China-myanmar Economic Corridor (CMEC) ခေါ် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမကြီး စီမံကိန်း နှင့် အခြား ပတ်သက်ရာ ပတ်သက်ကြောင်း စီးပွားရေး လုပ်ငန်းများသည် ယခု အခါ အရှိန် မြင့်လာနေသော ပြည်တွင်းစစ်ကြီး ၏ အန္တရာယ် ကြား ကျရောက်နေပြီ ဖြစ်၍ ရှေ့လျောက် ဖြစ်ပေါ်လာနိုင်သည့် အနေအထားကို ဂျာမဏီ ရှိ ဖရန့်ဖွတ် ငြိမ်းချမ်းရေး သုတေသန အင်စတီကျု မှ သုတေသီ Pascal Abb က The Diplomat စာစောင်တွင် ယခုလို ရေးသား ဖေါ်ပြလာခဲ့သည်။
၂၀၂၁ စစ်တပ်မှ အာဏာသိမ်းပြီးချိန်ကစ၍ နိုင်ငံတွင်း နိုင်ငံရေး နှင့် ဆိုင်သော အကြမ်းဖက် ပဋိပက္ခများ ကြီးထွားလာခဲ့သည်။ စစ်မြေပြင်သည် အစဉ်အလာ တိုင်းရင်သား လက်နက်ကိုင်များ ထိန်းချုပ် နယ်မြေ မှ သည် ဗမာ အများစု နေထိုင်ရာ နိုင်ငံ အလယ်ပိုင်း အထိ ကူးစက်လာခဲ့သည်။
၂၀၂၃ အောက်တိုဘာလ အတွင်း စတင်ခဲ့သော ထိုးစစ်ကြီးသည် စစ်ကောင်စီ ကို အလဲထိုးနိုင်ခဲ့ပြီး ရှမ်းမြောက် ဒေသ မှ မောင်းထုတ်နိုင်ခဲ့သည်။ ရခိုင်ဒေသ တခုလုံး လက်လွှတ်ရမလို ဖြစ်လာယုံမက အခြား ဒေသများ တွင်လည်း နယ်မြေ အမြောက်အမြား ဆုံးရှုံးလိုက်လာနေသည်။
တိုက်ပွဲများ အရှိန်မြင့်လာနေပြီး ထိရောက်သော အုပ်ချုပ်ရေး စနစ် ပြိုလဲလာနေသော်လည်း တရုတ်အဖို့ ၎င်းတို့လွန်စွာ ရည်မှန်းချက်ထားနေသည့် မူဆယ်မှသည့် ကျောက်ဖြူ ဆိပ်ကမ်း အထိ ဆက်သွယ်ပေးမည့် CMEC စီမံကိန်း ကြီး ရင်ခွင် ပိုက်မိနေပြီ ဖြစ်သည်။ ဒေါ်လာ ၁၅ ဘီလီယံ ခန့် တန်ကြေးရှိမည့် စီမံကိန်းများ ရှေ့မတိုးနိုင် ဖြစ်လာရသည်။
ထို့အတွက် ပထမ အချက် အနေဖြင့် ဘီဂျင်းသည် ၎င်းတို့၏ နိုင်ငံခြားရေး နှင့် လုံခြုံရေး မူဝါဒ များကို မဖြစ်မနေ ပြောင်းလဲလာခဲ့ရသည်။ ပိုးရပ်ဝန်း စီမံကိန်း များနှင့် ပတ်သက်၍ တရုတ် အေဂျင်စီများသည် ယခင် အများယူဆထားသလို မဟာဗျူဟာ ကျစွာ ရှေ့နောက် ညီညွတ်ပြီး အပေါ်က ကျလာသည့် ပေါ်လစီ မျိုး မဟုတ်တော့သည်ကို တွေ့လာရခြင်း ပင် ဖြစ်သည်။
နိုင်ငံအတွင်း ဟိုနေရာ ဒီနေရာ ပျံ့ကြဲနေသော လက်နက်ကိုင် ပဋိပက္ခ များ ကြောင့် ပါဝင် ပတ်သက်နေသော တရုတ် အေဂျင်စီ များ အကြား အကျိုးစီးပွားခြင်း ပဋိပက္ခ ဖြစ်လာသည်။ ယင်းနှင့် အတူ ပိုးရပ်ဝန်း ဟု တံဆိပ်ကပ်ထားမှု သည်လည်း သယံဇာတ များ တူးဖေါ် နေမှု များ၊ တရားမဝင် လုပ်ငန်းများဖြင့် နွယ်ယှက်ကာ တစစီ ဖွာလန်ကျဲလာသည်။ နိုင်ငံတဝှမ်းရှိ အာဏာ လက်လွှဲရယူလာသည့် အဖွဲ့အစည်းများ နှင့် အမြဲလို စေ့ဆပ် ဆွေးနွေးလာရသည့် အနေအထား ဖြစ်လာသည်။
CMEC သည် ရည်မှန်းချက် ကြီးကြီး နှင့် စတင်လာခြင်း ဖြစ်ပြီး အာဏာမသိမ်းမီကပင် နိုင်ငံ တွင်း အငြင်းပွားဖွယ် ဖြစ်လာသည်။ လက်ရှိတွင် တရုတ် ဆန့်ကျင်ရေး သဘောထား များ မြင့်မားလာနေခြင်း၊ မြန်မာ နိုင်ငံရေး တွင် ကာလ ကြာမြင့်စွာ ကတည်း က ရှိနေသော အလယ်ပိုင်းရှိ ဗမာ အစိုးရ နှင့် နယ်စပ်ဒေသများ ရှိ တိုင်းရင်းသား များ အကြား တင်းမာမှု များ ဆိုသည် မြေငလျင် ကြောကြီး နှစ်ခု လှုပ်ခတ်လာနေပြီ ဖြစ်သည်။
ကျောက်ဖြူ ဆိပ်ကမ်း ပရောဂျက် အတွက် ယခင် အစိုးရ လက်ထက် တွင် ကုန်ကျငွေများကို ထိန်းချုပ်မှု များ ရှိလာသော်လည်း ယခုအခါ သိသိသာသာ ပြောင်းလဲသွားပြီ ဖြစ်သည်။ အာဏာ သိမ်းလိုက်သည့် အဖွဲ့သည် ထိုမျှလောက် ကြီးမားသော လုပ်ငန်းကြီး အား ယခုလို အုပ်ချုပ်မှု ကွက်ကျား သာသာ ဖြစ်နေချိန်တွင် စီမံခန့်ခွဲရန် တရားမဝင်ယုံမက အကောင်အထည် ဖေါ်နိုင်စွမ်း မရှိ ဖြစ်လာသည်။ အာဏာသိမ်း အဖွဲ့သည် CMEC အား ၎င်းတို့၏ စစ်ရေး အရ ဆက်၍ လှုပ်ရှားနိုင်ရန် နှင့် လက်ဝေခံ ကရိုနီ များ အကျိုးရှိရာ ရှိကြောင်း အဖြစ်သာ ရှုမြင်ထားသည်။
တရုတ်တို့ဖက်မှ ရှားပါး မြေသား သတ္တုများ တူးဖေါ်ထုတ်ယူနေခြင်းသည် ဒေသတွင်း စစ်မီးများ အတွက် လောင်စာဖြစ်လာနေမှု များအားလည်း CMEC တံဆိပ် ခပ်နှိပ်ထားသည်။ ထိုဒေသတွင် ဖွံ့ဖြိုးရေး စီမံကိန်းများ အစား သယံဇာတ တူးဖေါ်ရေးကိုသာ ဇောင်းပေးလာသည်ဟု ရှုမြင်လာကြသည်။
နယ်ခြား ဖြတ်ကျော် စီးပွားရေး လုပ်ငန်းများ သည် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ များ နှင့် နှီးနွယ်လာသည်။ ပါဝင် ပတ်သက်နေသူများ အဖို့ အကောက်ခွန် နှင့် လမ်းတလျောက် အခြား ဂိတ်ကြေးများ ကောက်ယူနိုင်စွမ်း ရှိဖို့က စွဲမက်ဖွယ် ဖြစ်လာသည်ကို ၂၀၂၃ ကိုးကန့် ဒေသ ထိုးစစ်ကြီးက မီးမောင်းထိုးပြလာခဲ့သည်။
တရုတ်၏ မြန်မာတွင် ပါဝင် ပတ်သက်နေသည့် ကုမ္ပဏီများ လည်း အမျိုးမျိုး ကွဲပြားနေ၍ ၎င်းတို့ အတွက် စိန်ခေါ်မှု များ ရှိလာသလို အချို့ အတွက်လည်း အခွင့် အလန်းများ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ အကျိုးစီးပွားခြင်း ပဋိပက္ခ ဖြစ်လာ၍ ချမှတ်လာသော မူဝါဒ များလည်း ရှေ့နောက်မညီ ဖြစ်လာသည်။
ဘီဂျင်းရှိ ဗဟို အစိုးရ သည် ၎င်းတို့၏ အဓိက ရင်းနှီး မြုပ်နှံမှု များ ကာကွယ်နိုင်ရေးသာ အာရုံစိုက်နေပြီး နှစ်ဖက်စလုံး နှင့် ဆက်နွယ် လှုပ်ရှားလာသည်။ နိုင်ငံတကာ၏ အပယ်ခံ ဖြစ်နေသော အာဏာသိမ်း အဖွဲ့အား သံတမန်ရေး အရ တိုး၍ ဩဇာလွှမ်းနိုင်အောင် လုပ်လာပြီး CMEC အတွက် လုပ်ငန်း အသစ်များ နှင့် အခြား ရင်းနှီးမြုပ်နှံ နိုင်စရာ ရှိသည်များ ရရန် ကြိုးပမ်းလာသည်။ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များအားလည်း ထိုဒေသ တွင် အပစ်ရပ်အောင် ဖိအားပေးခဲ့ကြသည်။
ဘီဂျင်း၏ မြန်မာပြည်အပေါ် လုံခြုံရေး ဦးစားပေး မူဝါဒ ဖြင့် ကိုင်တွယ်လာမှု ကြောင့် နယ်စပ် ဖြတ်ကျော်ရေး နှင့် ကုန်သွယ်ရေး လုပ်ငန်းများ ဖြတ်တောက်ခံလိုက်ရသည့် အတွက် ယူနန်ပြည်နယ်ကို အကြီးအကျယ် ထိခိုက်သွားခဲ့ရသည်။ ထို့အတွက် ယူနန် ပြည်နယ် အစိုးရသည် ၎င်းတို့ သဘောဖြင့် သံခင်း တမန်ခင်းကို ဗဟို အစိုးရ နှင့် အပြိုင် ချည်းကပ် လုပ် ဆောင် လာခဲ့သည်။
CMEC တွင် ပါဝင်နေသည့် တရုတ် အစိုးရ ပိုင် လုပ်ငန်းများသည်လည်း ယခင်က အရေးထားစရာ မလိုသည့် လုံခြုံရေး အတွက် ပူပန်လာရပြီး ၎င်းတို့ အစိုးရ၏ အကာအကွယ်ကို တောင်းဆိုလာကြသည်။
တရုတ် ပုဂ္ဂလိက လုပ်ငန်းများကမူ နိုင်ငံတွင်း ဖရိုဖရဲ ဖြစ်လာပြီး စည်းမျဉ်းစည်းကမ်းများ လျော့ရဲလာမှု အပေါ် သွက်သွက်လက်လက် အခွင့်ကောင်းယူ ကာ လှုပ်ရှားလာခဲ့ကြသည်။ အထူးသဖြင့် သယံဇာတများ ထုတ်ယူရေး တွင် တရားမဝင် လုပ်ဆောင်လာပြီး အွန်လိုင်း ငွေလိမ် ဂိုဏ်းများ နှင့် ပတ်သက်လာသည်အထိ ဖြစ်လာသည်။
ဤသို့ဖြင့် နိုင်ငံအတွင်းရှိ တရုတ်အေဂျင်စီ များ နှင့် ၎င်းတို့ကို တစုတစည်းတည်း ထိန်းချုပ်ရမည့် CMEC လုပ်ငန်းများသည်လည်း ဝါး အစည်းပြေ သလို ဖြစ်လာခဲ့သည်။
CMEC သည်လည်း ၎င်းတို့ အရင်ပေးထားသော ကတိဖြစ်သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို လျစ်လျူ ရှုလာပြီး သယံဇာတ တူးဖေါ်ရေး ဖက် လှည့်လာကြသည်။ ယင်းသည် တရုတ်၏ ပုံရိပ်ကို ထိုးနှက်ခံလိုက် ရသလို ဖြစ်သွားခဲ့ပြီး နိုင်ငံတွင်း ၎င်းတို့၏ စီးပွားရေး အရ ရပ်တည်မှု ကို ထိခိုက်သွားခဲ့သည်။
နိုင်ငံကို ဖြတ်ကျော်ပြီး တည်ဆောက်မည့် စင်္ကြန်လမ်းမကြီး ဆိုသည်ကိုလည်း ဆိုင်းငံ့လိုက်ရပြီး စိတ်ချရသည့် နယ်မြေ များ တွင်သာ ဟိုတကွက် ဒီတကွက် နှင့် ရသ လောက် ခရီးဆက်နေရသည်။ ထိုအနေအထားသည် မြန်မာအား ၎င်းတို့နှင့် ပို၍ နီးစပ်အောင် လုပ်ရမည့် အစား ကွဲပြဲသည်ထက် ကွဲပြဲအောင် ဖန်တီးနေသလို ဖြစ်လာခဲ့ရသည်။
နောက်ဆုံး တွင်တော့ တရုတ်၏ အဓိက ရပ်ဝန်း နှင့်လမ်း စီမံကိန်း များ ရှိရာတွင် လက်နက်ကိုင် အကြမ်းဖက်မှု များ ဖြစ်ပေါ်လာပြီ ဖြစ်၍ ယခင်ကလို သံခင်းတမန်ခင်း အရ စိတ်အေး လက်အေး မနေ နိုင်တော့ဘဲ ရေရှည် တွင် ဖြစ်ပေါ်လာနိုင်သည့် အကျိုး ဆက် များ နှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ပင်လယ်ရပ်ခြားရှိ ၎င်းတို့၏ ပိုင်ဆိုင်မှု များ၊ ကုမ္ပဏီ များ ကို ကာကွယ် နိုင်ဖို့ လှုပ်ရှား ရုန်းကန်ကြရ တော့မည် ဖြစ်ပြီး ထို့အတွက် အာဏာသိမ်း အဖွဲ့ကို ဘေးချိတ်ပြီး ဆွေးနွေး နိုင်မှ ဖြစ်ပေ တော့မည်။ ရပ်ဝန်း နှင့် လမ်းစီမံကိန်းများ အတွက် ထပ်မံရင်းနှီး မြုပ်နှံလိုပါကလည်း အရင်လို မဟုတ် တော့ဘဲ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ် များ ကို အသေအချာ တွက်ဆ ရတော့မည့် အပြင် ဖြေရှင်း ပေးနိုင်ဖို့လည်း ကြိုးစားရပေ တော့မည်။
ယင်းသည် မြန်မာ တနိုင်ငံတည်းသာ မဟုတ်တော့ဘဲ တကမ္ဘာလုံးရှိ ၎င်းတို့ အကြီးအကျယ် ရင်းနှီး မြုပ်နှံထားသည့်စီမံကိန်းများ အတွက်ပါ အကျုံး ဝင်လာနေပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!