စစ်ခေါင်းဆောင် အဆက်ဆက် စိတ်ထင်တိုင်းကြဲနေမှု အပေါ် လုံခြုံရေး ကောင်စီ၊ နိုင်ငံတကာ တရားရုံးများက ဆယ်စုနှစ်ပေါင်း များစွာ ကြာလာသည် အထိ အရေးယူရန် ပျက်ကွက်နေခဲ့သော်ငြားလည်း ယူကေရှိ ရိုဟင်ဂျာ အုပ်စုငယ်လေး တခု မှ ပထမ ဆုံး အကြိမ် အဖြစ် စစ်ခေါင်းဆောင် ကို ဖမ်းဝရမ်း ထုတ်နိုင်ရန် ကြိုးပမ်းမှု အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။
၎င်းနှင့် အပေါင်းအပါ ၂၂ ဦး တို့ ယခုအခါ နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်ပြန်လာမှု နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။
အာဂျင်တီးနားသည် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ဆိုသည့် ဥပဒေ ပြဋ္ဌာန်းထားပြီး ဖြစ်သည့်အတွက် ၂၀၁၉ တွင် ရိုဟင်ဂျာ အဖွဲ့က ၎င်းတို့ ကျုးလွန်ခဲ့သော လူမျိုးတုန်း သတ်ဖြတ်မှု များ အတွက် အရေးယူပေးရန် ဦးတိုက်လျှောက်ထား ရာမှ အစပြုလာခဲ့ခြင်း ဖြစ်သည်။
စစ်ခေါင်းဆောင် ၂၂ ဦး၊ ကျေးရွာ အုပ်ချုပ်ရေးမှုး တဦး နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဟောင်း ဦးထင်ကျော် တို့ကိုပါ ထည့်သွင်းလာခဲ့သည်။
ထိုသို့ အရပ်ဖက် နိုင်ငံ အကြီးအကဲ နှစ်ဦး ပါ ထည့်သွင်းလာခဲ့ခြင်းကြောင့် ဖမ်းဝရမ်း အပေါ် အငြင်းပွား မှု များ ထွက်ပေါ်လာရသည်။
ထိုအချိန် က ဒေါ် အောင်ဆန်းစုကြည်သည် စစ်တပ်ဖက်မှ အကာအကွယ် ပေးခဲ့သည့် အပြင် သူမ၏ လုပ်ပိုင်ခွင့်များထဲ မှ ရိုဟင်ဂျာ များ အပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီများ နှင့် ကျန်းမာရေး စောင့်ရှောက်မှု များကိုပါ ကန့်သတ်ခဲ့သည်ဆို သော စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့မှူ နှင့် အတူ သူမ နှင့် ဦးထင်ကျော်ကိုပါ အမှုတွဲထဲ ဆွဲထည့်လာခဲ့သည်။
ဒေါ် အောင်ဆန်းစုကြည်သည် ရိုဟင်ဂျာ အရေး အတွက် နိုင်ငံတကာ ကျွမ်းကျင်သူများ ပါဝင်သောကိုဖီ အာနန် ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်၊ သို့သော် ကော်မရှင်၏ ထောက်ခံ တင်ပြချက် များကို တစိတ်တပိုင်းသာ အကောင်အထည် ဖေါ်ပေးနိုင်ခဲ့သည်။ ဤသည်ကပင် သူမ၏ အစိုးရသည် စစ်တပ် နောက်ကွယ်မှ ဖိအားပေးခြင်းကို ခံခဲ့ရသည် ဆိုသည်က ထင်ရှားလာခဲ့သည်။
အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း အခြေအနေများ ပြောင်းလဲလာပြီးနောက်တွင်မူ ရိုဟင်ဂျာ အဖွဲ့မှ ၎င်းတို့၏ အမည်များ အား အမှုတွဲမှ ဖြုတ်ပေးရန် ရှေ့နေများ နှင့် တရားရုံးအား တောင်းဆိုခဲ့သည်။ သို့သော် တရားရုံးက ပယ်ချခဲ့ပြီး ၎င်းတို့ နကိုယ်မူလ အထောက်အထားများ ခိုင်လုံသည် ဆိုကာ ဝရမ်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုအခါ ဝရမ်း နှင့် ပတ်သက်၍ အငြင်းပွားဖွယ် ထွက်ပေါ်လာသော်လည်း စစ်ခေါင်းဆောင်များ အား ဖမ်းဝရမ်း ထုတ်ပြန်နိုင်ခဲ့ခြင်းသည် ကြီးစွာသော အောင်မြင်မှု တရပ် ပင် ဖြစ်သည်။
စစ်ခေါင်းဆောင်များသည် နိုင်ငံတကာ ဥပဒေ အရပ်ရပ် ကို ကြိမ်ဖန်များစွာ ချိုးဖောက်ခဲ့သော်လည်း အရေးယူ ခံရခြင်း မရှိ၍ ပို၍ ကြီးလေးသော ပြစ်မှု များကို ထပ်ခါထပ်ခါ ကျုးလွန်ခဲ့ကြသည်။ နောက်ဆုံးတွင် ဂျီနိုဆိုက် ကျုးလွန်သည်အထိ တက်လှမ်းလာခဲ့ခြင်းပင် ဖြစ်သည်။ ထိုမျှအထိ ကျုးလွန်လာခဲ့သော်လည်း အရေးယူမှု မရှိ၍ အာဏာသိမ်းသည် အထိ ဖြစ်လာခဲ့ခြင်း ပင် ဖြစ်သည်။
ယခုအခါ တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေ အမြောက်အမြားကို သိမ်းယူ လာနိုင်ကြပြီ ဖြစ်၍ စစ်ခေါင်းဆောင်များသည် ၎င်းတို့ ဆက်၍ ရပ်တည်နိုင်ရေး အတွက် ရုန်းကန် နေကြရပြီ ဖြစ်သည်။ မြန်မာ ပြည်သူများက နိုင်ငံတကာ၏ ပျက်ကွက်မှု များ ကြောင့် ၎င်းတို့ဖာသာ ဖြေရှင်းရန် ကြိုးပမ်းလာခဲ့ကြခြင်းလည်း ဖြစ်သည်။
စစ်ခေါင်းဆောင်များ အဖို့က ပြည်ပ ခရီး မထွက်ခွာမီ အထပ်ထပ် စဉ်းစားကြရတော့မည် ဖြစ်သည်။ အင်တာပိုလ် ရဲ အဖွဲ့ကြီး အတွက် အနီရောင် အကြောင်းကြားစာ ထုတ်ပြန်လာနိုင်ပြီး စစ်ခေါင်းဆောင်များသည် နိုင်ငံ အတွင်း ပုန်းအောင်း နေနိုင်သော်လည်း အာဂျင်တီးနား တရားရုံးက ၎င်းတို့ မျက်ကွယ် တွင် ကြားနာ စစ်ဆေးကြတော့မည် ဖြစ်သည်။
နိုင်ငံတကာ ရာဇဝတ်မှု များ ဆိုင်ရာ တရားရုံးကြီး အိုင်စီစီမှ ဖမ်းဝရမ်း ထုတ်ပြန်လာဖို့ လည်း ရှိနေသည်။ နိုင်ငံတကာ တရားရုံးချုပ် အိုင်စီဂျေ မှလည်း ဂျီနိူဆိုက် ကျုးလွန်ခြင်း ရှိမရှိ ယခု နှစ်ကုန် သို့မဟုတ် နောက်နှစ် တွင် ဆုံးဖြတ်ချက် ချမှတ်ဖို့ အလားအလာ ရှိနေသည်ဟု ဖေါ်ပြထားသည်။
မိမိအမြင်အရ ဆိုက ထွက်ပေါ်လာသော ဝရမ်းတွင် နိုင်ငံ ခေါင်းဆောင်ကြီး နှစ်ဦး အား ထည့်သွင်းခဲ့မှု ကြောင့် မြန်မာ ပြည်သူများ၏ လှိုက်လှိုက်လှဲလှဲ ထောက်ခံမှု ကို ရရှိမလာခဲ့၊ ဒေါ်အောင်ဆန်းစုကြည်အား ဝရမ်းထုတ်ခြင်းသည် နိုင်ငံတဝှမ်း ရှိ ပြည်သူများ အပေါ် ဝရမ်းထုတ်လိုက်ခြင်းဟု ခံယူခဲ့ကြ၍ ဖြစ်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရမှလည်း သမ္မတ ကြီး ဦးထင်ကျော် နှင့် နိုင်ငံတော် အတိုင်ပင်ခံ တို့၏ အမည်များကို ဖယ်ရှားပေးရန် တောင်းဆိုချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် စစ်တပ်၏ ရန်လိုမှု များကို လိမ္မာ ပါးနပ်စွာ ဖြင့် work around ဗျုဟာကို သုံးကာ လုပ်ကိုင် နိုင်ခဲ့၍ အာဏာသိမ်းရန် အကွက်ချလာသော စစ်တပ်၏ ထောက်ချောက်မှ ရှောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့ အဖို့လည်း ဆင်ထားသော အကွက် ဝင်မလာ၍ နောက်ဆုံးတွင် မဲစာရင်း မှား၍ ဆိုသော ပြက်လုံးသာသာ အကြောင်းပြချက် ဖြင့် အာဏာ သိမ်းယူ လိုက်ရသည့် အဆင့် ရောက်သွား ခဲ့သည်။
အိုင်စီစီ သည် ရာဇဝတ်မှု များ အတွက် ကျူးလွန်သူများကို တရားစွဲခြင်း ဖြစ်ပြီး၊ အိုင်စီဂျေသည် ဂျီနိုဆိုက် ကျုးလွန်သည်ဟု ဆိုကာ နိုင်ငံအပေါ် အမှု စီရင်မည့် အရေး ကြောင့် ကိုယ်တိုင်ကိုယ်ကျ ထွက်၍ ကာကွယ် ပေးခဲ့ရခြင်း ဖြစ်သည်။
ရိုဟင်ဂျာ များ ဖက်က လိုက်ပြီး စစ်တပ်ကို ရှုတ်ချ တိုက်ခိုက်ခြင်းကြောင့် အာဏာသိမ်းခံရသည့် အခြေ အနေ ဆိုက်သွားခဲ့လျင် လည်း ယခုလိုပင် မည်သူကမျှ လာရောက် ကူညီကြမည် မဟုတ်သည့် အပြင် နွေဦးတော်လှန်ရေးပင် ဖြစ်လာစရာ အကြောင်း မရှိ၊ အားလုံးက ဒေါ်အောင်ဆန်းစုကြည် အပေါ်သာ ထိတ်တိုက် ရင်ဆိုင်ရမလားဟု ဆိုကာအပြစ်ဖို့ကြဦးမည် ဖြစ်သည်။
ဒီမိုကရေစီ ပဲ ဆိုဆို လူ့အခွင့် အရေး ပဲ အကြောင်းပြပြ ပြည်သူများက တော့ နိုင်ငံ ခေါင်းဆောင် ကို ဆတ်ဆတ်ထိ ခံကြမည် မဟုတ်သည်က သေချာလွန်းလှသည်။
လောလောဆယ် နဖူးတွေ့ ဒူးတွေ့ ဝရမ်းကပ်ခံရသည်က မင်းအောင်လှိုင် ဖြစ်နေပြီး မြဝတီ နယ်စားကြီးကတော့ ပြီးခဲ့သည့် တနင်္လာနေ့တွင် ဆုံးဖြတ်မည် ဆိုသော်လည်း ယခုထိ အသံမကြားရသေးပေ။
ထိုင်းသည်လည်း တရုတ်၏ ဖိအား အပြင်းအထန် ခံနေရပြီး မြဝတီ အား ဆီဖြတ်၊ မီးဖြတ် ဆက်၍ လုပ်ထားရန် ပြောလာသည် အထိ ပါဝင်ပတ်သက် နေပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!