တရုတ် မှ မင်းအောင်လှိုင်အား အသက်ကယ် ဘောကွင်း ပစ်ပေးထားခဲ့ပြီ ဖြစ်၍ ရလဒ် တွေ ထွက်ပေါ်လာအောင် ကြိူးစားပြဖို့ လိုအပ်လာပြီ ဆိုသည့် ဖိအားတွေ များလာနေပြီ ဖြစ်သည်။ သို့သော် ၎င်း ကြံ ရွယ်ထားသည့် ရွေးကောက်ပွဲသည် တနေ့တခြား ဖြစ်နိုင်ခြေ နည်း နည်း လာနေပြီ ဟု အစချီကာ Frontier Myanmar ၏ အယ်ဒီတာ အာဘော်တွင် "Myanmar’s junta chief is running out of road" ဟု ခေါင်းစဉ် ဖြင့် သုံးသပ်ထားသည်။
မင်းအောင်လှိုင်၏ အုပ်ချုပ်ရေးသည် ဟိုကွေ့ ဒီတက်နှင့် လှော်၊ ဒီကွေ့ ဟိုတက်နှင့် လှော် ဆိုသည့် ကြုံရာကျပမ်း ပုံစံမျိုး ဖြစ်နေသည်။ အာဏာသိမ်းသည့် နေ့မှာပင် ရွေးကောက်ပွဲကို တနှစ် အတွင်း လုပ်ပေးမည်ဟု ဆိုကာ ၎င်း၏ အဖွဲ့အားလည်း "အိမ်စောင့် အစိုးရ'" ပုံ မျိုး ပြောဆိုလာခဲ့သည်။ သို့သော်လည်း တနှစ် ဆိုသည်က လေးနှစ်တိုင် လာခဲ့ပြီး အချိန် ပိုရရန် ကစားလာရသည်။
စစ်တပ် ဦးဆောင် ရေးဆွဲထားသည့် ဖွဲ့စည်းပုံတွင် ပါ စကားလုံးကို လိုသလို လှည့်ဖျားပြီး အရေးပေါ် အခြေ အနေ ခြောက်လ ဆိုသည်ကို တိုးပြီးရင်း တိုးလာနေ၍ လူ ရီစရာ ဖြစ်လာသည် နှင့် အမျှ ၎င်းတို့ အုပ်ချုပ်နေမှု သည် ဥပဒေ နှင့် အကျုံး ဝင်မှု ကင်းမဲ့လာခဲ့ရသည်။ လူထု ၏ ထောက်ပံ့မှု၊ မိမိတို့ စိတ်ဆန္ဒအရင်းခံ ပြီး တော်လှန်လာမှုသည် စစ်ပွဲ ဆင်နွှဲရန် လိုအပ်သော အရင်းအမြစ်များ ချို့တဲ့နေ၍ အချိန်သည် ၎င်းဖက်တွင် ရှိနေသည်ဟု ယူဆထားသူ ဖြစ်သည်။
သို့သော်လည်း ငါးနှစ်ထဲ ရောက်လာသည် နှင့် အမျှ ၎င်းတို့ဖက်တွင် ယခင်ကလို မဟုတ် တော့ ဘဲနယ်မြေများ၊ ဘဏ္ဍာရေး နှင့် အရင်းအမြစ်များက လျော့နည်းသည်ထက် လျော့နည်း လိုက်လာနေပြီ ဖြစ်သည်။
ပြီးခဲ့သည့် နှစ် အတွင်း စစ်တိုင်းဌာနချုပ် နှစ်ခု လက်လွှတ် ဆုံးရှံးခဲ့ရပြီး တရုတ် နှင့် နယ်နမိတ် ထိစပ်နေသော ရှမ်း၊ ကချင် ပြည်နယ် နှင့် ဘင်္ဂလား ပင်လယ် အော် နှင့် ထိစပ်နေ သော ရခိုင်ပြည်နယ် အတွင်းရှိ နယ်မြေ အမြောက်အမြား လက်လွှတ်ခဲ့ရသည်။ ယင်း နှင့် အတူ ၎င်းတို့ကို ဆယ်စုနှစ်ပေါင်း များစွာ ဘဏ္ဍာရေး အရ ထောက်ပံ့ပေးလာခဲ့သည့် သတ္တုတွင်းများ၊ သစ်တောများ၊ အခြား အရင်းအမြစ်များ ပါ ဆုံးရှုံးသွားခဲ့ရသည်။
ထို့အပြင် စစ်တပ်၏ နိုင်ငံခြား ငွေ ရရာ ရကြောင်းရတနာ ကမ်းလွန်တွင်း များသည်လည်း ဓါတ်ငွေ့များ ယခင်ကလို မထွက်တော့၊ စွမ်းအင် ကဏ္ဍ တွင်နောက်ထပ် ပြည်ပမှ ရင်းနှီး မြုပ်နှံမှု များ ရရှိလာအောင် ကြိုးပမ်းမှု များလည်း အောင်မြင် မလာခဲ့၊ ထို့အတွက်ကြောင့်လည်း တနိုင်ငံလုဲး မှောင်အတိ ကျသွားခဲ့ရခြင်းလည်း ဖြစ်သည်။ စစ်ခေါင်းဆောင်များ အာဏာရနေသရွေ့ ထိုအဖြစ်မှ လွတ်မြောက်နိုင်စရာ လမ်းမရှိပေ။
သို့သော် မင်းအောင်လှိုင် အတွက် စိတ်အား တက်ကြွစရာ များ ရှိလာနေသည်။ တရုတ်ဖက်က အွန်လိုင်း ငွေလိမ် ဂိုဏ်းများ ကြောင့် ၎င်းအပေါ် အလိုမကျ ဖြစ်နေမှု ကို လပေါင်း များစွာ ခံခဲ့ရပြီး နောက် ဩဂုတ်လ ထဲ တွင် အသက်ကယ် ဘောကွင်း ပစ်ပေးလာသည် နှင့် ကြုံလာခဲ့ရသည်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ လားရှိူး ကို MNDAA က သိမ်းယူ နိုင်လိုက်သည်ကို ကြည့်ပြီး ဘီဂျင်းသည် စိုးရိမ် မကင်း ဖြစ်လာခဲ့သည်။ ၎င်းတို့ ရှေ့လျောက် အသက်ဆက် နိုင်ပါ တော့ မလား ဟု သံသယ လည်း ဝင်လာခဲ့သည်။ မင်းအောင်လှိုင် အပေါ် သဘောကျသူဟူ၍ ဘီဂျင်းတွင် မရှိသလောက် ဖြစ်လာသော်လည်း ၎င်းတို့သည် ဘီဂျင်း ဆက်ဆံလိုသည့် အစိုးရမျိုး ဖြစ်နေသည်။
၎င်းတို့နှင့် ပြိုင်ဖက် အမျိုးသား ညီညွတ်ရေး အစိုးရသည် ပြည်ပတွင် စာနာ ထောက်ထားမှု များ ရနေသော်လည်း ထို့ထက်ပို၍ ထိုးဖေါက်နိုင်ဖို့ အခက်အခဲများ ရှိလာနေသည်။ အဝေးရောက် ပုံစံသာ လှုပ်ရှားနေရချိန်တွင် စစ်ခေါင်းဆောင်များသည် နေပြည်တော်တွင် အခြေတကျ ရှိနေသည်။ အနောက်နိုင်ငံ များ အဖို့ ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ဂွမ် ဂိုင်ဒို ၏ မအောင်မြင်သော အဝေးရောက် အစိုးရ မျိုး သာသာ ရှုမြင်လာကြသည်။ ပိုင်ဆိုင်မှု သည်သာ ဥပဒေတွင် ဆယ်ပုံ ပုံလျင် ကိုးပုံ အ လေး သာ သည်ဟု ရှုမြင်ထားသော ကမ္ဘာကြီး ဖြစ်နေ၍ အပြည်ပြည်ဆိုင်ရာ တွင် တရားဝင် အောင် ကြိုးပမ်းမှု သည် ထိရောက်မှု ရှိမည် မဟုတ်ပေ။
သို့သော်လည်း NUG မှ နိုင်ငံတကာ တွင် အတိုင်းအတာ တခုထိ ထိုးဖေါက်လာနိုင်မှု ကို ကြည့်ပြီး မြန်မာ အား ၎င်းတို့၏ နောက်ဖေးခြံ ဟု ရှုမြင်ထား သော ဘီဂျင်း က လိုလိုလားလား မရှိ ဖြစ်လာသည်။ မကောင်းဆိုးဝါး ချင်း အတူတူ ၎င်းတို့ အကြောင်း သိသော မင်းအောင်လှိုင် နှင့် ဆက်ဆံမှ ဖြစ်မည်ဟု ယူဆလာသည်။ ထို့အတွက် နယ်ခြား ကုန်သွယ် ရေး ပိတ်ဆို့ခြင်း၊ စစ်တပ်အား လက်နက်များ တိုး၍ ပံပိုး ပေးခြင်းဖြင့် ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့အား အပြင်းအထန် တုပ်နှောင် ထိန်းချုပ်လာခဲ့သည်။
တရုတ်၏ လုပ်ရပ်သည် စစ်မြေပြင် အနေအထားကို ပြောင်းလဲ သွားစေခဲ့သည်။ ဩဂုတ် လ အတွင်း မန္တလေး သို့ ချီတက်ရန် ဟန်ရေး ပြင်နေသော ညီနောင်သုံးဖေါ် အဖွဲ့သည် ပြီးခဲ့သည့် လ များ အတွင်း ဘီဂျင်း အလိုကျ စစ်တပ်အား ငြိမ်းချမ်းရေး ကမ်းလှမ်းလာခဲ့ရသည်။ MNDAA သည် အပစ်အခတ် ရပ်စဲပေးရေး သဘောတူခဲ့ရပြီး အချို့ သတင်း ရပ်ကွက်များ အဆိုအရ လားရှိုး မှပင် အသုတ်လိုက် ဆုတ်ပေးရဖို့ ပါနေသည်ဟု သိရသည်။ နိုင်ငံ ၏ အခြားနေရာများ တွင် ဆက်တိုက် ဆိုသလို အရေးနိမ့်နေသော စစ်တပ်အဖို့ ၎င်းတို့ ရပ်တည်ရေး အား အမြဲလို ခြိမ်းခြောက်ခံနေရမှု မှ အသက်ရှု ပေါက် ရသွားခဲ့ရသည်။
သို့သော်လည်း ထိုသို့ အသက်ရှုပေါက် ရသွားခြင်းသည် ကြာရှည်ခံမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် တရုတ်သည် အသက်ကယ် ဘောကွင်း ပစ်ပေးပြီး နောက် ၎င်းတို့ထံမှ ရလဒ် တခုခု ထွက်ပေါ်လာအောင် မျှော်လင့်လာပြီ ဖြစ်သည်။ ၎င်းတို့လိုချင်သော ရလဒ်သည် ဘာလဲဆိုသည်ကို ရှင်းလင်းစွာ ဖွင့်ဆိုခဲ့ပြီးလည်း ဖြစ်သည်။
ဘီဂျင်း ၏ သံတမန်များသည်လည်း မင်းအောင်လှိုင် စီစဉ်နေသည် ဆိုသော အတိုက်အခံများ မပါနိုင်အောင် တားမြစ်ထားပြီး လွတ်လပ်ခွင့် မှန်သမျှ ချုပ်ချယ်ထားသည့် ရွေးကောက်ပွဲ ဖက်က ရပ်တည် ကာကွယ်ပေးလာကြသည်၊ ၎င်းတို့ မျှော်လင့် နေသည်က ရွေးကောက်ပွဲ ပြီးလျင် မင်းအောင်လှိုင် နေရာ တွင် လူစားလဲလို့ရမည်၊ သို့မဟုတ်ကလည်း ၎င်း၏ အာဏာ များ လျော့ကျသွားမည် ဟူ၍ ဖြစ်သည်။ ဖွဲ့စည်းပုံ အရလည်း လူတဦးတည်း သမ္မတရော၊ ကာကွယ်ရေး ဦးစီးချုပ် ရာထူး နှစ်ခု စလုံး ယူထား၍ မရမှန်း သိနေသော ကြောင့်ပင် ဖြစ်သည်။ တရုတ်သည် မင်းအောင်လှိုင်မှ အမြဲလို အရေးပေါ် အခြေအနေ သက်တမ်း တိုးနေမှု ကို စိတ်ပျက်လာနေပြီး ဖွဲ့စည်းပုံ အခြေခံသည့် အပေါ်ယံ သဘောမျိုး ပြောင်းလဲလာသည်ကို မြင်ချင်လာသည်။
ရွေးကောက်ပွဲ ကို ကလိန်ကကျစ် လုပ်၍ ရသည့် နည်းလမ်းပေါင်းစုံ ရှိနေသော်လည်း နိုင်ငံတဝှမ်းရှိ မြို့နယ် ကျေးရွာ များ အနှံ မဲရုံ များကို ဝန်ထမ်း အလုံအလောက် ဖြန့်ကျက် ချထားရမည့် ကြီးလေးသော တာဝန်ကြီး ရှိလာနေသည်။ ရပ်ကွက် နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ အကူအညီများ လိုအပ်လာသော်လည်း တော်လှန်ရေး ဘက်တော်သားများ၏ ရှင်းလင်းခံရမည့် အန္တရာယ်ကြီး ရှိနေပြန်သည်။
စစ်ကောင်စီ ဖက်က မည်မျှ အထိ ထိန်းချုပ် နိုင်ဆဲ ဖြစ်သည် ဆိုသည့် အညွှန်းပြ မြေပုံ အမျိုး မျိုး ထွက်ပေါ် နေသော်လည်း အငြင်းပွားစရာ ရှိနေသည်၊ သို့သော် ယင်းနှင့် ပတ်သက်ပြီး အခိုင်အမာ ထွက်ပေါ်လာသည့် သက်သေအထောက် အထားသည်ကား ပြီးခဲ့သည့် နှစ်အတွင်း ကောက်ယူခဲ့သည့် သန်းကောင်စာရင်း ပင် ဖြစ်သည်။ ထို စာရင်းအား မြို့နယ်ပေါင်း ၃၃၀ ရှိသည့် အနက် ၁၄၅ မြို့နယ်တွင်သာ အပြည့်အဝ ကောက်ယူ နိုင်ခဲ့ခြင်း ဆိုသည့် အချက်ပင် ဖြစ်သည်။ ၁၂၇ မြို့နယ်တွင် တစိတ်တပိုင်းသာ ကောက်ယူ နိုင်ခဲ့ပြီး ၅၈ မြို့နယ်တွင် လုံခြုံရေး အနေအထား ကြောင့်ဆိုကာ ခြေပင် မချနိုင်အောင် ဖြစ်ခဲ့ရသည်။
လူဦးရေ စစ်တမ်းသည် မဲဆန္ဒရှင် စာရင်း ပြုစုရန် အခြေခံ ဖြစ်သည်။ သို့သော် လူဦးရေ ၅၁.၃ သန်း တွင် ၃၂.၂ သန်းသာ စာရင်းပြုစုနိုင်ခဲ့၍ မဲဆန္ဒရှင် စာရင်းသည် မည်သို့မျှ ပြည့်စုံမှု မရှိ ဖြစ်နေသည်။ ၂၀၂၀ ရွေးကောက်ပွဲ အား မဲစာရင်း အကြီးအကျယ် မှားယွင်းနေသည်ဟု လိမ်လည် ပြောဆိုခဲ့ပြီး ၎င်းတို့၏ မဲဆန္ဒ ရှင် စာရင်း တိကျ မှန်ကန်ရမည် ဟု အမြဲလို ကြွေးကြော်နေသော စစ်ကောင်စီ အဖို့ စကား ရှေ့နောက်မညီ ဖြစ်လာ၍ ကသိကအောက် ဖြစ်နေသည်။ လူဦးရေ စာရင်းကောက်ဖို့ပင် မလုံခြုံဟု ဆိုက ပို၍ ကြီးလေးသော တာဝန်ကြီး ဖြစ်သည့် ရွေးကောက်ပွဲ လုပ်ဖို့ ဆိုသည်က စဉ်းစားစရာပင် မလိုတော့ပေ။
စစ်ကောင်စီသည် "ငြိမ်းချမ်း တည်ငြိမ်မှူ အပေါ်" မူတည်ပြီး ရွေးကောက်ပွဲ အား ယခုနှစ် အကုန်ပိုင်းလောက်တွင် လုပ်မည်ဟု ခန့်မှန်းထားသည်၊ သို့သော် ပွင့်လင်းရာသီထဲ ဝင်လာသည်မှာ လပေါင်းများစွာ ရှိနေသော်လည်း ၎င်းတို့ အကြီးအကျယ် အရေးနိမ့်နေသည့် ရခိုင်၊ ကချင် နှင့် ရှမ်းမြောက် ဒေသများ တွင်ယခုထိ တန့်ပြန် ထိုးစစ်ကြီး တခုတလေမျှ ဆင်နွှဲလာနိုင်ခြင်း မရှိသေးပေ။
သို့သော် အာရက္ခတပ်တော်သည် ရခိုင်မှ နေ၍ နိုင်ငံ အလယ်ပိုင်းကို ထိုးစစ်ကြီး ဆင်လာနေပြီ ဖြစ်သည်။ စစ်ကောင်စီ တပ်များသည် ကရင်နီ နှင့် ရှမ်းပြည်တောင်ပိုင်း တို့တွင် အရေးသာလာမှုများ ရှိသော်လည်း အားလုံး ခြုံကြည့်လျင် တော့ ရောဂါ ရင့်လာနေသည့် အဆင့် ရောက်နေပြီ ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်း အတွင်း လျို့ဝှက် ပေါက်ကြားလာသော သတင်းများအရ မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ ကို နောက်နှစ် အစောပိုင်းအထိ ရွှေ့ဆိုင်းရန် ကြံနေသည်ဟု သိရသည်။ ယင်းသည် တရုတ်၏ စိတ်ရှည် သည်းခံနိုင်မှု ကို စမ်းသပ်လိုက်ရာလည်း ရောက်နေသည်။ ထိုသတင်းအား တရားဝင် အတည်ပြုသည် အထိ စောင့်ရမည် ဖြစ်သော်လည်း မင်းအောင်လှိုင် ၏ အဖက်ဖက်ကအကျပ်ရိုက်နေသည့် အဖြစ်ကို ညွှန်ပြနေသည်။
မင်းအောင်လှိုင်သည် မာန လွန်ကဲနေခြင်းလော သို့မဟုတ် ၎င်း ပြီးခဲ့သည့် လေးနှစ်က စပြီး ဆက်တိုက်ကျုးလွန် လာသည့် အမှားများကို အမှားဟု မသိနိုင်လောက်အောင် အတွေးအခေါ် သေးသိမ်နေ၍လော မသိ၊ နိုင်ငံရေး အရ အဓိပ္ပါယ် ရှိရှိ လိုက်လျော လိုစိတ် မရှိ ဖြစ်နေသည်ကို တွေ့ရသည်။
၎င်းအဖို့က ချောက်ကမ်းပါးကြီး အနီး ရောက်လာနေသော်လည်း အခြား ရွေးစရာ လမ်းဟူ၍ မရှိတော့သည့် အဖြစ်မျိုး ကြုံနေရပြီ ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!