သိထားသင့်သည့် ထိုင်း သုတေသီ တဦး၏ သုံးသပ်ချက်

by Hla Soewai - Feb 10 2025

မြန်မာ ပြည်တွင်းစစ်သည် လေးနှစ် ကျော်လာခဲ့သော်လည်း ကမ္ဘာ၏ စိတ်ဝင်စားမှု သည် ဆက်၍ လျော့နည်းနေဆဲပင် ဖြစ်သည်။ အဓိက အားဖြင့် အင်အားကြီး နိုင်ငံများ အကြား ဘူမိ မဟာဗျူဟာ ကို ပြန်လည် ထိန်းညှိလာခဲ့မှု ကြောင့် ဖြစ်သည် ဟု ဘန်ကောက် ရှိ ချူလာလောင်ကွန်း တက္ကသိုလ် လုံခြုံရေး နှင့် နိုင်ငံတကာ လေ့လာရေး တက္ကသိုလ်မှ အကြီးတန်း သုတေသီ သီတီနန် ပွန်ဆူဒီယတ် မှ ဧရာဝတီ တွငိ ရေးသားထားသည်ကို ထုတ်နှုတ် တင်ပြသွားပါမည်။

 

သမ္မတ ထရန့်၏ ဒုတိယ သက်တမ်းအတွင်း နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲများက အံ့မခန်း ဖြစ်ပေါ်လာခဲ့သည်။ အီးယူသည် ဥရောပကုန်းမြေ ကြီး တွင် ရုရှား၏ ကျူးကျော်မည့် အန္တရာယ်နှင့် အမြဲလို ရင်ဆိုင်နေရပြီး ဂျပန်သည်လည်း ပြည်တွင်း နိုင်ငံ ရေး တင်းမာမှု နှင့် ရွာလည်နေသည်။

 

ထိုသို့သော အနေအထားများကြောင့် မြန်မာပြည်၏ ကံကြမ္မာ နှင့် အနာဂတ်သည် လက်ရှိ ပြည်တွင်းစစ်ကြီး ၏ သွားရာလမ်းကြောင်း နှင့် ရလဒ်များကသာ အဆုံး အဖြတ် ပေးဖို့ ရှိနေသည်။ တရုတ်၏ တိုးလာနေသော ဩဇာ အာဏာ နှင့် အာဆီယံ၏ ဗျူဟာ များသည် ထိုမျှ အထိ အရေးပါလာမည် မဟုတ်ပေ။

 

အမေရိကန် မူဝါဒ ပြောင်းလဲလာမှု ၏ ပွဲဦးထွက် အဖြစ် မြန်မာ ကျောင်းသားများအား ပေးနေသော ပညာသင်ဆု ဒေါ်လာ ၄၅ သန်းကို ရပ်ဆိုင်းပစ်ခဲ့သည်။ မြန်မာ ‌တော်လှန်ရေးသည် အမေရိကန်၏ အကူအညီကို ရလာစရာ အကြောင်းမရှိဟု အချက်ပြလိုက်ခြင်းလည်း ဖြစ်သည်။

 

ထို့အတွက် အာရှ တွင် အမေရိကန် ဦးဆောင်မှု နေရာတွင် ဂျပန် ဝင်ရောက်လာ ဖို့ ဖြစ်လာသော်လည်း ဝန်ကြီးချုပ် ရှီဂီယူ အီရှီဘားသည် ပြည်တွင်းရေးဖက်သာ အာရုံစိုက်နေသူ ဖြစ်သည်။ 

 

မြန်မာ လူထု တော်လှန်ရေးသည် လေးနှစ်ကြာပြီး နောက်တွင် စစ်အာဏာရှင် တို့ အရေးနိမ့်လာနေသည့် အဖြစ်ကို အထင်အရှား တွေ့လာရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် နယ်စပ်ဒေသအားလုံးနီးပါး ကို ထိန်းချုပ် နိုင်ခဲ့ကြပြီ ဖြစ်သည်။ ထိုအထဲတွင် အာရက္ခ တပ်တော်သည် စစ်တပ်ကို အထိရောက်ဆုံး ဒုက္ခပေးနိုင်သည့် အဖွဲ့အဖြစ် ထွက်ပေါ်လာခဲ့သည်။

 

အီးအေအို များ အောင်မြင်လာလေလေ၊ NUG ၏ PDF တပ်များ အဖို့ အမှီလိုက်နိုင်ဖို့ ခက်ခဲလာလေလေ ဖြစ်လာသည်။ လူငယ်များ ဦးဆောင်နေသော PDF တပ်များသည် လေ့ကျင့်မှု နှင့် တိုက်ရည်ခိုက်ရည် တွင် အားကောင်းလာပြီး စစ်တပ်အား ပျောက်ကြားစစ် နှင့် တဖြေးဖြေး လုံးပါး ပါလာအောင် အမှည့်ချွေ နိုင်ခဲ့သော်လည်း အီးအေအိုတို့ကဲ့သို့ ထိုးစစ်ကြီး ဆင်နိုင်သည့် အနေအထား ရောက်မလာသေးပေ။

 

NUG ခေါင်းဆောင်ပိုင်း အနေဖြင့် ၎င်းတို့အား စစ်ဆင်ရေး ကွပ်ကဲမှု တခုတည်း အောက် တွင် စုစည်းရမည့် တာဝန်ကို အကောင်အထည် မဖေါ်နိုင် ဖြစ်နေသည်။ ၎င်းတို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် ခေတ်ကောင်းစဉ်ကတည်းက ရှိခဲ့သော မျိုးဆက်ဟောင်းကြီးများ ဖြစ် နေသည်။ ထို့အတွက် အင်တိုက် အား တိုက် လုပ်နိုင်ရန် ဦးဆောင်မှု အပိုင်း အပြောင်းအလဲ လုပ်ဖို့ အရေးတကြီး လိုအပ်လာ နေသည်။

 

တရုတ်သည် ညီနောင် သုံးဖေါ် အဖွဲ့ အသာစီး ရလာနေသော နယ်နမိတ် ထိစပ်နေ ကချင် နှင့် ရှမ်းဒေသများတွင် ၎င်းတို့ အကျိုးစီးပွားကို ကောင်းစွာ တည်ဆောက်လာနိုင်သော်လည်း အလှမ်းဝေးနေသည့် ထိုင်း နှင့် အိန္ဒိယ နယ်စပ်များ ဖက်တွင် ထင်တိုင်း မပေါက် ဖြစ်နေသည်။

 

ထို့အတွက် ၎င်းတို့ ဩဇာစက်ဝှမ်း ပြင်ပတွင် စစ်ကောင်စီသည် နယ်မြေများ ပို၍ လက်လွှတ်လာရပြီး ကိုယ်မင်း ကိုယ်ချင်း ဖြစ်လာမည့် အရေးသည် ၎င်းတို့ လုံခြုံရေးအတွက် စိုးရိမ်စရာ ဖြစ်လာသည်။ 

 

နိုင်ငံရေး အရ တည်ငြိမ်သယောင် ရုပ်ပြ နိုင်ရန် နိုင်ငံတကာ၏ အသိအမှတ်ပြု မခံရမှန်း သိသိကြီး နှင့် တရုတ်သည် ရွေးကောက်ပွဲ လုပ်ဖြစ်သည်ကို မြင်ချင်လာသည်။ စစ်ကောင်စီလည်း လုပ်ပေးရတော့မည် ဆိုကာ မဖြစ်ဖြစ်အောင် လုပ်ဖို့ အားသွန်လာသည်။

 

ပြဿနာ ရှိလာသည်က ရွေးကောက်ပွဲ အတွင်း နှင့် အပြီးတွင် မင်းအောင်လှိုင် အဖို့ မည်သည့်နေရာက ရပ်တည်သွားမလဲ ဆိုသည်ပင် ဖြစ်သည်။၊ ယခု လို ၎င်းတယောက်တည်း၏ ဆုံးဖြတ်ချက် ဖြင့် တနိုင်ငံလုံး ကပ်ဆိုး ဆိုက်သွားခဲ့သည်ကို ကြည့်၍ တရုတ်ဖက်ကတော့ မင်းအောင်လှိုင် မရှိသည်ကို လိုလားနေသည်။ လက်ရှိတွင်တော့ ၎င်းသည် စစ်ကောင်စီ ကို ထိန်းချုပ် နိုင်နေဆဲ ဖြစ်ပုံရသည်။

 

မလေးရှား ဝန်ကြီးချုပ်သည် ပြည်တွင်း တွင် ပြန်လည် ရွေးချယ်ခံရရေး နှင့် ပြည်ပတွင် ၎င်းအား အမြှော်အမြင်ရှိသော နိုင်ငံရေး ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုလာရန် မြန်မာတွင် ပိုနေမြဲ ကျားနေမြဲ ဖြစ်နေမှု ကို ပြောင်းပြစ်ချင်လာသည်။ အာဆီယံ မှ မည်သို့မှ တိုးတက်လာအောင် မလုပ်နိုင် ဖြစ်နေမှု မှ ဖောက်ထွက်နိုင်မှု အဖြစ် ရွေးကောက်ပွဲ ဗန်းပြရန် ရှူမြင်လာသည်၊ ပြီးခဲ့သည့် လ အတွင်း ဘန်ကောက်တွင် ပြုလုပ်ခဲ့သည့် ဝန်ကြီး အဆင့် အစည်းအဝေး တွင် ထိုသဘောထားကို တွေ့လာရသည်။

 

ရွေးကောက်ပွဲ လုပ်မည်ကို မြန်မာ ပြည်သူ အများစု ၏ ထောက်ခံမှု ရထားသော NUG က ရွံရှာ ဆန့်ကျင်နေသည်ကို အာဆီယံ ဥက္ကဌ အနေဖြင့် သတိမူရမည် ဖြစ်သည်။ မင်းအောင်လှိုင် နှင့် ၂၀၁၃ ဧပြီလ အတွင်း ရေသဘင်ပွဲ အတူ ဆင်နွှဲခဲ့သော အာဆီယံ ဥက္ကဌ ၏ အကြံပေး ခန့်ထားသူ သာစင် သည် ရွေးကောက်ပွဲ ဖြင့် မင်းအောင်လှိုင်အား ဖယ်ရှားပြီး အဆုံးတွင် ဘေးကင်းစွာ ထွက်ခွာသွားနိုင်ရေး အတွက် အသုံးတည့်မည်ဟု နည်းလမ်းဟု ယူဆကာ ကြိုးပမ်းပေးနေသည်။

 

သို့သော် တော်လှန်ရေး တပ်ပေါင်းစု က လက်ခံနိုင်မည့် အပြောင်းအလဲ ဖြစ်မလာနိုင်လျင် ဒေသတွင်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး မြှင့်တင်မည့် အာဆီယံ၏ အဓိက အခန်းကဏ္ဍ သည် ဝန်ပိ ခံထားရသလို ဖြစ်လာပေမည်။

 

လက်ရှိ အနေအထားများအရ ဆိုက မြန်မာ အခြေအနေသည် ယခုနှစ် တွင် ထင်သာမြင်သာအဆုံးသတ် နိုင်မည့် အလားအလာ များ တွေ့နေရပြီ ဖြစ်သည်။

 

ထိုင်းအစိုးရ မှ မြန်မာဖက်ခြမ်းရှိ ဒေသ အချို့ကို လျပ်စစ် ဓါတ်အား ဖြတ်တောက်ပစ်တော့မည်ဟု ဒုတိယ ဝန်ကြီးချုပ်မှ သတင်းထောက်များကို အတည်ပြု ပြောကြားလိုက်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!