ကြား ညပ်နေ ရှာသော မင်းအောင်လှိုင်

by Hla Soewai - Feb 24 2025

စောချစ်သူ သည် အွန်လိုင်း ငွေ လိမ် အဖွဲ့များကို ၎င်း ခေါ်သွင်း ခြင်း မဟုတ် ဟု မီဒီယာ များ တွင် တဖွဖွ ပြောနေသော်လည်း ၎င်း အနေဖြင့် ငြင်းလို့ မရသည့် အချက်က အွန်လိုင်း ငွေလိမ် လုပ်ငန်း၏ ဂေါ့ဒ် ဖားသားကြီး အဖြစ် ထင်ရှားသူ She Zhijiang ကို ရွှေကုက္ကူ စီမံကိန်း အတွက် ၂၀၁၆ ဒီဇင်ဘာ မှ ၎င်း နှင့် သဘောတူညီချက်ကို တရားဝင် အခမ်းအနား နဲ့ လက်မှတ်ထိုး ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

 

She Zhijiang သည် ကမ္ဘောဒီယား နိုင်ငံသား တရုတ် လူမျိုး ဖြစ်ပြီး လက်ရှိတွင် ဘန်ကောက် အကျဉ်းထောင်တွင် စံမြန်းနေရသည်၊ ၎င်းအား တရုတ် အစိုးရကလည်း အလိုရှိနေသည်။

 

စောချစ်သူ နှင့် အဖွဲ့သည် တရုတ် နိုင်ငံသား လူပေါင်း ၁၀,၀၀၀ ထိ ပြန်ပို့ ပေးမည်ဟု ကြွေးကျော် ထား‌ သော်လည်း ယခုထိ လိမ်ညာ အခိုင်းခံရသူ လူပေါင်း ၂၆၀ ကျော်သာ ပို့ပေးနေသည်။ ယနေ့ သတင်းအရ တရုတ် နိုင်ငံသား ၃၀၀ ကို ထပ်မံလွှဲပြောင်းပေးလိုက်သည်ဟု သိရသည်။

 

စစ်ကောင်စီလည်း မနေသာတော့ပဲ ရှမ်းပြည်နယ် တန်ယန်း ရှိ ဂိုဏ်း မှ လူ အချို့ကို ဖမ်းဆီးပြီး ပြန်လည် လွှဲပြောင်း ပေးခဲ့သော်လည်း ရွှေကုက္ကူ နှင့် ‌စောချစ်သူ အကြောင်းကို တလုံးတပါဒ မျှ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပေ။

 

ဤသည်ကလည်း အကြောင်းရှိနေသည်။ မင်းအောင်လှိုင်သည် ၂၀၂၃ ဇန်နဝါရီ တွင် စောချစ်သူ အား ကိုးကန့် ရှိ စစ်ခေါင်း‌‌ ဆောင်များလို နိုင်ငံ အကျိုးပြု သီရိပျံချီ ဘွဲ့ကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့သူ ဖြစ်သည်။ ဤသည်ကလည်း စောချစ်သူ သည် ရွှေကုက္ကူ မှ ရသော ဝင်ငွေများကို စစ်တပ် နှင့် မျှဝေ သုံးစွဲ နေသော ကြောင့် ယခုလို ချီးမြှောက်ခြင်း ဖြစ်သည်ဟု သတင်းများ ပျံ့နှံ့လာခဲ့သည်။

 

စောချစ်သူ နှင့် အဖွဲ့သည် နေပြည်တော်သို့ ပုံမှန်လို လာရောက်လေ့ရှိပြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သည်ဟု ဆိုသည်၊ ထိုသို့ ရောက်လာတိုင်း သီရိပျံချီ ဘွဲ့ရ စောချစ်သူ သည် Boss KTV သို့ သွားရောက်‌ ပျော်ပါး လေ့ရှိသည်၊ ၎င်းအတွက်လည်း ကေတီဗီ ပတ်ပတ်လည် တွင် တွင် လုံခြုံရေး ထူထပ်စွာ ချထား ပေးရသည်ဟု ဆိုသည်။

 

လက်ရှိ မင်းအောင်လှိုင် အတွက် ဘေးကျပ်နံကျပ် ဖြစ်လာပြီး ထုတ်ပြော၍ မရ ဖြစ်လာသည်က အင်အား ၈,၀၀၀ ခန့် ရှိမည်ဟု ယူဆရသော စောချစ်သူ၏ BGF အဖွဲ့သည် တရားဝင်အားဖြင့် စစ်တပ်၏ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့ ဖြစ်နေသော်လည်း ၎င်းတို့၏ ဩဇာအာဏာ မသက်ရောက် နိုင် ဖြစ်နေသည်။

 

ကေအင်ယူ နှင့် ပြည်သု့ကာကွယ်ရေး တပ်ဖွဲ့များ များသည် သင်္ကန်းညီနောင် စစ်ဆင်ရေး ကွပ်ကဲမှု အခြေစိုက်စခန်း နှင့် အနီးအနားရှိ တပ်ရင်း သုံးရင်းကို သိမ်းယူ ထား ပြီး မြဝတီကို ဝိုင်းပတ် ပိတ်ဆို့ ထား ပြီး ဖြစ်နေ၍ စောချစ်သူ အား ခြေမြန်လက်မြန် ဖမ်းဆီးလိုလျင်ပင် မြဝတီကို လက်လွှတ်ရတော့မည် ဖြစ်၍ ထိုအရေး နှင့် ပတ်သက်ပြီး မရှု နိုင် မကယ်နိုင် ဖြစ်နေသည်။ ၎င်းတို့ အဖို့ မြဝတီကို ထိန်းချုပ် နိုင်ခြင်း မရှိဟု တရုတ် နှင့် ထိုင်း အစိုးရ အား ဝန်ခံရတော့မည် ဖြစ်သည်။

 

ခြေမြန်လက်မြန် ဖမ်းဆီးလိုသည် က ကိုးကန့် ခေါင်းဆောင်များ အား တရုတ်တို့ လက်သို့ လွှဲပေးလိုက်မှု ကြောင့် ၎င်းတို့နှင့် မည်မျှ အတိုင်းအတာ အထိ ပတ်သက်နေသည်ကို တရုတ် တို့ တိတိကျကျ သိသွားပြီး အကျပ်ကိုင်လာခြင်း ကြောင့် သာ တရုတ် လုံခြုံရေး တပ်များ နိုင်ငံတွင်းသို့ ခေါ်သွင်းလာရသည်အထိ လိုက်‌ လျော ပေးခဲ့ရသည်ဟု ကျွန်တော် ယူဆမိသည်။

 

ပုဂ္ဂလိက လက်နက်ကိုင် ကုမ္ပဏီများ အက်ဥပဒေသည် တရုတ်တို့ အတွက် ထုတ်ပြန်ပေးရခြင်း ဖြစ်သည်ကို လူတကာ က သိရှိနေပြီ ဖြစ်၍ အရှက်တကွဲ ဖြစ်သွားပြီး အချုပ်အခြာ အာဏာကို လက်လွှတ်ပေးလိုက်ရသည်။

 

ယခုလည်း တရုတ်တို့ လက်ထဲ စောချစ်သူ ရောက်သွားက ၎င်းတို့ အရှူပ်တော်ပုံများ ထပ်ပေါ်လာပြီး နောက်ထပ် တမျိုး အကျပ်ကိုင် တောင်းဆို လာမည်ကို ရိပ်စား မိနေ၍ ကြောက်ရွံ့ နေကြပြီ ဖြစ်သည်။

 

ကိုးကန့် ခေါင်းဆောင်များ အပါအဝင် လူ ၂၃ ဦးကို တရုတ် တရားရုံး တွင် စတင် ရုံးတင် စစ်ဆေးနေပြီ ဖြစ်သည်။ (ပုံတွင်ရှု) တရုတ်သည်လည်း မင်းအောင်လှိုင် နှင့် အဖွဲ့ကို ထိုသို့ လုပ်ချင်နေသော်လည်း တဖက်က လက်မလွှတ် နိုင်၍သာ သည်းခံနေရခြင်း ဖြစ်ပေလိမ့်မည်။

 

စောချစ်သူသည် ‌အွန်လိုင်း ငွေလိမ်ဂိုဏ်းများ နှင့် မည်မျှ အတိုင်းအတာ အထိ ပတ်သက်နေသည် ကို မြဝတီ နှင့် ရွှေကုက္ကူ တွင် ခြေခြင်းလိမ်နေသော တရုတ် ထောက်လှန်းရေး များ မှ တဆင့် ဘီဂျင်းသည် မသိဘဲ နေမည်မဟုတ်၊ မြဝတီ တနေရာတည်း တွင်ပင် လူ တသိန်းခန့် နီးပါး လုပ်ကိုင်‌နေသည့် ထို ကိစ္စ မရှင်းနိုင်သရွေ့ အွန်လိုင်း ငွေလိမ်မှု ပြဿနာ မည်သို့မျှ ပျောက်ပျက် သွားမည် မဟုတ်ပေ။

 

တရုတ် အနေဖြင့် လုံးဝ ပပျောက်သွားသည် အထိ သို့မဟုတ် တစိတ်တပိုင်း ဖြေရှင်း နိုင်သည်နှင့် ပင် ကျေနပ်သွားမည် လား ဆိုသည်က စိတ်ဝင်တစား စောင့်ကြည့်ရမည် ဖြစ်သည်ဟု ဧရာဝတီ တွင် ရေးသားထားသည်။

 

ထိုင်းသို့ လွှတ်ပေးလိုက်သော တရုတ် ပြည်သူ့ လုံခြုံရေး ဝန်ကြီး ဌာန ဒုဝန်ကြီး လျု ကျောက်ချီသည် နိုင်ငံရေး သမား မဟုတ်၊ နှစ်ပေါင်း သုံးဆယ် ကျင်လည်ခဲ့‌ သော ရဲအရာရှိကြီး ဘဝ တွင် ရာဇဝတ်မှု တိုက်ဖျက်ရေး လုပ်ငန်းများ တွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ရှုပ်ထွေးသော အမှု များကို ကိုင်တွယ် ‌ဖြေရှင်း ရာတွင် အထူး ကျွမ်းကျင်သူ ဖြစ်သည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖေါ်ပြထားသည်။

 

ဤသည်ကို ကြည့်ခြင်းအားဖြင့် ဘီဂျင်းသည် အဆိုပါ အရေးကို အပြီးအပြတ် ဖြေရှင်းရန် အထိ စိတ်ပိုင်းဖြတ်ထားပုံရသည်ဟု ယူဆရသည်။ ထို့ အတွက် စောချစ်သူ နှင့် အတူ မြဝတီကို လက်လွှတ်ရဖို့ ရှိနေသည်။

 

ထိုင်းဖက်က ပါဝင် ပတ်သက်နေသည်ဟု သံသယ ရှိသော အထက်တန်း အရာရှိကြီးများကို စတင် အရေးယူ နေချိန်တွင် မင်းအောင်လှိုင်ကမူ အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန် ပါးစပ်က ပြောနေ‌သော်လည်း မည်သူကိုမျှ အရေးယူခြင်းလည်း မရှိသည့် အပြင် တိတိကျကျ ‌စီမံ ဆောင်ရွက်ခြင်းမျိုး မတွေရသေးပေ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(အချက်အလက် များအား ဧရာဝတီ မှ ကိုးကားသည်)