ဘီဂျင်း၏ တည်မြဲမည် မဟုတ်သည့် ကိုယ်ကျိုးရှာ အပစ်အခတ် ရပ်စဲရေး

by Hla Soewai - Mar 02 2025

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ် (TNLA) မှ ဘီဂျင်း၏ တည်မြဲမည် မဟုတ်သည့် ကိုယ်ကျိုးရှာ အပစ်အခတ် ရပ်စဲရေးကိုယ်စားလှယ် အဖွဲ့သည် တရုတ်၏ ဆင့်ခေါ်မှု ဖြင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် စစ်တပ်၏ တရစပ် တိုက်ခိုက်နေသော အမြှောက်သံ ဗုံးသံများ ကြားမှ ကူမင်းသို့ ခရီးထွက်ခဲ့ကြရသည်။

 

၎င်းတို့ နှင့် တွေ့ဆုံရန် အမှတ် (၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် မှ တပ်မှူး ကိုကိုဦး လည်း ရောက်လာခဲ့သည်။ ၎င်းသည် ယခင် ကိုးကန့် အဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

 

အပစ်အခတ် ရပ်စဲရေး ဆိုသည်မှာ လွတ်လပ်ရေး ရပြီးကတည်းက ထပ်တလဲလဲ ကြားနေရသော စကားမျိုးပင် ဖြစ်သည်ဟု ဆောင်းပါးရှင် ဒေါက်တာ အန်တိုနီယို ဂလာစီဖို မှ DVB တွင် ရေးသားထားသည်ကို ကောက်နှုတ် တင်ပြသွားမည် ဖြစ်သည်။ 

 

၁၉၈၉ တွင် အာဏာသိမ်း အဖွဲ့ဖြစ်သော ငြိမ်ပိ အဖွဲ့သည် ဗမာပြည် ကွန်မြူနစ် ပါတီ မှ ခွဲထွက်လာသော ကိုးကန့် MNDAA နှင့် ပထမဆုံး အကြိမ် အပစ်အခတ် ရပ်စဲရေး ကို စတင် အသက်သွင်းလာခဲ့သည်။

 

ထို့နောက်တွင်တော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အသီးသီး နှင့် အပစ်အခတ် ရပ်စဲရေး များ ရရှိလာပြီး ကေအိုင်အေ နှင့် ၁၉၉၄ တွင် ရရှိခဲ့သော သဘောတူညီမှုသည် ၂၀၁၁ အထိ ကြာမြင့်ခဲ့သည်။

 

ဆယ်စု နှစ်ပေါင်းများစွာ ကြာအောင် လက်နက်ကိုင် တိုက်ပွဲဝင်လာခဲ့သော ကေအင်ယူသည်လည်း ၂၀၁၂ တွင် စစ်တပ်နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိသွားခဲ့သည်။ ၂၀၁၅ တွင် နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက် NCA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့ နှင့် ချုပ်ဆို နိုင်ခဲ့သည်၊ သို့သော်လည်း ချုပ်ဆိုသည့် တိုင်းရင်းသား အဖွဲ့များ၏ နိုင်ငံရေး ရည်မှန်းချက်များ နှင့် လက်ရှိ ပြဿာနာများကို ပြည့်ဝအောင် မဖြေရှင်း နိုင် ခဲ့၍ အပစ်ရပ်ရေးသည် အထိမခံ ရွှေပန်းကန် သဘော ဖြစ်လာပြီး တိုက်ပွဲ များ ပြန်လည် ဖြစ်ပွားလာခဲ့သည်။

 

တိုင်းရင်းသား အဖွဲ့များ တောင်းဆိုနေမှု ကို လိုက်လျောခဲ့ခြင်း မရှိ၍ အပစ်အခတ် ရပ်စဲရေးသည် အမြဲလို အောင်မြင်မှု မရခဲ့ခြင်း ဖြစ်သည်ဟု ကရင်နီ KNDF ဥက္ကဌ ခွန်ဘီဒူး က ပြောခဲ့သည်။ ၎င်းတို့ အခြေအနေ ကောင်းလာတိုင်း မိမိတို့ နယ် မြေ များထဲသို့ တပ်များကို စေလွှတ်ပြီး အကျပ်ကိုင် ခြိမ်းခြောက်လာစမြဲ ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့ အဖို့က ငြိမ်းချမ်းရေး အစစ်အမှန် ရဖို့ထက် အပစ်အခတ် ရပ်စဲရေး ကို စစ်ရေး မဟာဗျူဟာ တခုသာသာ သဘောထားခဲ့ကြသည်ဟု ပြောပြခဲ့သည်။

 

အချို့သော အဖွဲ့များကလည်း တိုက်ခိုက်နေခြင်းဖြင့် ၎င်းတို့ အကျိုးစီးပွား ကို အထောက်အကူ မပြုနိုင်ဟု ဆိုကာ လက်တွေ့ကျကျ သုံးသပ်ပြီး သဘောတူခြင်းမျိုးလည်း ရှိသည်။ မိမိတို့၏ နိုင်ငံရေး တောင်းဆိုချက်များ ကို ပြေလည် အောင် မဖြေရှင်း ပေးနိုင်သရွေ့ အပစ်အခတ် ရပ်စဲရေးသည် အောင်မြင်မည် မဟုတ်ဘဲ တိုက်ပွဲများ ပြန်၍ ဖြစ်ပွားလာမည်သာ ဖြစ်သည်ဟု မှတ်ချက်ချခဲ့သည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့လေးများကလည်း အပစ်အခတ်ရပ်စဲရေး ရယူ မထားဟု ဆိုက ၎င်းတို့ တွင် အင်အား အလုံအလောက် မရှိသေးပဲ စစ်တပ် နှင့် နီးကပ်သော ဒေသများ တွင် ရှိနေ၍ အင်အားသုံး ချေမှုန်းခံရပြီး လေကြောင်းမှ တိုက်ခိုက်ခံရအောင် ဖိတ်ခေါ်သလို ဖြစ်မည်ကို စိုးရွံ့နေကြရမည်ဟု ဆိုသည်။

 

အချို့ကလည်း မိမိတို့ အပစ်အခတ် ရပ်စဲထား၍ စစ်တပ် အား တက်တက်ကြွကြွ တိုက်ခိုက်နေသည့် တော်လှန်ရေး အဖွဲ့များ အတွက် ကြားခံနယ်မြေ တခု လို ဖြစ်လာခဲ့သည်ဟု ယူဆထားကြသည်။

 

အဓိက ကျသော မြို့ကြီးများ စစ်ကောင်စီ လက်ထဲ ဆက်ရှိနေရခြင်းသည် မိမိတို့ နယ်မြေများ အတွင်း အုပ်ချုပ်ရေး လုပ်ငန်းများကို အာရုံစိုက် နိုင်ရန် ဖြစ်ပြီး အချို့ဒေသများကို လက်လွှတ်ပေးလိုက်ရခြင်းသည်ကလည်း ရေရှည် တိုက်ပွဲ ဆက်လက် ဆင်နွှဲသွားနိုင်ရန် လိုအပ်နေသည့် အပေးအယူ သဘောမျိုး ဟု မဟာဗျူဟာ ကျစွာ ထည့်သွင်းစဉ်းစားခဲ့ကြခြင်း ကြောင့်ပင် ဖြစ်သည်။

 

ထင်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှအမည်မဖေါ်လိုသော ပြောခွင့်ရ ပုဂ္ဂိုလ်တဦးကမူ "အင်အား သေးလွန်းနေ၍"၊ စစ်တပ် နယ်မြေများ နှင့် ကပ်နေ၍" ဆိုသည်များသည် အကြောင်းပြချက်များ သာ ဖြစ်ပြီး ၎င်းတို့ အဖို့က တနိုင်ငံလုံး အရေးထက် ကိုယ်ကျိုးကို သာ အဓိကထား စဉ်းစားခဲ့ကြခြင်း ကြောင့်သာ ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။

 

ထို့အတွက်လည်း အချို့အဖွဲ့များသည် တော်လှန်ရေး နှင့် ပူးပေါင်းလာခြင်း မရှိယုံမက စစ်တပ် နှင့် ပင် ဆက်ဆံရေး ကောင်းမွန်နေအောင် ထိန်းသိမ်းထားကြခြင်း ဖြစ်သည်ဟု ထောက်ပြခဲ့သည်။ အချို့က ၎င်းတို့ ဆက်၍ ရပ်တည် နိုင်ရေး ဦးစားပေးပြီး ကြားနေကြသော်လည်း အချို့က တော်လှန်ရေးကို ‌မဟာဗျူဟာ ကျကျ တိတ်တဆိတ် ပံ့ပိုး ကူညီခဲ့ကြသည်ဟု ဆိုသည်။

 

 တရုတ်သည် မြန်မာတွင် တည်ငြိမ်မှု ရှိမှသာ ၎င်းတို့ အကျိုးစီးပွားကို ကာကွယ် နိုင်စွမ်းရှိမည် ဟု ဆိုကာ အပစ်အခတ် ရပ်စဲရေး အတွက် အတင်းအကျပ် ကြားဝင်လာကြသည်။ သို့သော် မကြာခဏ ဆိုသလို မတည်မြဲ ၍ အောက်ခြေ မခိုင်ခံသည့် အနေအထား ထွက်ပေါ်လာတော့မည် ဖြစ်၍ ဘီဂျင်း၏ ချဉ်းကပ်မှု အပေါ် အယုံအကြည် မရှိ ဖြစ်လာကြသည်။

 

တရုတ်သည် နိုင်ငံတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းနိုင်ဖို့ထက် သယံဇာတများ တူးဖေါ် ထုတ်ယူ နိုင်ရေး၊ ၎င်းတို့ လိုအပ်သည့် ကုန်ကြမ်းများ ဝင်ရောက်နိုင်မည့် စီးပွားရေး စင်္ကြန်လမ်းမကြီး တည်ဆောက်ရေး တို့ အတွက်သာ ဖြစ်သည်။ ထို့အတွက် ပြဿနာ၏ အရင်းအမြစ်ကို အဖြေရှာနိုင်သည် အထိ မဟုတ်ပဲ ၎င်းတို့ အကျိုးစီးပွား ရှိရာရှိကြောင်း အပေးအယူ လုပ်ခြင်းမျိုး သာ ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နစ်နာနေမှု များကို ဖြေရှင်း ပေးရန် မရည်ရွယ်၍လည်း ၎င်းတို့၏ ကြိုးပမ်းမှု များ မအောင် မြင်ခဲ့ရခြင်း ပင် ဖြစ်သည်။၎င်းတို့ အခြေအနေ ပြန်ကောင်းလာလျင် ပြေလျော့သွားတတ်ပြန်သည်။

 

ထို့အချက်ကို အထင်အရှား တွေ့လာရသည်က ၂၀၂၄ ဇန်နဝါရီ တွင် MNDAA အား အပစ်ရပ်အောင် လုပ်နိုင်ခဲ့‌သော်လည်း လ အနည်းငယ် အတွင်းမှာပင် မည်သည့်ဖက်ကမှ သဘောတူညီချက်ကို မလိုက်နာ၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ပင် ဖြစ်သည်။

 

တရုတ်၏ ကိုယ်ကျိုး ကြည့်မှု ကြောင့် အပြင် စစ်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား မယုံကြည်မှုများ နက်ရှိုင်းစွာ ရှိနေခြင်း သည်လည်း တကြောင်း အပါအဝင် ဖြစ်သည်။

 

ရရှိလာသည့် သဘောတူညီချက်များသည်လည်း တရားဝင်မှု ကင်းမဲ့နေသည့်အပြင် ဒေသခံများ၏ ထောက်ခံမှု မရ၍ ရေရှည် အဖြေရှာဖို့ထက် ယာယီ ရပ်နားဖို့သာ အသုံးတည့်လာခဲ့သည်။

 

 လက်ရှိ ဖြစ်ပွားနေ‌သော စစ်ပွဲသည် နိုင်ငံရေး အသွင်ကူးပြောင်း နိုင်ရန် နှင့် ဖက်ဒရယ် ဒီမိုကရေစီ စနစ် ထူထောင်ရန် အတွက် ဖြစ်သည်။ ထိုစနစ်ဖြင့်သာ တိုင်းရင်းသား ပြည်နယ်များအား စစ်မှန်သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ လုံခြုံရေး၊ သဘာဝ အရင်းအမြစ်များ စီမံခန့်ခွဲရေး တို့ ခွင့်ပြု နိုင်မည် ဖြစ်သော်လည်း ၎င်းတို့၏ အပစ်အခတ် ရပ်စဲရေး သည် ထိုအချက်များကို တလုံးတပါဒ မျှပင် ဖြေရှင်း နိုင်ခဲ့ခြင်း မရှိပေ။

 

ထိုအချက်များ မပြေလည် သရွေ့ အပစ်အခတ် ရပ်စဲရေးသည် မည်သို့မျှ တည်မြဲစရာ ‌အကြောင်း မရှိပေ။

 

စစ်မှန်ပြီး တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရရှိဖို့သည် စစ်အာဏာသိမ်း အဖွဲ့ ဆင်းပေး၊ ပြီးလျင် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ပြီး အဓိပ္ပါယ် အပြည့် အဝ ရှိမည့် ပြည်နယ်များအတွက် ကိုယ်ပိုင် အုပ်ချုပ်ရေး ဖေါ်ဆောင် ပေးနိုင်မှသာ ဖြစ်ပေမည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!