ကသောင်းကနင်း ဖြစ်လာနေသော မြဝတီ နှင့် ထိုင်းမှ လောင်စာဆီ တင်ပို့မှု ပါ ဖြတ်တောက်ရန် ရှိ

by Hla Soewai - Feb 10 2025

ထိုင်း အစိုးရမှ ဖေဖေါ်ဝါရီ ၅ ရက်နေ့တွင် မြဝတီ သို့ ဝန်ဆောင်မှု ပေးနေသော လျပ်စစ်၊ အင်တာနက် နှင့် လောင်စာဆီ များ ဖြတ်တောက်ပစ်လိုက်ခြင်း ကြောင့် မြဝတီ ဒေသခံများ အခက်အခဲ ပေါင်း များစွာ နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။

 

ထိုင်း အစိုးရ မှ မင်းအောင်လှိုင် အဖွဲ့ကဲ့သို့ မဟုတ်ဘဲ နိုင်ငံ ဂုဏ်သိက္ခာ ကို အရေးထားသူများ ဖြစ်၍ ကြီးထွားလာ‌ နေသော ကျားဖြန်ဂိုဏ်းများ ကြောင့် နိုင်ငံတကာ မှ အာရုံစိုက်လာယုံမျှ မက ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများပါ ထိုးကျသွားခြင်း ကြောင့် ထိုင်း ဝန်ကြီးချုပ်၏ တရုတ်ပြည် ခရီးစဉ် မတိုင်မီ ပြတ်ပြတ်သားသား လုပ်လိုက်ခြင်းပင် ဖြစ်သည်။

 

ထို့အတွက် မြဝတီသာမက၊ တာချီလိတ် နှင့် ဘုရားသုံးဆူ ပါ ထိခိုက်သွားရပြီ ဖြစ်သည်။ ထို့ဒေသများရှိ ပုံမှန် စီးပွားရေး လုပ်ကိုင်နေသူများ၊ ဆေးရုံများ နှင့် ဒေသခံများပါ မကျန် ကသောင်းကနင်း ဖြစ်ကုန်ကြသည်။

 

လက်ကျန်ဆီများ အလုအယက် ဝယ်ယူ နိုင်ရန် ဓါတ်ဆီဆိုင်များ တွင် ကားတန်းရှည်ကြီး ဖြစ်လာနေသည်။ ဆီဆိုင် ၂၀ ခန့်လည်း ပိတ်ကုန်ကြသည်ဟု စင်္ကာပူ စထရိတ်တိုင်းမ် သတင်းစာ တွင် ရေးသားထားသည်။ မဲဆောက်နှင့် ဆက်ထားသော ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကို ဖွင့်မြဲ အတိုင်း ဖွင့်ထားသည်ဟု ဆိုသည်။

 

သို့သော် ထိုင်းဖက်မှ ကုန်ကား သမားများက မြန်မာဖက်တွင် မီး နှင့် လောင်စာဆီများ ဖြတ်တောက်ခံရ၍ ဝင်မလာကြတော့ဟု သိရသည်။

 

ထိုသို့ တနှစ်လျှင် ဒေါ်လာ ၄ ဘီလီယံ ခန့် ပမာဏ ရှိနေသည့် ကုန်သွယ်ရေး ရပ်ဆိုင်း မတတ် ဖြစ်သွားမှု ကို စောချစ်သူ ၏ BGF မှ မည်သို့မျှ အကာအကွယ် မပေးနိုင်မှု အပေါ် မြဝတီ မြို့ခံများက မကျေမနပ် ဖြစ်နေသည် ဟု သတင်းတွင် ဖေါ်ပြထားသည်။ သို့သော် ကျားဖြန့်ဂိုဏ်းများကို မူ အကာအကွယ် ပေးနေကြသည်ဟု ဆိုသည်။

 

မြဝတီ စီးပွားရေး လုပ်ငန်းရှင်များက အခြေ အနေသက်သာလို သက်သာငြား တပ်ခ် ပြည်နယ် ကုန်သည်ကြီးများ အဖွဲ့ နှင့် တွေ့ဆုံ ‌ဆွေးနွေးရန် ပြောဆိုလာကြသည်။

 

ကျားဖြန့် အဖွဲ့များသည် ကိုယ်ပိုင် မီးစက်များ၊ ‌ဆိုလာပြားများ၊ စတားလင့်ခ် အင်တာနက် တို့ ရှိနေ၍ မထောင်းသာ လှသော်လည်း သာမန် ပြည်သူများကတော့ ထိခိုက်နစ်နာသွားရပြီ ဖြစ်သည်။

 

တရုတ် သမ္မတ ရှီကျင့်ပင့် မှ ဘီဂျင်းသို့ ရောက်ရှိလာသော ထိုင်း ဝန်ကြီးချုပ် ပေထုန်တန် အား ကော်ဇော်နီ ခင်း၍ ကြိုဆိုခဲ့သည့် အပြင် ယခုလို အွန်လိုင်း ငွေလိမ်ဂိုဏ်းများအား ပြတ်ပြတ်သားသား အရေးယူခဲ့မှု အပေါ် ကျေးဇူး ဥပကာရ တင်ရှိကြောင်း ပြောဆိုခဲ့သည်။

 

မင်းအောင်လှိုင်သည် ၎င်းဖက်က တရုတ် လိုလားသမျှ ရွေးကောက်ပွဲ ပါ မကျန် လုပ်ပေးမည်ဟု ကတိကဝတ် များစွာ ပေးခဲ့သော်လည်း ကော်ဇောနီ ကို အသာထားဘိဦး ယခုထိ ဘီဂျင်းသို့ပင် ချေခြခွင့် မရရှာသေးပေ။

 

ထိုင်းရှိ PTT Oil and Retail Business (OR) မှ သန့်စင်ပြီးသား ‌လောင်စာဆီ များ မြန်မာပြည်သို့ တင်ပို့နေမှု ပါ ရပ်ဆိုင်းပစ်ရန် ပြင်ဆင်နေသည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖေါ်ပြထားသည်။ ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ ၏ ထုတ်ပြန်လာမည့် အမိန့်ကို စောင့်နေသည်ဟု ဆိုသည်။

 

ထိုင်းသည် မြဝတီ၊ မြိတ်၊ တာချီလိတ် နှင့် ကော့သောင် မြို့များသို့ လစဉ် ဓါတ်ဆီ နှင့် ဒီဇယ်ဆီ လီတာ ၁၅ သန်း မှ သန်း ၂၀ ထိ တင်ပို့နေသည်။

 

မြန်မာ စစ်ကောင်စီ သတင်းစာ မှ ကျားဖြန့်အကြောင်း ရှားရှားပါးပါး ရေးသား ဖေါ်ပြခဲ့ရာတွင် လျပ်စစ်ဓါတ်အား နှင့် အင်တာနက်ကို အခြား နိုင်ငံ များ (ဆိုလိုသည်မှာ ထိုင်း) မှ ရရှိနေသည်ဟု ပါရှိလာသည်။

 

စောချစ်သူ အဖွဲ့မှ ၎င်းတို့ ရပ်တည်ပိုင်ခွင့်ကိုပါ ခြိမ်းခြောက်လာနေပြီ ဖြစ်၍ အာဏာသိမ်းပြီး နောက်ပိုင်း မှိုလို ပေါက်လာ‌ နေသော ၎င်းတို့ ထိန်းချုပ်နယ်မြေ များရှိ ကျားဖြန့်ဂိုဏ်းများကို နှိမ်နှင်းတော့မည် ပြောလာခဲ့ပြီး လူကုန်ကူးခံရသူ ၆၁ ဦး အား လည်း ထိုင်း အာဏာပိုင်များထံ လွှဲပြောင်းပေးလာခဲ့သည်။

 

၂၀၂၄ မေလ တွင် Justice for Myanmar အဖွဲ့မှ ကျားဖြန့်ဂိုဏ်းများ၊ တရားမဝင် ကာဆီနို များ နှင့် လောင်းကစားဝိုင်းများ တွင် ၎င်းတို့ ပါဝင်ပတ်သက် နေသည် ဟု အစီရင်ခံစာ ထုတ်ပြန်ထားသည်။

 

စောချစ်သူ ၏ မိသားစုသည် BGF စီးပွားရေး လုပ်ငန်း ခြောက်ခု ကို ထိန်းချုပ်ထားပြီး ကျားဖြန့်ဟု ဆိုကာ နာမည် ဆိုး နှင့် ကျော်ကြားနေသော အပိုလို နှင့် ယူလောင်ဘေး ပတ်ခ် များ တွင်လည်း ရှယ်ယာများ ပါဝင်နေသည်ဟု ပါရှိသည်။

 

ရွှေကုက္ကူ မှ နှစ်စဉ် ရရှိနေသော ဒေါ်လာ ၁၉၂ သန်း မှ ၅၀ ရာနှုန်းကို မြန်မာ စစ်တပ်အား ပေးရသည်ဟုလည်း ဆိုသည်။

 

BGF မှ မူ မြေငှားထားခြင်းသာ ဖြစ်သည်ဆိုကာ ၎င်းတို့ ပါဝင် ပတ်သက်မှု ကို ငြင်းဆိုထားသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!