ထုတ်ပြောလာသော သူ ၏ အယူ အဆ ကို ကျွန်တော်တို့ သိထားသင့်၍ တင်ပြသွားပါမည်။
မင်းအောင်လှိုင် နှင့် ၎င်း၏ လက်ဝေခံ ရက်စက်ကြမ်းကြုပ်လှသော စစ်ခေါင်းဆောင်များကို မောင်းထုတ်နိုင်ခဲ့မည် ဆိုလျှင်၊ ယခုလည်း ထိုသို့ ဖြစ်လာပုံ ရှိသည်၊
ပထမဆုံး လုပ်ရမည်က ကော်စတာရီကာ နိုင်ငံ ၏ နမူနာကို ယူသင့်သည်။ ကော်စတာရီကာ သည် စစ်တပ် ကို ပြုပြင် ပြောင်းလဲခြင်း၊ အင်အား လျောချခြင်းများ လုပ်မ နေတော့၊ တခါတည်းပင် အပြီးအပိုင် ဖျက်သိမ်း ပစ်လိုက်သည်။
မြန်မာ သည် ကျုးကျော် တိုက်ခိုက်လာမည့် ပြည်ပ ရန် ဟူ၍ မရှိ၊ (ယခုလို စစ်တပ်သည် လူမလေး ခွေးမခန့် ဖြစ်နေချိန် မျိုး တွင်ပင် ကျူးကျော် တိုက်ခိုက်မည့် အရိပ်အယောင် မရှိဟု ဖြည့်စွက်လိုသည်)။ ပဋိပက္ခများ အားလုံးသည် ပြည်တွင်းရေး နှင့် သက်ဆိုင်နေသည်။
မြန်မာတွင် လိုအပ်နေသည်က အကျင့်ပျက် ရက်စက်ကြမ်းကြုပ်လှသည့် စစ်တပ် မဟုတ်၊ ထိုအစားမှန်ကန်တိကျပြီး သမာသမတ် ကျစွာ လုပ်နိုင်ကိုင်နိုင်မည့် ရဲတပ်ဖွဲ့သာ လိုအပ်နေသည်။ စစ်တပ် ကြောင့် နိုင်ငံ သည် လွတ်လပ်ရေး ရပြီးချိန်ကစ၍ ကျိန်စာ သင့်နေသလို ဖြစ်လာခဲ့ရသည်။
စစ်တပ်သည် အစကတည်းကပင် လမ်းမှား ကို လျှောက်လှမ်းလာခဲ့သည်။ ဗြိတိသျှ တို့ အုပ်ချုပ်နေစဉ် တွင် စစ်တပ်ဟူ၍ ဖွဲ့စည်းထားခဲ့ခြင်း မရှိ၊ ဒုတိယ ကမ္ဘာ စစ် အတွင်း တွင် တော့ မြန်မာ မျိုးချစ် လူငယ်များသည် ဂျပန်ထံမှ စစ်ပညာများ သင်ယူ ခဲ့သည်၊ ဂျပန် နှင့် အတူ လက်တွဲ တိုက်ခိုက်ခဲ့ကြသည်။ "ငါ့ရန်သူ ၏ ရန်သူသည် ငါ့မိတ်ဆွေ" ဟူသည့် သဘောထား ပင် ဖြစ်သည်။
နောက်ပိုင်း ဂျပန်တို့ စစ်ရှုံးသွားချိန်တွင်တော့ မျိုးချစ်လူငယ်များသည် စစ်တပ်ကို စတင် ဖွဲ့စည်းလာသည့် အရာရှိများ ဖြစ်လာကြသည်။ ၎င်းတို့နှင့် အတူ ဂျပန်တို့၏ အကျင့်ဆိုးများလည်း ပါလာခဲ့ကြသည်။ စစ်တပ်သည် နိုင်ငံ တွင်းရှိ အဖွဲ့အစည်းများ အားလုံး၏ အထက်တွင် ရှိသည်၊ လူထု ကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်သွားရမည် ဆိုသည့် သဘောတရားကိုလည်း ဂျပန်တို့ထံမှ သင်ယူခဲ့ကြသည်။ အစိုးရများကို ဖြုတ်ချရသည်မှာလည်း အလွယ်တကူ ဖြစ်ပြီး အကျိုးအမြတ် လည်း ရလာနိုင်သည်ကို လည်း သိရှိလာခဲ့သည်။
ဤသို့ ဖြင့် နောက်ပိုင်း ၇၅ နှစ် လုံးလုံးသည် မြန်မာ သည် စစ်ခေါင်းဆောင်များ အဆက်ဆက် ၏ အာဏာ သိမ်းခြင်း ခံခဲ့ရယုံမက ၎င်းတို့၏ မကျက်တကျက် အတွေး အခေါ်များ နှင့် ပါ အုပ်ချုပ်ခံခဲ့ရသည်။
၎င်းတို့ အချင်းချင်းလည်း တိုက်ခိုက်ခဲ့ကြယုံမက လူဦးရေ ၏ သုံးပုံ နှစ်ပုံခန့် ရှိနေသော တိုင်းရင်းသား လူနည်းစု များကို အဆက်မပြတ် စစ်ဆင် လာခဲ့သည်။ တိုင်းရင်းသားများအား ခေါင်းမထောင်နိုင်အောင် ဖိနှိပ်ထားရေးသည် ၎င်းတို့ အလုပ်ဟုလည်း ခံယူခဲ့ကြသည်။
ကျောင်းသားများ နှင့် ပြည်သူများက စီးပွားရေး တွင် တရွတ် ဆွဲလာမှု နှင့် နိုင်ငံရေး ဖိနှိပ်အုပ်ချုပ်လာမှု ကို ဆန့်ကျင် ကန့်ကွက်လာသည့် အခါမျိုးတွင်လည်း အစုလိုက် အပြုံလိုက် သ-တ်ဖြတ်ပစ်ခဲ့ကြသည်။
၎င်းတို့၏ အသိုက်အမြုံ များ ကောင်းစာရေး အတွက် တိုင်းပြည် စီးပွားရေး မှ တစက်မကျန် အောင် စုတ်ယူ ခဲ့ကြပြန်သည်။ ထိုသို့ စစ်တပ်သည် စီးပွားရေး ကို ချယ်လှယ်သွေးစုပ်လာမှု ကြောင့် နိုင်ငံသည် ဆင်းရဲသည်ထက် ဆင်းရဲလာခဲ့ရသည်။
မြန်မာ နှင့် ကပ်နေသော ထိုင်းသည် အမွှာပူး ဟုပင် ပြော၍ ရသည်၊ ဘာသာစကား လွန်စွာ ကွဲပြားခြားနားနေသော်လည်း နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်း၊ ကိုးကွယ်သည့် ဘာသာ၊ ယဉ်ကျေးမှု ခြင်း နှီးနွယ် ဆက်စပ်နေခဲ့သည်၊ ကြွယ်ဝ ချမ်းသာမှု တွင်လည်း အတူတူ ပင် ဖြစ်ခဲ့ဖူးသည်။ ယခုအခါ တွင်တော့ ထိုင်း၏ လူတဦးချင်း GDP သည် အမေရိကန် ဒေါ်လာ ၇,၀၀၀ ဖြစ်လာပြီး မြန်မာသည် ဒေါ်လာ ၁,၁၀၀ ခန့်သာ ရှိသည်။
လူထု က စစ်တပ်အား ချစ်မြတ်နိုးခြင်း မရှိပဲ ကြောက်ရွံ့ ရွံရှာ နေကြသည်။ အရာရှိ အဆင့်ရှိသူများသည် ၎င်းတို့၏ သီးခြား ကမ္ဘာလေးတွင် မွေ့လျော်နေကြသည်။
၂၀၁၁ တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သော လူထု လှုပ်ရှားမှုကြောင့် စစ်တပ်သည် နိုင်ငံရေး အာဏာ ကို မဖြစ်မနေ ခွဲဝေ ပေးခဲ့ရသည်။ သို့သော်လည်း ၂၀၂၁ တွင် ၎င်းတို့ ခွဲဝေပေးခဲ့ရသော အာဏာကို တဖန် ပြန်၍ အကြမ်းဖက် လုယူလိုက်ကြသည်။
၎င်းတို့ လုယူခဲ့သည်မှာ အတော်လေး နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ လူထု သည် အကြောက်အရွံ့ ကင်းစွာ ဖြင့် လွတ်လပ်ပျော်ရွှင်စွာ ဆယ်စုနှစ် တစု နီးပါး နေထိုင်ခဲ့ကြပြီး ဖြစ်နေသည်။ ကာလကြာမြင့်စွာကပင် ပုန်ကန်နေခဲ့သော တိုင်းရင်းသား လူမျိုး အများစုသည် ၎င်းတို့ အား ပြန်၍ တိုက်ခိုက်လာကြသည်။ ယခု အခါတွင်တော့ ၎င်းတို့သာမဟုတ်၊ ဗမာများလည်း လက်တွဲ တိုက်ခိုက်လာကြသည်။
ကျောင်းသား လူငယ် ထောင်ပေါင်းများစွာ သည် မြို့ရွာများကို စွန့်ခွာ၍ လက်နက်များ ရအောင် ရှာကြံလာကြပြီး စစ်ပညာ သင်ယူလာကြသည်။ ယခုအခါတွင်တော့ စစ်တပ်သည် မြို့ကြီးများကို ထိန်းချုပ် ထားနိုင် နေသော်လည်း နိုင်ငံ၏ တဝက်ကျော်သည် တော်လှန်ရေး အဖွဲ့များ၏ လက်ဝယ် ရောက်ရှိနေပြီ ဖြစ်သည်။
စစ်တပ်သည် ၎င်းတို့ ဆုံးရှုံးသွားသော နယ်မြေများ အား အညှာတာ ကင်းမဲ့စွာ ဗုံးကြဲ တိုက်ခိုက်လာခဲ့ပြီး တော်လှန်ရေး အဖွဲ့များကလည်း ဒရုန်းများ နှင့် ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။ တပ်ရင်းအလိုက် လက်နက်ချ မှု များ ရှိလာ၍ စစ်တပ်သည် စစ်မှု ထမ်း ဥပဒေ ဖြင့် စစ်သား စုဆောင်းလာခဲ့ရသည်။
လက်ရှိ အနေအထားတွင် ခန့်မှန်းရ ခက်လာသည်က တရုတ်ပင် ဖြစ်သည်။ စစ်တပ်သည် ပိုကာ ကစားဝိုင်း တွင် တရုတ် ဆိုသည့် ဂျိုကာကို ရထားသလို ဖြစ်နေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဘီဂျင်းသည် စစ်တပ်ကို မနှစ်မြို့သော်လည်း ယခင်ကတည်းက ထောက်ခံမှု ပေးခဲ့ပြီး ၎င်းတို့ အတွက် လက်နက်များ ရရာ ရကြောင်း အရင်းအမြစ်လည်း ဖြစ်လာသည်။
၂၀၂၃ တွင် ဖြစ်နိုင်ခြေ ရှိသည်က နယ်စပ်တလျောက်ရှိ တရုတ် စစ်တပ်မှ တပ်မမှုးများသည် ၎င်းတို့ နယ်မြေများ အတွင်း တရုတ် နိုင်ငံသားများ အ ပေါ် သောင်းကျန်းလာနေသော ကျားဖြန့် ငွေလိမ်ဂိုဏ်းများကို သည်းမခံ နိုင် ဖြစ်လာပြီး မြန်မာ မြောက်ဖက်ခြမ်းရှိ စစ်ဗိုလ်ချုပ်များ နောက်ကွယ်မှစေစားနေမှု ကိုလည်း ရိပ်စားမိလာ၍ ထောက်ခံနေမှု ကို ခေတ္တခဏ ရုပ်သိမ်းသွားခဲ့သည်။ ထို့အတွက် တော်လှန်ရေး အဖွဲ့များသည် နယ်မြေ အမြောက်အမြားကို သိမ်းယူ နိုင်လိုက်ကြသည်။
တရုတ်တို့သည် မြန်မာ ပြိုကွဲသွားမည့် အရေးကို စိုးရိမ် ထိတ်လန့်လာမှု နှင့် အတူ စစ်တပ်ကို တဖန် ပြန်၍ ပံ့ပိုး ပေးလာကြပြန်သည်။ တိုင်းရင်းသားများ ကိုယ့်နယ်မြေ နှင့် ကိုယ် သီးခြား ရပ်တည်လာမည် ဆိုက အမေရိကန် တို့ ဩဇာ လွှမ်းမိုး ပတ်သက် လာအောင် ဖိတ်ခေါ်လိုက်သလို ဖြစ်လာမည်ကိုလည်း စိုးရိမ်လာကြသည်။ သို့ သော် တရုတ် ဖက်က ကြိုက်သည် မကြိုက်သည် ဖြစ်စေ လက်ရှိ အနေအထားက ထို အတိုင်း ဖြစ်လာနေသည်။
တော်လှန်ရေး အဖွဲ့များ သည် စစ်တပ်ကို ဖျက်သိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေး ဆိုသည့် ရည်မှန်းချက် ပန်းတိုင်ကို မှန်ကန်စွာ ချမှတ်ထားရ ပေလိမ့်မည်။ သို့သော်လည်း ထိုသို့ လုပိရန် က အခက်အခဲ များ ရှိနေသည်၊ ၎င်းတို့အားလုံး ကွဲပြားသော ရည်မှန်းချက် ကိုယ်စီ နှင့် စစ်ပွဲကို ဆင်နွှဲ နေကြသည်။
နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့က လက်ရှိ အနေအထားကို သုံးသပ်ခဲ့ရာတွင် "တိုင်းရင်းသားများသည် ၎င်းတို့ လက်ဝယ် ရရှိလသော နယ်မြေများကို အခိုင်အမာ စုစည်း တည်ဆောက်လာသည်နှင့် အမျှ နိုင်ငံ ရှိ စစ်အုပ်ချုပ်ရေး အဖွဲ့သည် အားနည်း ချိနဲ့စွာဖြင့် အာဏာကို တွယ်ကပ် ထားရသည်။ ၎င်းတို့ အဖို့က လက်စားချေသည့် အနေဖြင့် ဆုံးရှူံးသွားသော နယ်မြေများအား ဗုံးကြဲ တိုက်ခိုက်ခြင်း အမှုသာ ပြုနိုင်တော့၍ ရှေ့လျောက် တိုင်းပြည် ပြိုကွဲလာမည့် အရေးကို ရှောင်လွှဲ၍ မရတော့ဟု" ဆိုသည်။
ဆောင်းပါးရှင် က ပြည်တွင်း တွင် အချင်းချင်း ညီညွတ်ပြီး ပြဿနာ များ မရှိတော့က စစ်တပ်ထားရှိရန်ပင် မလိုတော့ဟု ဆိုလိုချင်း ဖြစ်သည်။
ပြည်သူတို့၏ ခုခံတော်လှန်စစ် မုချ အောင်ရမည်!!!