လွှတ်တော် အစည်းအဝေးများက ပြန်လည် စတင်လာခဲ့ပြီ ဖြစ်ပြီ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၏ နီဂေးတစ် သမားများသည် အောင်ပွဲခံ စစ်သူကြီးများအလား ပြန်လည် ရောက်ရှိလာခဲ့ပြန်သည်။
သူ့တို့ကိုယ်သူတို့လည်း ပီဘိ အတိုက်အခံ နိုင်ငံရေး သမားကြီးများ အလား ခံယူကာ လူထု မှ အားကိုးတကြီး ရွေးချယ် စေလွှတ်ခြင်း ခံရသူများ အပေါ် မေးခွန်း များ သူ့ထက်ငါ အပြိုင် မေးလာကြသည်။ အချို့သော မေးခွန်းများသည် စိတ်ဓါတ် စစ်ဆင်ရေး ဌာနမှ မေးခိုင်းသည်များ ရှိသလို မိမိတို့ သဘောဖြင့် ရှာကြံ မေးကြရသည် များလည်း ရှိသည်။ ထိုသို့ ရှာကြံမေးရသည်များထဲတွင် အနည်းငယ်မျှလောက်သာ လူထု အတွက် အကျိုးရှိခဲ့ပြီး အများစုမှာမူ မိမိအား ရဲရဲတောက် အစိုးရ ဆန့်ကျင့်ရေး သမား အဖြစ် အထက်မှ မျက်စိကျ လာစေရန် ကြိုးစား ရှာကြံပြီး မေးလာကြရပေတော့၏။
ထိုခံယူချက်များကြောင့် အိုင်စီဂျေ သို့ သွားရောက် တရားရင်ဆိုင်ခဲ့ရမှု အတွက် ကုန်ကျစရိတ် တောင်းခံခြင်းသည် ဥပဒေ နှင့် ညီရဲ့လားဟူသော အမေးကို တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး တဦးက စိတ္တဇ ဆန်စွာ ထ မေးလာသည့်အထိ အခြေအနေများ ဆိုးဝါးသွားခဲ့သည်။
ထိုကိစ္စ ပေါ်ပေါက်လာစဉ် တပ်မတော်မှ မိမိတို့ သည် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သွားပါမည်ဟု လူသိရှင်ကြားပင် ကတိကဝတ် တွေ ပြုခဲ့ကြပြီး ဖြစ်ပါလျှက် ထိုသို့ မေးခွန်းထုတ်လာခြင်းသည် ဘုရားပြီးမှ ငြမ်းဖျက်သည့် လုပ်ရပ်ပင် မဟုတ်ပါလော။ သို့တည်း မဟုတ် အဆိုပါ ကိစ္စသည် မိမိတို့နှင့် လားလားမျှ မဆိုင် အစိုးရကြောင့် ဖြစ်ရသည့် ပုံစံမျိုး အထင်ရောက်စေရန် လိမ်လည်ခြင်း သက်သက်လော။ NLD မှ ပင်နီ တိုက်ပုံ တကားကား ဖြင့် ရခိုင်ပြည်နယ်အတွင်း တုတ်ဓါးဆွဲကာ သောင်းကျန်းခဲ့၍ အခုလို တရားစွဲ ခံရခြင်းပေလော။
အဆိုပါ မေးခွန်းရှင်၏ စိတ်ထဲတွင် တိုင်းပြည် ဂုဏ်သိက္ခာထက် ၎င်းတို့ အဖွဲ့အစည်းအား အန္တရာယ် ပေးမလာနိုင်တော့သော အရေးအား ယခုလို ကျပ်သန်းပေါင်း ရာချီမသုံးသင့်ဟု ခံယူထား၍ မေးမြန်းလာခဲ့ခြင်းလည်း ဖြစ်တန်ရာသည်။ သို့သော် ထိုကဲ့သို့ မဆင်မခြင် မေးမြန်း ပြောဆိုလိုက်ခြင်းသည် တတိုင်းပြည်လုံးရှိ ပြည်သူများ ကို စော်ကားမော်ကား လုပ်လိုက်ခြင်းပင် ဖြစ်ပေတော့သည်။
တကယ်တမ်းတွင် ထိုသို့ သော လုပ်ရပ်သည် ၎င်းတို့အား ထောက်ခံနေသည်ဟု အထင် ရှိနေသော တိုင်းပြည်၏ ၇၅% သော ပြည်သူများကို သိစေရန် ဖန်တီးလိုက်ခြင်းသာ ဖြစ်သည်။ ကျန်သည့် ၂၅% မှာ နီပေါများသာ ဖြစ်၍ ၎င်းတို့ မည်သို့ပင် ဝေဖန် ကဲ့ရဲ့ ကြစေကာမူ အရေးစိုက်စရာ မရှိ။ ထိုအရေးသည် လက်ရှိ အစိုးရကြောင့် ဖြစ်လာရသည် ဆိုခြင်းကို မိမိတို့ကို ထောက်ခံသူ ပြည်သူများ နားထဲ ရိုက်သွင်းနိုင်ဖို့သာ အရေးကြီးသည်ဟု ယူဆထားကြ၍ သာ ဖြစ်သည်။
ဤသည်ကို ကြည့်၍ ဟစ်တလာ၏ မိန်းကမ့်ဖ် main kemp (My struggle) တွင် ရေးသားခဲ့ဘူးသည်ကို အမှတ်ရလာမိပါတယ်။
“လူထုအတွင်း မိမိအဖွဲ့အစည်း၏ ဩဇာပျံ့နှံ့စေရန် တဖက်ရန်သူ၏ ဩဇာကျဆင်းအောင် ပြုလုပ်ရာ၌ မည်သည့်အခါမျှ လက်မနှေးရ၊ ရန်သူ အကျိုးရှိရာ ရှိကြောင်း ဖြစ်စေမည့် အချက်အလက်မျိုးကို တခွန်းတပါဒမျှ မပြောရ။ ဤသည်မှာ ဝါဒဖြန့်ချီရေး လုပ်ငန်း မှန်သမျှ တွင် ပထမဆုံး ပြည့်စုံအောင် လုပ်ရမည့် လိုအပ်ချက် ဖြစ်သည်။ မိမိဖက်က မှားနေသည့်တိုင် လူထုကြီး၏ စိတ်ထဲတွင် အမှန်ဟု အစဉ်မှတ်ယူသွားစေရန် ပြတ်ပြတ်သားသား တိုက်ခိုက်နိုင်မှ ဖြစ်ပေမည်။ တဝက်တပျက်နှင့် လက်တွန့်နေပါက မိမိတို့ဖက်မှ မှန်ကန်ကြောင်း မရေရာသည့် လက္ခဏာ ပင် ဖြစ်သည်ဟု လူထုကြီးက ယူဆသွားကြလိမ့်မည်”
အဆိုပါ စကားကို အတိုချုပ်ရလျှင် ‘လိမ်စရာရှိလျှင် ကြီးကြီးကျယ်ကျယ် လိမ်ပါ” ဟုပင် ဆိုရမည် ဖြစ်သည်။
သို့သော် ခြေသလုံး အိမ်တိုင် ဘဝမှ တိုင်းပြည် ၏ အထွတ်အထိပ် သို့ ရောက်လာခဲ့သူ ဟစ်တလာ အပေါ် ယုံကြည်ခဲ့ကြခြင်းမှာလည်း ဂျာမန်ပြည်သူတို့ နုံနဲ့ ထုံအခဲ့ကြ၍တော့ မဟုတ်တန်ရာ။ ခေါင်းဆောင်ကြီး ဖြစ်သူ ဟစ်တလာသည် ၎င်း၏ မိသားစု၊ ဆွေမျိုးသားချင်းများ ကောင်းစားရေး အတွက် နိုင်ငံ၏ အရင်းအမြစ် များကို ခုတုံးလုပ်ကာ ဝေမျှပေးခဲ့သူ မဟုတ်။ ဂျာမန် တမျိုးသားလုံး ကြီးကျယ် မြင့်မြတ်သည့် အဖြစ် ရောက်အောင် အားသွန်ခွန်စိုက် လုပ်ကိုင်နေသူသာ ဖြစ်သည် ဆိုသည့် အချက်ကြောင့်လည်း ဖြစ်မည်ထင်သည်။
နီဂေးတစ်များ အဖို့က တိုင်းပြည်ကို မည်ကဲ့သို့ ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်ရမည်ကို ၁၉၆၂ နောက်ပိုင်းမှစ၍ လေ့ကျင့် သင်ကြားပေးခြင်း ခံခဲ့ရသူများ ဖြစ်သည်။ ထိုသို့ ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်ရေးသည်သာ ပဓာန ဖြစ်ပြီး ထိုအရေးကြောင့် အခြားသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး နယ်ပယ်များတွင် အဆုံးရှုံးခံသင့်က ခံရမည်။ အရေးမကြီး collateral damage များသာဟု ခံယူခဲ့သော လုပ်ရပ်များသည် ၎င်းတို့၏ သမိုင်းစဉ်တလျှောက် အထင်အရှားပင် တွေ့ခဲ့ရပြီးလည်း ဖြစ်သည်။
ကမ္ဘာ့သမိုင်းစဉ်တလျှောက်တွင် စစ်ဗိုလ်ချုပ်ကြီးများ အုပ်ချုပ်၍ ငြိမ်ဝပ်ပိပြားမှု ရှိသည်က လွဲ၍ လူမှု စီးပွားရေး အဆင့်အတန်းများ တိုးတက် ဖွံ့ဖြိုးလာသော နိုင်ငံ ရှိပါက လက်ညိုးထိုးပြပါဆိုလျှင် ထိုးပြစရာ မရှိ။ သို့ပါလျှက် ၎င်းတို့ ကို ပြန်လည် တမ်းတနေသူများအား နိုင်ငံအရေး သစ္စာဖေါက်သူများဟု ကင်ပွန်းမတပ်ပါက အခြားမည်သို့များ ခေါ်ဝေါ် သုံးနှုံးရပေဦးမည်နည်း။