ထရန့် အစိုးရ မှ မြန်မာ သည် အမေရိကန် နိုင်ငံ လုံခြုံရေး နှင့် နိုင်ငံခြား ရေး မူဝါဒ အတွက် ပုံမှန် ဟု ယူဆ၍ မရသည့် အနေအထား မျိုးနှင့် ခြိမ်းခြောက်ခံနေရသည့် ဟု ဆိုကာ ကြေညာထားသည့် အရေးပေါ် အခြေ အနေကို နောက်ထပ် တနှစ် သက်တမ်း ထပ်တိုးလိုက်ပြီ ဖြစ်သည်။
ယင်းအား မင်းအောင်လှိုင် ဘဝ ကံဆိုးမိုးမှောင် ကျသွားစေခဲ့သည့် အာဏာသိမ်းမှု အပြီး ဆယ်ရက် အကြာ သမ္မတ ဂျိုး ဘိုင်ဒင် မှ အမေရိကန် အတွက် အရေး ပေါ် အ ခြေ အနေ ဖြစ်လာသည် သမ္မတ အမိန့် ဖြင့် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် မှ မြန်မာ အပေါ် ထားရှိသည့် အမေရိကန်၏ သဘောထားနှင့် ပတ်သက်၍ ပါတီကြီး နှစ်ပါတီ ဖြစ်သော ဒီမိုကရက် နှင့် ရီပတ်ဘလီကင် တို့ ခံယူချက် အတူတူ ပင် ဖြစ်၍ ထရန့် လက်ထက်တွင် သိသိသာသာ ပြောင်းလဲ လာဖွယ် ရှိမည် မဟုတ်ဟု ဧရာဝတီသို့ ပြောပြခဲ့သည်။ ယခု သမ္မတ အမိန့် ၁၄၀၁၄ ဖြင့် ထင်ရှားလာခဲ့သည်ဟု ဆိုသည်။
မြန်မာ နိုင်ငံသားများ အား ယာယီ စောင့်ရှောက်မှု ပေးထားသည့် Temporary Protected Status (TPS) သည် လာမည့် နိုဝင်ဘာ ၂၅ အထိ အကျုံးဝင်နေဆဲ ဖြစ်သည်။
သို့သော်လည်း အီလွန် မတ်စ်၏ အမေရိကန် အစိုးရ အင်စတီကျုးရှင်း များ မြေလှန်နေသည့် ကမ်းပိန်းတွင် သားကောင် ဖြစ်သွားရသည့် အမေရိကန် ပြည်ပ အကူအညီ ပေးရေး ဌာန USAID ၏ မြန်မာ၏ လူအခွင့် အရေး၊ ဒီမိုကရေစီ အရေး၊ သတင်း လွတ်လပ်ခွင့် များ အတွက် နောက်ထပ် သုံးနှစ် အတွက် ပေးနေသည့် ဒေါ်လာ ၃၉ သန်း ကို ရပ်ဆိုင်း ခံလိုက်ရပြီ ဖြစ်သည်။ အလားတူ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု များ အတွက်လည်း အကူအညီများ ဖြတ်တောက် ခံခဲ့ရသည်။
ရွေးကောက်ပွဲ
နိုင်ငံတကာရှိ ရွေးကောက်ပွဲ များ စောင့်ကြည့် လေ့လာရေး အဖွဲ့များက မြန်မာ စစ်အာဏာသိမ်း သမား များ၏ စီစဉ်ထားသော "တရားမဝင်" ရွေးကောက်ပွဲ အား မည်သို့သော ပုံစံမျိုး နှင့် မျှ ထောက်ခံခြင်း မပြုလုပ်ကြရန် တိုက်တွန်းထားသည့် ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ကြသည်။
ဤသည်ကပင် နိုင်ငံတကာ ရှိ ရွေးကောက်ပွဲများကို စောင့်ကြည့်ပေး လေ့ ရှိသည့် အဖွဲ့အစည်းများက ၎င်းတို့၏ ရွေးကောက်ပွဲကို မူ ယုံကြည်စရာ မရှိ၊ ဒီမိုကရေစီ အတွက်မဟုတ်ပဲ စစ်အုပ်ချုပ်ရေး သက်ဆိုး ရှည်ရန် ဖြစ်၍ အချိန်ဖြုန်းချင်း သက်သက်ဆိုကာ စု ပေါင်း စပ်ပေါင်း ပယ်ချလိုက်ခြင်းပင် ဖြစ်သည်။
လက်ရှိ အနေအထား အရ နိုင်ငံတကာ အ ဆင့် အတန်း နှင့် လည်းမညီ၊ မည်သို့မျှ အစစ်အမှန် ရွေးကောက်ပွဲမျိုး ထွက်မလာနိုင်ဟုလည်း သုံးသပ်ခဲ့ကြသည်။ ထို့ပြင် နိုင်ငံတွင်း အကွဲအပြဲများ၊ အကြမ်းဖက်မှု များ အပြင် လက်ရှိ စစ်အုပ်ချုပ်ရေးကို ဆွဲဆန့် ပေးခြင်းဖြင့် အကျပ်အတည်းကို နက်ရှိုင်းသည်ထက် နက်ရှိုင်းလာမည့် အခြေအနေများ ဖြစ်ပေါ်လာအောင် တွန်းပို့ပေးခြင်းမျိုးသာ ဖြစ်နေသဖြင့် နိုင်ငံတကာ အနေဖြင့် ထောက်ခံ ပံ့ပိုး ခြင်း မလုပ်မိကြဖို့ တိုက်တွန်းလာခဲ့သည်။
မင်းအောင်လှိုင်၏ ရွေးကောက်ပွဲ ကား ငွေကုန်၊ လူကုန် ဖြစ်လာပေတော့မည်။
၎င်းသည် တရုတ်၏ ပံ့ပိုးမှုများ ရလာသည့် အပြင် ယခုထိ တပ်သားသစ် ၃၀,၀၀၀ ခန့် စုဆောင်းနိုင်ခဲ့ပြီး ဖြစ်သော်လည်း အောင်ပွဲ ဟူ၍ မည်မည်ရရ မတွေ့ရသေးပေ။
ကရင်နီ ပြည်နယ်ရှိ မိုးဗြဲ ကို သိမ်းယူနိုင်ရန် နှစ်လ နီးပါး လေကြောင်းပစ်ကူ များ နှင့် ထိုးစစ်ဆင်လာခဲ့သော်လည်း ယခုထိ သိမ်းယူ နိုင်ခြင်း မရှိသေးပဲ အကျ အဆုံး က များသည်ထက် များလာနေသည်ဟု သိရသည်။
မင်းအောင်လှိုင် အဖို့က လက်အောက်ငယ်သား များကို သေဆိုသေ ရှင်ဆိုရှင် သဘောထားနိုင်၍ ဂရုစိုက်စရာ မလိုသော်လည်း ၎င်းအနေဖြင့် နိုင်ငံ တည်ငြိမ်မှု ရှိအောင် ထိန်းချုပ် နိုင်စွမ်း ရှိပါမည်လောဟူသော နဂါးမျက်စောင်းကို ထိတ်လန့်နေရသည်။
ဒေါ်နယ် ထရန့် ၏ အရေးပေါ် အခြေအနေသည် ၎င်းအတွက် မှုစရာ မလိုဟု ယူဆထား၍ ရသော်လည်း နဂါးကြီး၏ မျက်စောင်းသည်ကား အကြောင်းသုံးပါး ရွေးနေမည် မဟုတ်သည်ကို သိထား၍လည်း ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!