စစ်တပ် အာဏာသိမ်းခဲ့သည့် လေး နှစ် မြောက် အကြိုနေ့ ဇန်နဝါရီ ၃၁ တွင် အမေရိကန်မှ ဩစတေးလျှ၊ ကနေဒါ၊ အီးယူ အဖွဲ့ဝင်နိုင်ငံများ၊ တောင်ကိုရီယား၊ နယူးဇီလန်၊ နော်ဝေး ဆွစ်ဇာလန်၊ ဗြိတိန် တို့ နှင့် ပူးတွဲပြီး လက်ရှိ အနေအထားကို ပြင်းပြင်းထန်ထန် ရှူတ်ချသည့် ကြေ ညာချက်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ၏ ရုံး မှ တရားဝင် ထုတ်ပြန်လာခဲ့သည်။
ပုံမှန် အားဖြင့် ဆိုလျင် ထိုသို့သော ကြေညာချက် မျိုးက ၎င်းတို့ လုပ်နေကျ feel good သဘောမျိုး ဖြစ်နေ၍ အဆန်းတကြယ် မဟုတ်သော်လည်း ယခု ကြေညာချက်သည် ဒေါ်နယ် ထရန့် လက်ထက်တွင် အမေရိကန် နိုင်ငံခြားရေး ရုံးမှ ပထမဆုံး ထွက်ပေါ်လာသော ကြေညာချက် ဖြစ်နေ၍ အမေရိကန် ၏ မြန်မာ အပေါ် မူဝါဒသည် ယခင် အတိုင်း ဆက်သွားမည်ဟု ယူဆရသည်။
ပြောခွင့်ရ ပုဂ္ဂိုလ်သည် ဆရာသမား ဖြစ်သူ မာကို ရူဘီရို၏ သဘောတူညီချက် မပါပဲ ထိုသို့ လုပ်မည်မဟုတ်၊ ယခုအခါ အမေရိကန် အစိုးရ အရာရှိ များပင် မနက် မိုးလင်းတိုင်း အလုပ် မသွားခင် အီးမေး အရင် ဖွင့်ပြီး မှ စိတ်ချလက်ချ သွားနိုင်သည့် အချိန်မျိုး ဖြစ်နေသည်။
ပူးတွဲ ကြေညာချက် ထဲတွင် မြန်မာ စစ်တပ်အား အမည် တပ်ပြီး အရပ်သားများ အပေါ် အကြမ်းဖက်မှု များ အား ၂၀၂၁ မှ စလျှင် ၂၅ ဆ တိုးမြှင့် ကျူးလွန်လာနေကြောင်း၊ ယင်းသည် ပျမ်းမျှ တနေ့ သုံးကြိမ် ခန့် ဖြစ်သည်ဟု ဖေါ်ပြထားသည်။ ကျောင်း ဆေးရုံ၊ ဈေးများ၊ ဘာသာရေး အဆောက်အအုံများ အစရှိသည် တို့ ဗုံးကြဲ တိုက်ခိုက်နေမှု များကို ပြင်းပြင်း ထန်ထန် ရှုတ်ချထားသည်။
ထိုသို့သော အနေအထားသည် မြန်မာ အတွက်ကော၊ ဒေသ အတွက်ပါ ရေရှည် ဆက်သွား၍ မဖြစ်တော့၍ ချက်ခြင်း လက်ငင်း လမ်းကြောင်း ပြောင်းရန် တိုက်တွန်းသည်ဟု ပါရှိသည်။
အာဆီယံ၏ အချက် ငါးချက်ကိုလည်း ဆက်၍ ထောက်ခံသွားမည် ဟု လည်း ဆိုသည်။ နိုင်ငံတကာ မှလည်း ကုလ ဆုံးဖြတ်ချက် ၂၆၆၉ ကို ထောက်ခံကြရန် တိုက်တွန်းသည်ဟုလည်း ပါရှိသည်။
ကြေညာချက် အဆုံးတွင် မြန်မာ ပြည်သူ များ နှင့်ဆက်ပြီး သွေးစည်းညီညွတ်စွာ ရပ်တည်သွားမည် ဖြစ်ပြီး ၎င်းတို့၏ အားလုံး တစုတ ဝေး တည်း ငြိမ်းချမ်း သာယာ ဝပြောသော အနာဂတ် တည်ဆောက် လိုသည့် မျှော်မှန်းချက်ကိုလည်း ထောက်ခံသွားမည်ဟု ပါရှိသည်။
ယင်းသည် ထရန့် လက်ထက် အမေရိကန် နိုင်ငံ ခြားရေး မူဝါဒ သိသိသာသာ ပြောင်းလဲခြင်း မရှိဟု ယူဆနိုင်သည့် ကြေညာချက် ဖြစ်သည်။
နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုသည်လည်း BURMA ACT ကို အထက်လွှတ်တော် အမတ် ဘဝ ကတည်းက ဦးဆောင် တင်သွင်းခဲ့သူ တဦးလည်း ဖြစ်နေ၍ ထို အက်ဥပဒေ ကို မည်မျှ အတိုင်းအတာ အထိ အကောင်အထည် ဖေါ်သွားမည် ဆိုသည်က စိတ်ဝင်တစား စောင့်ကြည့်ရမည် ဖြစ်သည်။
နိုင်ငံတော် အတိုင်ပင်ခံ၏ သားဖြစ်သူ ကိုထိန်လင်း မှလည်း ၎င်း၏ မိခင်ကြီးအား ပြန်လွှတ်ပေးရန် အာဏာသိမ်း စစ်ခေါင်းဆောင်များ အား တိုက်ရိုက် ပန်ကြား တောင်းဆိုခဲ့သည်။
ထိုသို့ အာဏာသိမ်း မှု နှင့် အတူ ဒီမိုကရေစီ နည်းအရ ရွေးချယ် တင်မြှောက်ထား သော ခေါင်းဆောင်အား ဖမ်းဆီးထားမှု သည် မိသားစုအတွက်သာမက တိုင်းပြည် အတွက်ပါ "လွန်စွာမှ ထိခိုက်နာကျင်စရာ" ဖြစ်နေခဲ့သည်ဟု လည်း ပြောခဲ့သည်။
ပုံတွင် မြန်မာ သံရုံးရှေ့ တံခါး ဝ သို့ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ထံ တိုက်ရိုက် လိပ်မူ ပြီး ရေးထားသော စာကို ထွက်ယူမည့်သူ မရှိ၍ သံရုံး စာလက်ခံသည့် အပေါက်ထဲ ထည့်နေပုံ ကို တွေ့နိုင်သည်။
မြန်မာ ပြည်တွင်းစစ်ကို စဉ်ဆက် မပြတ် လေ့လာနေသည့် မက်သရူး အားနိုး က စစ်တပ်သည် တိုက်ရည် ခိုက်ရည် ပြည့်ဝနေသော စစ်အင်အား များ အလုံအလောက် မရှိတော့၍ အရေးပါ သော နယ်မြေ များကို တန်ပြန် ထိုးစစ် မဆင်နိုင်တော့သည်က သေချာ နေသည်ဟု ဗီအိုအေ ကို ပြောပြခဲ့သည်။
ထိုအတိုင်းလည်း ဆက်နေ၍ မရ၊ ၎င်းတို့၏ မဟာဗျူဟာ ကျသည်ဟု ယူဆထားသော အကျိုးစီးပွားကို မည်မျှအထိ အကာအကွယ် ပေးနိုင်မည်လဲ ဆိုသည်ကို တရုတ်ဖက်က စောင့်ကြည့်နေ၍ ဖြစ်သည်။
တရုတ် အနေဖြင့် ထိုသို့ ကာကွယ်ရန် နိုင်ငံကို တည်ငြိမ် အောင် လုပ်နိုင်စွမ်း မရှိတော့ဟု ယူဆလာပါက ရှေ့မတိုး နောက်မဆုတ် ဖြစ်နေမှု ကို သည်းငြည်း ခံနိုင်စွမ်း ရှိတော့မည် မဟုတ်၍ ၎င်းတို့ အနေဖြင့် အရှုံးနှင့် ရင်ဆိုင်နေရေ သော စစ်ခေါင်းဆောင် များကို မည်မျအထိ စိတ်ပါလက်ပါဆက်၍ ပံ့ပိုး သွားရမည် လဲ ဆိုသည့် ခက်ခဲသော ဆုံးဖြတ်ချက် ကို ၂၀၂၅ အတွင်း ချမှတ်ရဖို့ ရှိလာနေပြီ ဖြစ်သည်ဟု မက်သရူး အာနိုးက သုံးသပ်ထားသည်။
မင်းအောင်လှိုင် အဖို့က ၂၀၂၅ အတွင်း ရွေးကောက်ပွဲ လုပ်ပေးပါမည်ဟု ကတိပေးထားသော်လည်း ၎င်းဖက်က အဆင်သင့် မရှိ ဖြစ်နေရမှု နှင့် အကယ်၍ လုပ်ဖြစ်လျင်လည်း အခြေအနေများက တရုတ် မျှော်လင့်သလို ဖြစ်မလာက တရုတ်၏ ထောက်ခံမှု ဆုံးရှုံးသွားပြီး လူစားလဲသည်အထိ ဖြစ်လာနိုင်မည်ကို ကောင်းစွာ တွက်ဆထားပြီး ဖြစ်သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!