စစ်ခေါင်းဆောင်များ ၏ ဓါးစာခံ ဖြစ်နေရသော နိုင်ငံတော် အတိုင်ပင်ခံ နှင့် နယူးဒေလီ ဘဝ တစိတ်တပိုင်း

by Hla Soewai - Jan 31 2025

မကြာသေးမီက လန်ဒန် ရှိ The Independent သတင်းစာကြီး မှ ကမကထ လုပ်ကာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဆော်ဩနိုင်ရန် သားဖြစ်သူ ကိုထိန်လင်း နှင့် တွဲ၍ စတင်လှုပ်ရှားလာခဲ့သည်။

 

ယင်းနှင့် အတူ "Cancelled: Rise and Fall of Aung San Suu Kyi" သတင်းရုပ်ရှင်ကို ရိုက်ကူး ထုတ်လွှင့်လာခဲ့သည်။

 

နိုဘဲလ် ဆုရှင်လည်း ဖြစ်သည့်အပြင် တိုင်းပြည် တိုးတက်ရာ တိုးတက်ကြောင်း ၎င်းတို့ ခြေဖျားပင် လိုက်မမှီ နိုင်အောင် အခက်အခဲ အမျိုးမျိုး ကြားမှ လုပ်ပြခဲ့သည့် တိုင်းပြည် ခေါင်းဆောင် တဦးအား လူမဆန်စွာ ဆက်ဆံနေခြင်းကပင် ၎င်းတို့ ၏ လုပ်ရပ်များကို လူထု၏ ရွံ့မုန်းစရာ အဖြစ် တဖက်က ပေးဆပ်နေကြရပြီ ဖြစ်သည်။

 

သူမအား ဖမ်းဆီးချုပ်နှောင်ထားမှုသည် သူမ အတွက်သာ မက မည်သည့် ဖက်က ကြည့်ကြည့် လွန်စွာ တရားမျှ တမှု မရှိသည်သာမက ဒီမိုကရေစီ ကို ကျောခိုင်းထားသည် ဆိုသည်ကို ပြဆိုနေခြင်းလည်း ဖြစ်သည်။

 

ကမ္ဘာမီဒီယာ များက မြန်မာ အား အမေ့လျော့ခံ နိုင်ငံ အဖြစ် သုံးနှုန်းပြောဆိုနေကြသော်လည်း တကယ်တမ်းတွင် တမင်တကာ လျစ်လျုရှုထားခြင်း ဖြစ်သည်ဟု ဘင်နဒစ် ရောဂျာက ၎င်း၏ ဆောင်းပါးထဲတွင် ရေးသားထားသည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ကမ္ဘာကြီး၏ နှုတ်ဆိပ်နေမှု ကို အဆုံးသတ်ရမည်ဟု လည်း ဆောင်းပါးကို ခေါင်းစဉ် တပ်ထားခဲ့သည်။

 

သူမအား မဆုပ်မနစ် ဆန့်ကျင်နေသည့် ရိုဟင်ဂျာ များ အရေး အကြောင်းပြုပြီး ဗီလိန် အဖြစ် ဖန်တီးခဲ့သည့် ဇာတ်တွင် မျောပါလိုက်နေကြခြင်း ဖြစ်သည်ဟု ဆိုသည်။

 

သို့သော် ပြည်တွင်းရှိ ပြည်သူများကတော့ ၎င်းတို့ ဗရမ်းဗတာ ဖြစ်နေလေ သူမ အပေါ် လေးစား ချစ်ကြည်မှု က တိုးသည်ထက် တိုးလာလေ ပင် ဖြစ်သည်။

 

သူမသည် နိုင်ငံ ဂုဏ်သိက္ခာ အတွက် ကြံ့ကြံ့ခံ တိုက်ပွဲ ဝင်နေမှု များ၏ ပုံရိပ်လည်း ဖြစ်သည်။

 

သူမ၏ နယူးဒေလီ တွင် နေခဲ့ရသည့် ဘဝ တစိတ်တပိုင်း အကြောင်းကို ဟိန္ဒူနစ်စတန် တိုင်းမ် သတင်းစာကြီးတွင် ဆောင်းပါးရှင် ကီရန် သာပါးက အမှတ်တရ ရေးသားလာခဲ့သည်။

 

ယခုအခါ ကွန်ဂရက် ပါတီ ရုံး အဖြစ် အသွင်ပြောင်းခဲ့ပြီ ဖြစ် သော အမှတ် (၂၄) အက္ကဘာ အိမ်တော်သည် (ပုံတွင်ရှု) တချိန်တခါက မြန်မာ သံရုံး ရုံးစိုက်ရာ BURMA HOUSE အဖြစ် ထင်ရှားခဲ့ဖူးသည်။

 

မြန်မာ သံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည့် မိခင်ဖြစ်သူ ဒေါ်ခင်ကြည် နှင့် အတူ ဒေါ်အောင်ဆန်းစုကြည် ကြီးပြင်းခဲ့သည့် အိမ်တော်ကြီးလည်း ဖြစ်ပေသည်။ 

 

ဒေါ်ခင်ကြည်သည် ဝဝ ဖိုင့်ဖိုင့် နှင့် ထမိန်ကို အမြဲလို ဝတ်ဆင်တတ်သူ ဖြစ်ပြီး ဆံထုံး လည်း ထုံးထားသည်။ မျက်နှာ သည် အမြဲလို ပြုံး‌ နေသယောင် ရှိပြီး တဖက်သား အပေါ် ကြင်နာ တတ်သော အရိပ်အယောင်များ ‌တွေ့ရသည်။ စကားကို နူးနူးညံ့ညံ့ ပြောတတ်သူလည်း ဖြစ်သည်။

 

သူမ အား စ‌ တွေ့စဉ်က ကျွန်တော် ၆ နှစ် သား အရွယ်ခန့်သာ ရှိမည် ထင်သည်။ ကျွန်တော်အားလည်း သား တ‌ယောက်လို ဆက်ဆံခဲ့သည်။ သူမ အိမ်၏ ထမင်းစားခန်းတွင် အမြဲလို ခေါက်ဆွဲကျော် များ စားရလေ့ရှိသည်။ ကျွန်တော် အ‌ကြိုက်ဆုံးက ကောက်ညှင်း ငချိတ် ဖြစ်သည်။ အခြားလူများ ကြိုက်သည် မကြိုက်သည်ကို မသိသော်လည်း ကျွန်တော်ကတော့ ကြိုက်သည်။ ကျွန်တော်သည် ဝဝ ဖြိုးဖြိုး ဖြစ်၍ စု က ကျွန်တော့်အား Roly-poly ဟု ခေါ်လေ့ရှိသည်။

 

အခြား သံတမန် များလိုပင် မြန်မာ သံအမတ်ကြီးလည်း မာစီးဒီး ကား ရှိသည်၊ ယာဉ်မောင်း၏ အမည်သည် ဝီလ်ဆန် ဖြစ်သည်။ ရက်သတ္တပတ် ကုန် အားလပ်ရက်များတွင် ဘုန်းကြီးကျောင်း ရှိရာသို့ ကား နှင့် သွားပြီး ဆွမ်းကပ်လေ့ရှိသည်။ ထိုသို့သွားရာတွင် မကြာခဏ ဆိုသလို ကျွန်တော် လိုက်သွားတတ်ပြီး အိမ်ပြန်ရောက်လျှင် စားရတော့မည် ကိုလည်း သိနေ၍ ထိုအချိန် ရောက်အောင် စောင့်ခဲ့ရသည်။

 

စု သည် အိန္ဒိယ တွင် ခုနှစ် နှစ်ခန့် နေသွားခဲ့သည်။ ပထမ ပိုင်းတွင် Jesus and Mary ကွန်ဗင့် ကျောင်းတွင် တက်ပြီး နောက်ပိုင်းတွင် Shri Ram ကောလိပ်တွင် ဆက်လက် ပညာသင်ယူခဲ့သည်။

 

ဆယ်ကျော်သက် အရွယ်ကပင် နိုင်ငံရေး ကို စိတ်ဝင်စားပြီး ထိပ်ဆုံးသို့ ရောက်ရမည်ဟု ယုံကြည်မှု အပြည့် ရှိသူလည်း ဖြစ်သည်။ ကီရန် ၏ ပုံကို စာရွက်ပေါ်တွင် ခဲတံ နှင့် ဆွဲပြီး ပုံအောက်တွင်လည်း ကီရန် သာပါး မြန်မာပြည်သို့ လာချင်သည့် အချိန်တိုင်း လာ၍ ရသည်ဟု ရေးထားသည်။

 

နောက်ပိုင်း ဆယ်စု နှစ် အတော်ကြာတွင် ဒေါ်ခင်ကြည် နှင့် လန်ဒန်တွင် ပြန်ဆုံဖြစ်ခဲ့သည်။ ၁၉၈၀ ကျော် နှစ်များ အတွင်း ဖြစ်ပြီး ကျွန်တော်လည်း အသက် သုံးဆယ်ခန့် ရှိနေပြီ ဖြစ်သည်။ သူမသည် အောက်စဖို့ တွင် စု နှင့် အတူနေပြီး ရန်ကုန် ပြန်တော့မည့် ဆဲဆဲ လန်ဒန် တွင် ဆုံခဲ့ရခြင်း ဖြစ်သည်။ အသက်အရွယ် ကြီးရင့်လာပြီး သိပ်ပြီး ကျန်းမာပုံ မရှိ၊ ကျွန်တော်ကို တွေ့တော့ ရီရီမောမော နှင့် "မင်း ပိန်သွားတယ်၊ ယုံတောင် မယုံနိုင်ပါလား" ဟု ပြောလာသည်။

 

"သူက ခုထိ ခေါက်ဆွဲ ကြိုက်တုန်းပဲ၊ အိမ်လာရင် အဲ့တာပဲ မေးတော့တာပဲ" ဟု စု က ဝင်ပြောသည်၊ စုသည် အောက်စဖို့ အိမ်တွင် ကောက်ညှင်းငချိတ်ကို တခါမှ လုပ်စားခဲ့ခြင်း မရှိ၊ ကျွန်တော်လည်း မြင်လျင် မှတ်မိသော်လည်း ဘယ်လို အရသာ ရှိမှန်း သတိမရတော့၊ 

 

၂၀၁၅ တွင် ကျွန်တော်သည် ရန်ကုန်ရှိ စု အိမ်သို့ ရောက်ခဲ့သည်။ သူမသည် ၂၄ အက္ကာဘာ လမ်း က အိမ်တော်ကြီးကို ယခုတိုင် ချစ်ခင်စွဲလမ်း စိတ်က လျော့ကျသွားခြင်း မရှိသည်ကို သိခဲ့ရသည်။ "အခု က ရန်ကုန် က အမေ အိမ် လေ" ဟု ကျွန်တော်ကို ကြိုဆိုရင်း ပြောခဲ့သည်။

 

ဒေလီ ရှိ အိမ်တွင် စန္ဒယားကြီး ရှိပြီး သူမ မကြာခဏ ဆိုသလို တီးတတ်သည်၊ ယခု တက္ကသိုလ် ရိပ်သာ လမ်း အိမ်တွင်လည်း တွေ့ခဲ့ရသည်။

 

အိန္ဒိယ တွင် နေခဲ့ရသည့် နှစ်များက သူတို့ နှစ်ဦးစလုံး အတွက် မေ့နိုင်စရာ ရှိမည် မဟုတ်ပေ။ အောက်စဖို့ တွင် ရှိစဉ်ကလည်း ၂၄ အက္ကာလမ်း အိမ် အကြောင်း စုသည် မကြာခဏ ပြန်ပြောင်း ပြောတတ်သည်။

 

ယခုအခါ တွင် တော့ ထိုအိမ်ကြီးရှိ နံရံများကသာ သူတို့ အကြောင်း ပြောနေပေတော့မည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!