ဒေါ်နယ် ထရန့်၏ သမ္မတ သက်တမ်း နှစ်ပတ် အတွင်းမှာပင် ပါးစပ်အဟောင်းသား ဖြစ်ခဲ့ရမှု များ နှင့် ပြည့်နှက်လာနေသည်၊ ထိုအထဲတွင် အဆိုးရွားဆုံးက ဖေဖေါ်ဝါရီ ၄ ရက်နေ့တွင် ဂါဇာကို လွှဲယူမည် ဟု ပြောလာခြင်းပင် ဖြစ်သည်။
ယင်းသည် ကမ္ဘာတွင် ဖြေရှင်းရ အခက်ဆုံး၊ သက်တမ်း အရှည်ဆုံးလည်း ဖြစ်သော ပြဿနာ ကြီးကို ထုံးတမ်းစဉ်လာ မှ ဖောက်ထွက်ပြီး ကြုံရာ ကျပန်း ဖြေရှင်းရန် အားထုတ်လာခြင်းလည်း ဖြစ်သည်။ ထရန့်၏ အိုင်ဒီယာ သည် ဒေသတွင်း အန္တရာယ် ကျရောက်လာဖွယ် ရှိယုံမက လူမျိုးရေး သန့်စင်လိုမှု နှင့် ပါလက်စတိုင်း တို့၏ အခွင့်အရေးကို အရှိုက်ထိုး လိုက်သလို လျစ်လျူ ရှု လိုက်ခြင်းလည်း ဖြစ်ပေသည်။
၎င်း၏ ပထမ သက်တမ်း အတွင်း အာရပ်နိုင်ငံ အချို့ နှင့် အစ္စရေး အကြား ပုံမှန် ဆက်ဆံရေး တည်ဆောက်နိုင်ရေး ဆိုသည့် အာဘရာဟမ် သဘောတူညီချက် ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။ ဇန်နဝါရီ လ အတွင်း ဘိုင်ဒင် အစိုးရ တနှစ်ပတ်လုံး ကြိုးစားသော်လည်း မအောင်မြင်ခဲ့သည့် ဂါဇာ တွင် ယာယီ အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်အောင် လုပ်ပေးနိုင်ခဲ့သည်။
ယခု ဂါဇာတွင် ဝင်ရောက်စွက်ဖက်ရန် ကြံစည်လာမှု သည် အရှေ့ အလယ်ပိုင်းကို ဗြောင်းဆန် သွားစေမည့် အစီအစဉ်လည်း ဖြစ်သည်။ ထို့အတွက် ဒေသတွင်းရှိ သဘောထား တင်းမာနေသူများ ပို၍ ရဲတင်းလာဖို့ ရှိ နေပြီး ဒေသတွင်း တည်ငြိမ် ရေး ကို လိုလားသည့် မဟာမိတ်များ၏ ထောက်ခံမှု ပါ ဆုံးရှုံးသွားနိုင်သည်။
ထရန့်သည် ထိုအစီအစဉ်ကို အစ္စရေး ဝန်ကြီးချုပ် နာသန်ယာအူး နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံပြီးလျင် ပြီးချင်း ထုတ်ဖေါ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သံတမန် များကမူ စိတ်မပါ လက်မပါ ဖြစ်နေသော နာသန်ယာအူး အား လက်ရှိ ယာယီ အပစ်အခတ်ရပ်စဲထားမှု မှ တဆင့်တိုးရန်၊ သို့မှသာ ဓါးစာခံများ အားလုံး ပြန်လည် လွတ်မြောက်လာပြီး အစ္စရေး တပ်များ ဂါဇာ မှ ထွက်ခွာနိုင် ရေး နားချ လိမ့်မည်ဟု မျှော်လင့်နေခဲ့ကြသည်။
ထိုအစား ထရန့်သည် ပါလက်စတိုင်း များအား ဂါဇာကမ်းမြှောင်မှ ထွက်ခွာပြီး ဂျော်ဒန်၊ အီဂျစ်နှင့် အခြား နိုင်ငံများသို့ သွားကြရန် တိုက်တွန်း သိုမဟုတ် အတင်းအကျပ် စီမံမည်ဟု ပြောလာသည်၊ ယင်းကို အကောင်အထည် ဖေါ်ရန် အမေရိကန်တပ်များလည်း ကဏ္ဍာတနေရာ မှ ပါဝင်ကောင်း ပါဝင်နိုင်ဖွယ် ရှိသည်ဟု ဆိုသည်။
ပါလက်စတိုင်းများအား နှင်ထုတ်ပြီးသည်နှင့် ထိုဒေသအား ပြင်ပမှ ငွေကြေး များဖြင့် အရှေ့အလယ်ပိုင်းတွင် အီတလီစကားဖြင့် ရီဗီယား ကမ်းခြေ မြို့လေး ဖြစ်အောင် တည်ဆောက်ပေးသွားမည်ဟု ပြောလာခဲ့သည်။ ပါလက်စတိုင်း အချို့ ပြန်လာကောင်း ပြန်လာ နိုင်သော်လည်း ၎င်းတို့ အနေဖြင့် သာယာ ဝပြောစွာ နေထိုင်နိုင်ခွင့် ရရှိရေး အတွက် ပါလက်စတိုင်း နိုင်ငံ ထူထောင်ပိုင်ခွင့် ဆိုသည်ကို စွန့်လွှတ်ရလိမ့်မည်ဟုလည်း ဆိုသည်။
ထရန့်သည် ၎င်းအရင်က ရရှိထားသော အာဘရာဟမ် သဘောတူညီချက်တွင် ဆော်ဒီ အာရေဗီယား ပါဝင်လာအောင် ကြိုးပမ်းလာဖွယ်ရှိပြီး ထိုမှတဆင့် အမေရိကန်၊ အစ္စရေး နှင့် ဆွန်နီ အာရပ်နိုင်ငံများ စုစည်းပြီး နျူကလီယား ဗုံး ရလုရခင် ဖြစ်လာ နေသော အီရန် ကို ဟန့်တားသွားရန် အထိ ကျယ်ကျယ်ပြန့်ပြန့် ရည်မှန်းထားသည်။
ဂါဇာ နှင့် ပတ်သက်၍ ၎င်းကြံစည်ထားသည်များ ထုတ်မပြောမီ နာရီပိုင်း အလိုတွင် အီရန် ၏ ရေနံ တင်ပို့ နေမှု များ သုံည အထိ ဖြစ်သွားရန် "အစွမ်းကုန် ဖိအား" ပေးမည့် ကမ်ပိန်း အကောင်အထည် ဖေါ်ရန် ပိတ်ဆို့ ဒဏ်ခတ်မည့်အမိန့်များ ထုတ်ပြန်ခဲ့သည်။
ကိုယ်ကျင့် တရားပိုင်းအရ ပြောရလျင် ၎င်း၏ အစီအစဉ်သည် ဂါဇာ အား သိမ်းယူပြီး လူမျိုးရေး သန့်စင်ပစ်ရန် နှင့် ပါလက်စတိုင်း တို့၏ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့် ကို ထည့်သွင်းစဉ်းစားထားခြင်း မရှိဟု ဆိုရမည် ဖြစ်သည်။ ထရန့်၏ အပြောသည် အင်အားသည်သာ အမှန်တရား ဖြစ်သည် ဆိုသော ရုရှား နှင့် တရုတ်တို့၏ ကမ္ဘာအမြင် ကို ထောက်ခံပေးလိုက်သလို ဖြစ်သွားရသည်။
လက်တွေ့ တွင်လည်း အမေရိကန် မဲဆန္ဒရှင်များ က ၎င်းတို့ တပ်များအား စေလွှတ်လိုသည့် အာသီသ ရှိကြမည် မဟုတ်ပေ။ နိုင်ငံတနိုင်ငံကို တည်ဆောက်ပေး ရေး ဆိုသည် တွင်လည်း အမေရိကန် တို့ တွင် အောင်မြင်ခဲ့သော အစဉ်အလာ မရှိခဲ့ဟု ဆိုရမည် ဖြစ်သည်။ ထို့ပြင် ဂါဇာ မှ ပါလက်စတိုင်းများကို လက်ခံဖို့ တောင်းဆိုခံရမည့် အာရပ်နိုင်ငံများ ဖက်ကလည်း အခက်အခဲများ နှင့် ရင်ဆိုင်ကြရဦးမည် ဖြစ်သည်။ ထို နိုင်ငံများ၏ ခေါင်းဆောင်များသည်လည်း လူထု၏ အမျက်ထွက်လာမည့် ဒဏ်ကို ခံကြရမည်ဦး မည် ဖြစ်သည်။
ထို့အတွက် ကြောင့် လည်း နောက်တနေ့မှာပင် အမေရိကန် အရာရှိများက လျော့လျော့ပေါ့ပေါ့ ပြောဆိုလာကြသည်မှာ အံ့ဩစရာ တော့ မဟုတ်ပေ။ ၎င်းတို့က အမေရိကန် တပ်များ သုံးမည်ဟု ကတိပေးခဲ့ခြင်း မဟုတ်၊ ပါလက်စတိုင်းများအား နေရာရွှေ့ခြင်း မှာလည်း ယာယီသာ ဖြစ်သည်ဟု ပြောလာကြသည်။
ထရန့်မှ ဂါဇာအား စစ်ပွဲကြောင့် "ငရဲတွင်း" ကြီးဟု သုံးသပ် ပြောဆိုခဲ့ခြင်းသည် မှန်သည်ဟု ဆိုရပေမည်။ ထိုအနေအထားသည် အစ္စရေး မှ ၎င်းတို့ လုံခြုံရေး အတွက် စိတ်ချလက်ချ မနေနိုင်သေးသရွေ့ ၎င်းပြောသည့် အတိုင်း ဆက်ရှိနေဦးမည်သာ ဖြစ်သည်။ ဂါဇာ တွင်လည်း ဟာမားစ် တို့ ဆက်ရှိနေဦးမည် ဖြစ်ပြီး နှစ်နိုင်ငံ ဖြေရှင်းချက်မျိုး လိုလားနေသည့် ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ သည်လည်း အနောက်ဖက်ကမ်းပါး တွင် ရှိနေဆဲ ဖြစ်သည်။
ထရန့် က ပါလက်စတိုင်း ပြဿနာ နှင့် ပတ်သက်ပြီး အမှားများ ထပ်တလဲလဲ ကျုးလွန်နေ၍ မဖြစ်တော့ဟု ဆိုကာ ဘယ်သူမှ မပြောရဲသည့် စကားမျိုး ပြောလာခြင်းပင် ဖြစ်သည်၊ ပါလက်စတိုင်း လူငယ်များကို အသက်ရှု ပေါက် ရရှိအောင် ဆိုင်းနိုင်း ကျွန်းဆွယ်မှ မြေငှားရမ်းပေးခြင်း၊ သို့မဟုတ်ကလည်း ပင်လယ်ဖက်သို့ မြေများ ချဲ့ပေးခြင်း တခုခု လုပ်ပေးရမည် ဖြစ်သည်ဟု ဆိုသည်။
ဂါဇာရှိ ဒုက္ခသည် ပြဿနာ ကို သက်ဆိုးရှည်စေမည့် အလုပ်မဖြစ် သော ကုလ အေဂျင်စီများ၏ ဖေါ်မြူလာ အဟောင်းကြီးအတိုင်း ဆက်သွား၍ မဖြစ်တော့။ ထိုဖေါ်မြူလာ ကြီးက ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ ပြန်လာဖို့ ပြင်ဆင်ပေးနေခြင်းမျိုး ဖြစ်သည်၊ ထိုအတိုင်း ဆက်သွားမည် ဆိုက ဟာမားစ် တို့ ကြီးထွားလာပြီး လက်နက် ပြန်တပ်ဆင် နိုင်အောင် ဖန်တီးပေးသလို သာ ရှိပေလိမ့်မည်။
ငြိမ်းချမ်းရေး သို့ ဦးတည်နိုင်မည့် လမ်းကြောင်းက ကျဉ်းမြောင်းနေသည်။ ငြိမ်းချမ်းရေး ရရှိဖိူ့ ဟာမားစ် ခေါင်းဆောင်ပိုင်းအား အသွင်ပြောင်းပစ်ခြင်း သို့မဟုတ် ရာထူးများမှ ဆင်းသွားအောင် လုပ်ပြီး ၎င်းတို့ နေရာတွင် အာရပ်နိုင်ငံများ နှင့် ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ ဦးဆောင်ပြီး အနောက် နှင့် ပင်လယ်ကွေ့ နိုင်ငံများ၏ ငွေကြေး အကူအညီ ဖြင့် ငြိမ်ဝပ်ပိပြားရေး ကို ပြန်လည် တည်ဆောက်ရမည် ဖြစ်သည်။ တပြိုင်တည်းလိုလို မှာပင် အစ္စရေး နှင့် ပါလက်စတိုင်း နှစ်နိုင်ငံ တည်ရှိရေး ကို ဆွေးနွေးခြင်း ဖြင့် ဒေသတွင်း မဟာမိတ် များ ရရှိလာနိုင်ပြီး ထရန့်၏ အိမ်မက်များ အတွက် အပေးအယူ လုပ်၍ ရလာနိုင်သည်။
အရှေ့အလယ်ပိုင်း ပြဿနာ ကို အတွေးအခေါ် အသစ်များ နှင့် ချည်းကပ်နိုင်မှ ဖြစ်ပေမည်၊ ယခင် ပြောရိုးပြောစဉ် လမ်းရိုးကြီး အတိုင်း သွားနေက လက်တွေ့မကျတော့ဘဲ ကျင့်ဝတ်နှင့်လည်း မညီ တော့။
ယခုလို အချိန်တွင် ထရန့် ၏ အပြောကြောင့် အမေရိကန် အပေါ် ယုံကြည်မှု ကျဆင်းစေယုံမက အရှေ့အလယ်ပိုင်းတွင် ကသောင်းကနင်း ဖြစ်လာပြီး အကြမ်းဖက်သမားများ အင်အား ကြီးထွားလာအောင် လုပ်ပေးသလို ဖြစ်သွားပေမည်။
အမေရိကန် သည် ဂါဇာ ရှိ ပါလက်စတိုင်း များကို ဂရုစိုက် ခြင်း မရှိဟု ဟာမားစ် တို့ ဖက်က ပြောလာပြီး အစ္စရေးရှိ လက်ယာ အစွန်းရောက်များက လည်း ပါလက်စတိုင်း များကို နှင်ထုတ်ပြီး ရွှေပြောင်း အခြေချ နိုင်မည့် အိမ်မက်များ မက်နေကြဆဲပင် ဖြစ်သည်။
ထရန့်သည်လည်း အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေး ရရှိအောင် လိုအပ်နေသည့် မဟာမိတ်များ နှင့် အလှမ်းဝေးသည်ထက် ဝေးအောင် လုပ်သလို ဖြစ်နေသည်။
သို့သော် ထရန့် အနေဖြင့် ဂါဇာမှ ပါလက်စတိုင်းများကို နှင်ထုတ်မည်ဟု ခြိမ်းခြောက်ခြင်းဖြင့် ဆော်ဒီ အာရေးဗီယား မှ အစ္စရေး ကို အသိအမှတ် ပြုလာအောင် လုပ်နိုင်မည်ဟု မျှော်လင့်နေပုံရသည်။ ပို၍ ဖြစ်နိုင်သည်က ဆော်ဒီ သည် ထိုပုံစံမျိုး နှင့် တော့ အလျော့ပေး ပြီး အပေးအယူ လုပ်လာဖွယ် မရှိ ဆိုခြင်း ပင် ဖြစ်သည်။
(၂၀၂၅ ဖေဖေါ်ဝါရီ ၆ ရက် အီကောနော်မစ် မဂ္ဂဇင်း တွင် ပါရှိသော "America’s scheme for Gaza contains much to regret" ဆောင်းပါးကို ပြန်လည် တင်ပြသည်။)