ဒေါ်အောင်ဆန်းစုကြည်အား တခဲနက် ထောက်ခံမှု ဖေ့စ်ဘုတ်က သက်သေခံလျက်ရှိ - ဂျပန်

by Hla Soewai - May 27 2020

ဒေါ်အောင်ဆန်းစုကြည်အား တခဲနက် ထောက်ခံမှု ဖေ့စ်ဘုတ်က သက်သေခံလျက်ရှိ - ဂျပန်
************************************

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ လောက်မှ စတင်ကာ အိမ်ပြင်သို့ မထွက်တော့သော်ငြားလည်း လက်ချုပ် နှာခေါင်းစည်း လေး ဝတ်ကာ ပြုံးရွှင်သော မျက်နှာအမူအရာဖြင့် ပြည်သူများနှင့် အရင်ကထက်ပင် ပို၍ ထိတွေ့ဆက်ဆံနိုင်ခွင့် ရလာခဲ့ပါတယ်။

ကိုဗစ်-၁၉ ကြောင့် တိုင်းပြည် စီးပွားရေး အား ဖိစီးမှုများ ရှိလာနေသည်နှင့် အမျှ လူထုနဲ့ ထိတွေ့ဆက်ဆံနိုင်ရန် အရေးကြီးလာသဖြင့် ဖေ့ဘုတ်စ်ကို ပထမဆုံး အကြိမ် သုံးမှ ရတော့မယ်ဆိုတာလည်း အလျှင်အမြန် သဘောပေါက်လာခဲ့သောကြောင့်လည်း ဖြစ်ပါတယ်။

မတ်လ ၂၃ ရက်နေ့ မြန်မာတွင် ပထမဆုံး ရောဂါ ကူးစက်ခံရမှု ရှိကြောင်း အတည်ပြုပြီးတဲ့နောက်တွင်တော့ ရောဂါပိုးကို ရှေ့တန်းကနေ တိုက်ဖျက်ဖို့ အသင့်နေရာယူပြီး ဖြစ်နေကြတဲ့ အစိုးရ တာဝန်ရှိသူများ နဲ့ ကျန်းမာရေး ဝန်ထမ်းများကို အားပေးနိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖေ့စ်ဘုတ်ကနေ ယခုအချိန်ထိ ကျန်းမာရေး၊ ပို့ဆောင်ရေး နဲ့ ပညာရေး ကဏ္ဍမှ တာဝန်ရှိသူများ နဲ့ ထိတွေ့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ သူမ၏ တွေ့ဆုံမှုသည် မိနစ် လေးဆယ်ခန့်ကြာမြင့်ပြီး ပြည်သူတွေ အကြားရောက်အောင် တိုက်ရိုက်လွှင့်ထုတ်ပေးနိုင်ခဲ့ပါတယ်။ တခါတခါ လည်း အပြုံး နဲ့ တခါတခါ လည်း ခပ်တင်းတင်း ပုံစံမျိုး ပြောဆိုတာ တွေ့ခဲ့ရပါတယ်။

မေလ လယ်မှာတော့ နှာခေါင်းစည်း အချုပ်ပြိုင်ပွဲကို စတင်လာခဲ့ပါတယ်။ နှာခေါင်းစည်း တပ်ခြင်းသည် ရောဂါတိုက်ဖျက်ရေး အတွက် အဓိက နေရာမှ ပါဝင်တယ်ဆိုတာ ကောင်းစွာ ရိပ်စားမိတာကြောင့်လည်း ယခုလို ပညာပေး သဘောနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ချက်ခြင်းဆိုသလိုပဲ အွန်လိုင်းပေါ်မှာ တဟုန်ထိုး ပျံ့နှံ့သွားပြီး လူပေါင်း ၂၂,၀၀၀ အထိ ဝင်ရောက် ယှဉ်ပြိုင်လာခဲ့ပါတယ်။

ယခုဆိုလျှင် သူမ၏ ဖေ့စ်ဘုတ် အကောင့်တွင် ဖေါ်လိုဝါ ၂.၄ သန်းအထိ ရှိနေပြီး ဒါဟာဆိုရင် ထိုင်းဝန်ကြီးချုပ်ထက် နှစ်ဆကျော်မက ရှိနေပါတယ်။ တင်သမျှ ပို့စ်များသည်လည်း လူများက တလေးတစား ချစ်ခင်ရင်းနှီးစွာ ရေးသားလာတဲ့ ကွန်မန့်တွေ နဲ့ အမြဲလို ပြည့်နှက်နေပြန်ပါတယ်။

(၂)

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ အများစုရှိ နိုင်ငံရေး ခေါင်းဆောင်များနဲ့ လုံးဝကွဲပြားခြားနားတဲ့ ပြည်သူများ၏ လေးစား မြတ်နိုး မှု ကို ထူးထူးခြားခြား ရရှိနေသူလည်း ဖြစ်ပါတယ်။ နိုင်ငံတကာ တရားရုံးကိုလည်း ကိုယ်တိုင် ကိုယ်ကျ သွားရောက်ပြီး အမိမြေ အတွက် ခုခံ လျှောက်လဲခဲ့တာကလည်း ၁၉၈၈ ခုနှစ်ကတည်းက သူမ၏ ပုဂ္ဂိုလ်ရေး အနစ်နာ ခံမှုတွေကို ထပ်လောင်း အားဖြည့်ပေးလိုက်သလို မြန်မာလူထုကြီး ရင်ထဲ စွဲကျန်ခဲ့ရပြန်ပါတယ်။

ဒီအတွက် စစ်တပ် အဖို့ မည်မျှပင် အင်အား ကောင်းနေစေကာမူ သူမအပေါ် လူကြိုက်များမှု တခုတည်း နဲ့ လှုပ်မရအောင် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

(၃)

ကိုဗစ်-၁၉ ရောဂါပိုး စတင်လာပြီးတဲ့နောက်မှာ မြန်မာသည် အိမ်နီးချင်း နိုင်ငံများထက် ပိုးကူးစက်ခံရသူ အရည်အတွက် လျော့နည်းခဲ့ပြန်ပါတယ်။ သို့သော်လည်း စီးပွားရေး အရ ရိုက်ခတ်ခံရမှုတွေကတော့ မြန်မာကို ညှာတာခဲ့ခြင်း မရှိပါဘူး။ တိုင်းပြည် ပို့ကုန်စုစုပေါင်း၏ ၂၅% ရှိနေတဲ့ အထည်အလိပ် ကဏ္ဍမှာ အတော်လေး အထိနာခဲ့ပါတယ်။

အရှိန်ရလာနေပြီ ဖြစ်တဲ့ ခရီးသွား လုပ်ငန်းများလည်း ရုတ်ခြည်း ဘရိတ်ဆောင့်အုပ်လိုက်သလို ခံခဲ့ကြရပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ပြည်ပမှ ရောက်ရှိလာတဲ့ ခရီးသွား အရည်အတွက်သည် လွန်ခဲ့သော ငါးနှစ် နဲ့ နှိုင်းစာရင် ၇၀% အထိ တိုးတက်လာခဲ့ပြီး ဖြစ်ပါတယ်။

ဒါတွေ အားလုံးကို ခြုံပြီး ၂၀၂၀ အတွက် မြန်မာ စီးပွားရေး တိုးတက်မှု နှုန်းသည် ယခင်က ၆.၃% ဟု ခန့်မှန်းခဲ့တာကို ပယ်ဖျက်ပြီး ၁.၈% သာ ရှိတော့မယ်လို့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ကြီးက ပြန်လည် ပြင်ဆင် ထုတ်ပြန်ခဲ့ပါတယ်။

ထိုအခြေအနေများအကြားတွင် ရောဂါပိုးကို ကာကွယ် တိုက်ဖျက်ရေး နှင့် လူထုအား ကူညီထောက်ပံ့နိုင်ရေးတို့တွင် အစိုးရမှ အကောင်းဆုံး လုပ်ဆောင်နေတာကို ရန်ကုန်ရှိ လမ်းများ ပေါ်တွင် အထင်အရှား တွေ့လာနေရပါတယ်။

မြန်မာလူထုကြီးက ဒေါ်အောင်ဆန်းစုကြည်အား ရှေးမြန်မာမင်းတွေထဲ က ကိုယ်ကျင့်တရား ပြည့်ဝပြီး စံပြုသင့်တဲ့ ခေါင်းဆောင်ကောင်း အဖြစ် အမြဲလို ရှုမြင်ထားခဲ့ကြပြီး ဖြစ်တယ်လို့ မြန်မာခေတ်သစ်သမိုင်း စာတမ်းကို ရေးသားပြုစုနေတဲ့ တိုကျို ရှိ ဆိုဖီယာ တက္ကသိုလ်ကြီးမှ သမိုင်း ပါမောက္ခ ကေး နီမိုတို က ဆိုပါတယ်။

လူထုကြီးက အပြစ်တင်စရာ ရှိရင် အစိုးရ အဖွဲ့ဝင်များ နဲ့ ဝန်ထမ်းများကိုသာ ဦးတည်ပြောလေ့ရှိပြီး သူမအပေါ် နဲနဲလေးမှ အပြစ်တင် ပြောဆိုတာမျိုး မတွေ့ခဲ့ရပဲ အားလုံးက သူမကို စိတ်ထဲမှ နှစ်နှစ်ကာကာ မြတ်နိုးကြတယ်ဆိုတာ အထင်အရှားပဲ ဖြစ်တယ်လို့ ရန်ကုန် အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်နေသူ ရစ်ချတ် ဟောဆီး က ပြောပြခဲ့ပါတယ်။

(၄)

အထွေထွေ ရွေးကောက်ပွဲကြီးသည် နိုဝင်ဘာလအတွင်း စီစဉ်ထားသည့် အတိုင်း ကျင်းပသွားဖို့ ရှိတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။

လွှတ်တော်တွင် အစိုးရ အဖွဲ့ကို စိတ်ကြိုက်ဖွဲ့စည်းခွင့်ရရန် အမတ်နေရာ သုံးပုံနှစ်ပုံအထိ အပိုင် ဆုပ်ကိုင်ထားနိုင်မှလည်း ဖြစ်မှာပါ။ ဒါကလည်း ၂၅% ကို လူထုကြီး အား ရွေးချယ်တင်မြှောက်ခွင့် မပေးပဲ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သူ တဦးတည်း ကိုသာ ရွေးချယ်ပေးဖို့ ဖွဲ့စည်းပုံက သတ်မှတ်ပေးထားလို့ပါပဲ။

လေ့လာသူ အများစုကတော့ NLD သည် လွှတ်တော်အတွင်း အကြီးမားဆုံး ပါတီ ကြီး အဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်သော်လည်း အမတ်ဦးရေ နည်းပါးသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒါကလည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မအောင်မမြင် ဖြစ်လာခဲ့မှုကြောင့် တိုင်းပြည်၏ ၃၀% အထိ ရှိနေတဲ့ တိုင်းရင်းသား လူနည်းစု များကို ကိုယ်စားပြု ပါတီတွေ ခေါင်းထောင်လာခဲ့ကြတာကြောင့်လည်း ဖြစ်ပါတယ်။

ဒီအနေအထားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ၊ တိုင်းရင်းသား လက်နက်ကိုင်များ နဲ့ ငြိမ်းချမ်းရေး ရရေး ကြိုးပမ်းလာခဲ့တာလည်း ဖြစ်ပါတယ်။ ယခုဆို တိုင်းရင်းသား ပါတီများက သီးခြား စီ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ပဲ ပါတီများ စုစည်းပြီး တပ်ဦးပုံစံ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ရွေးကောက်ပွဲ ရလဒ်များအရ ညွှန်ပေါင်း အစိုးရ ဖွဲ့လာရတော့မယ် ဆိုရင် လူထု ကြည်ညိုလေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ အခုလို အနေအထားနဲ့ ရပ်တည်နိုင်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုသာ လေးစားကြည်ညိုကြပေမယ့် NLD အပေါ် အထွေထွေ မကျေနပ်မှုများကြောင့် ပြည်မမှာ ၃၉% သာ ထောက်ခံမှု ပေးခဲ့ပြီး ပြည်နယ်များမှာ ၁၈% သာ ရှိတယ်လို့ ၂၀၁၉ မတ်လမှ ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ဖေါ်ပြနေပါတယ်။

(၅)

ဒေါ်အောင်ဆန်းစုကြည်အဖို့လည်း ဖြေရှင်းရမည့် ပြဿနာများက ရှိနေပြန်ပါတယ်။ လာမည့် ဇွန်လ တွင် သူမ အသက် ၇၅ နှစ် ပြည့်တော့မည် ဖြစ်ပြီး သူမနေရာ ဆက်ခံဖို့ သတ်မှတ်ထားသော အင်္ဂါစဉ်အတိုင်း သွားမည်ဟု မရေမရာ ပြောဆိုထားပေမယ့် သူမ မရှိလျှင် ပါတီ ပြိုကွဲသွားနိုင်စရာ ရှိနေသည်ဟု ပါတီတွင်း စိုးရိမ်ကြောင့်ကြ မှု တွေ ရှိလာနေပါတယ်။

ဖြစ်နိုင်ခြေ အရှိဆုံးက လက်ရှိ သမ္မတ ဖြစ်သူ ဦးဝင်းမြင့်ပဲ ဖြစ်ပေမယ့် မီးမောင်းကြီးကတော့ သူမအပေါ် ပဲ ကျနေဆဲ ဖြစ်ပါတယ်။

နောက်ထပ် ပြဿနာကြီးကတော့ စစ်တပ် နှင့် အရပ်သား အစိုးရအကြား အာဏာချိန်ခွင်ရှာ သဟဇာတ ဖြစ်ရေးပါပဲ။ လက်ရှိမှာတော့ အရပ်သား အစိုးရက စစ်တပ်ကို မထိန်းချုပ်နိုင် ဖြစ်နေပါတယ်။

လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်သည် လာမည့် ၂၀၂၁ ဇူလိုင်လ တွင် အသက် ၆၅ နှစ် ပြည့်ပြီး ဖြစ်လို့ စစ်တပ်မှ အနားယူပြီး သမ္မတအဖြစ် နိုင်ငံရေး နယ်ပယ်ထဲ ဝင်ရောက်ဖို့ ကြိုးစားဖွယ် ရှိနေပါတယ်။ (အနားယူပြီး နောက် သူရဲ့ အတွေ့အကြုံများကို မျှဝေသွားမယ်လို့ မကြာမီက ပြောခဲ့တာ ရှိနေပါတယ်....လှစိုးဝေ)

စစ်တပ်မှလည်း ထိုသို့ ဖြစ်လာအောင် လက်ရှိ လွှတ်တော်တွင်း ပိတ်ဆို့ထားမှု ကို ဘယ်အချိန်မှာ ဖြေလျော့ပေးမည်လဲ နှင့် ဒေါ်အောင်ဆန်းစုကြည် ခေတ်ကုန်သွားတဲ့အထိ ဆက်ပြီး တင်းခံနေမှာလားဆိုတာ ဘယ်သူမှ မသိနိုင် ဖြစ်နေပါတယ်။

နောက်ထပ် ပြဿနာ တခုက ဒေါ်အောင်ဆန်းစုကြည် အဖို့ သူမကို ဝေဖန် ထောက်ပြနိုင်မယ့် အနေအထား မရှိ ဖြစ်နေခြင်းပါပဲ။ နိုင်ငံရေး သမားများ နှင့် မီဒီယာများကလည်း သူမ၏ အားနည်းချက်များကို ထောက်ပြပြောဆိုဖို့ ရှောင်ကျဉ်လေ့ ရှိပါတယ်။ ဒါကလည်း သူမကို ဝေဖန်ခြင်းသည် ဒီမိုကရေစီ အရေးကို မျက်ကွယ်ပြုတယ်လို့ အထင်ခံရမှာစိုးလို့ ဖြစ်တယ်လို့ နီမိုတို က ဆိုပါတယ်။

လက်ရှိ မှာတော့ မြန်မာ့ ဒီမိုကရေစီ သည် ဒေါ်အောင်ဆန်းစုကြည် ကို လူထု၏ လေးစားချစ်ခင်မှု အပေါ် တည်မှီနေပါတယ်လို့ Nikkei Asia Review ရဲ့ သုံးသပ်ချက်ကို ကောက်နှုတ်တင်ပြလိုက်ရပါတယ်။

(မိမိအမြင်တွင်တော့ အတိုက်အခံ လုပ်နေသူများသည် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် ဖြိုလှဲ ၍မရနိုင်တဲ့ အတွက် အောက်ခြေ ကိုင်းဖျား ကိုင်းနားများအား စတင် ခုတ်ထစ်တိုက်ခိုက်ရန် နည်းလမ်းကို ရွေးချယ်လာနေပါတယ်။ အောက်ခြေ ပြိုရင် သူမလည်း ပြိုပြီ ဆိုတဲ့ အယူအဆနဲ့ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း မိမိတို့ဖက်မှ လူများက ပျော်ပျော်ကြီး ဝင်ရောက်အားပေးနေပါတယ်။ အကြောင်းအရာ တခု ပေါ်လာတိုင်း “အမှားအမှန်ကို ခွဲခြားနိုင်စွမ်း ရှိတယ်” ဆိုတဲ့ တောင်ကုန်း ပေါ် အပြေးအလွှား တက်ပြီး နေရာယူလာကြလေ့ ရှိပါတယ်။ အခုလို အရေးကြီး နေတဲ့ အနေအထားမှာ ဆင်ခြင်နိုင်ကြစေ လိုပါတယ်။ .... လှစိုးဝေ)