အရှုံးသမား တို့ နိုင်ငံကို ဒရွတ်တိုက်ဆွဲပြီး မရမက အုပ်ချုပ်လာနေမှု သည် လေးနှစ် ရောက်လာပြီး နောက် ကြုံ တွေ့လာရသည့် ဆိုးရွားသော အကျိုးဆက်များကို ဗွေဆော်ဦး အန္တရာယ် အချက်ပေး သံချောင်း ခေါက်လာသူ ကတော့ ကုလသမဂ္ဂ၏ ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့ကြီးပင် ဖြစ်သည်။
အဆိုပါ အဖွဲ့ကြီးမှ ၁၅ သန်းခန့် ရှိသော မြန်မာလူထု သည် ၂၀၂၅ တွင် တဖြေးဖြေး နှင့် အငတ်ဘေး နှင့် ရင်ဆိုင်လာရဖိူ့ ရှိနေသည့် အတွက် ကမ္ဘာကြီး အနေဖြင့် မြန်မာ အရေးကို လျစ်လျူ ရှူ၍ မဖြစ်တော့ဟု တရားဝင် ထုတ်ပြန် အသိပေး လာခဲ့သည်။
ထိုသို့ ဖြစ်လာရခြင်းမှာလည်း အသွားအလာများ ကန့်သတ်ထားမှု၊ ပြိုလဲ ကျဆင်းလာနေသော စီးပွားရေး အခြေအနေများ၊ သဘာဝ ဘေးများ ကြောင့် ဖြစ်သည်ဟု ဆိုသည်။ စီးပွားရေး တွင် နေ့စဉ် နှင့် အမျှ စားသောက်ကုန် ဈေးနှုန်းများ နှင့် ငွေ ဖောင်းပွမှု များ အလွန်အမင်း မြင့်တက်လာနေမှု များ ဖြစ်သည်ဟု ထောက်ပြခဲ့သည်။
နိုင်ငံတကာ၏ ကူညီ ပံ့ပိုးမှု မရှိက သိန်း သောင်းချီသော လူများအား အငတ်ဘေး ဆိုသည့် ချောက်ကမ်းပါး ကြီး ဆီသို့ တွန်းပို့နေသလို ဖြစ်မည် ဟု အန္တရာယ် အချက်ပေး သံချောင်း ခေါက်လိုက်ပြီ ဖြစ်သည်။
တော်လှန်ရေး တပ်ဖွဲ့ များကလည်း ၎င်းတို့ ကုပ်ကပ်နေသရွေ့ လူထု အဖို့ ဒုက္ခလှလှ ကြီး တွေ့ရတော့မည် ဆိုသည်ကို ကောင်းစွာ သဘောပေါက် နေကြ၍ မဖြစ်မနေ ဖယ်ရှားရန် အစွမ်းကုန် ညှစ်ထုတ် ကြိုးပမ်းလာနေသည်ကို တွေ့ နေရသည်။
ငါးနှစ်ထဲ ဝင်လာသည့် အချိန်တွင် နိုင်ငံ၏ အနာဂတ်ကို အဆုံးအဖြတ် ပေးနိုင်မည့် လွန်စွာ အရေးပါသော အချက် နှစ်ချက် ထွက်ပေါ်လာသည်ဟု ဩစတေးလျှ တောင်ပိုင်း တက္ကသိုလ်မှ ပါမောက္ခ အဒမ် ဆင်ဆမ် နှင့် တက်စ်မေးနီယား တက္ကသိုလ်မှ ပါမောက္ခ နီကိုလပ်စ် ဖာရယ်လီ တို့က ရေးသားလာခဲ့သည်။
ထိုအချက် နှစ်ချက်ကား တော်လှန်ရေး အင်အားစု များ နယ်မြေ စိုးမိုးလာနိုင်မှု နှင့် စီးပွားရေး ယို့ယွင်း ပျက်စီး လိုက်လာနေမှု ပင် ဖြစ်သည်ဟု ဆိုသည်။
လက်ရှိ တွင် စစ်တပ်သည် ၎င်းတို့ အပြည့်အဝ ထိန်းချုပ် နိုင်ခြင်း မရှိသည့် ဒေသများသို့ လစ်လျင် လစ်သလို ဝင်ရောက်ပြီး မြေလှန်စနစ် ကျင့်သုံးကာ လူထု အား တိုက်ခိုက်လာကြသည်။ ထို့ပြင် လေကြောင်း မှလည်း မဲမဲမြင်ရာ ဗုံးကြဲ တိုက်ခိုက်လာကြသည်။
စီးပွားရေး နှင့် ငွေကြေး အကျပ်အတည်း များက ဖုံးမရ ဖိမရ ဖြစ်အောင် ထွက်ပေါ်လာပြီ ဖြစ်သည်ဟု လည်း ဩစတေးလျှ ပါမောက္ခကြီး နှစ်ဦးက ရေးသားခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း ပညာရေး၊ ကျန်းမာရေး၊ အာဟာရ ဖွံ့ဖြိုးရေး ဖြေးဖြေး တိုးတက် အောင်မြင်လာခဲ့မှု များကို လည်း မျက်စိ တမှိတ် လျပ်တပြက် အတွင်း ပြောင်းပြန် လှန်ပစ်ခဲ့ကြ၍ လူဦးရေ၏ လေးပုံ သုံးပုံသည် လက်လှုပ်မှ ပါးစပ်လှုပ်နိုင်သည့် အခြေအနေမျိုး နှင့် ဝမ်းတထွာ အတွက် မနိုင်ရင်ကာ ရုန်းကန်နေကြရသည်ဟု ဆိုသည်။
လူထု သည် ဗူးလေးရာ ဖရုံဆင့်ဆိုသလို စစ်တပ်၏ အတင်းအကျပ် စစ်ထဲ ဆွဲသွင်းသည့် ဒဏ်ကို ခံလာကြရပြန်သည်။ (ယခုအခါ စစ်မှုထမ်း ရန် အသက်ပြည့်သည့် အမျိုးသမီးများ စာရင်းကို စတင် ကောက်ခံ ပြုစု နေပြီဟု သိရသည်။)
ကချင်၊ ချင်း နှင့် ရခိုင်အား လက်လွှတ်ရမတတ် ဖြစ်လာနေသည်ကို လက်စားချေသည့် အနေဖြင့် ပိတ်ဆို့လာခဲ့၍ နှစ်သန်းခန့်သော လူများ အဖို့ အစာရေစာ ပြတ်လတ်တော့မည့် အန္တရာယ်နှင့် ရင်ဆိုင်လာနေရပြီ ဖြစ်သည်။
စီးပွားရေး အခြေအနေ ဆိုးသည်ထက် ဆိုးဝါးလာနေမှု ကြောင့် မငြိမ်သက်မှု များ ထပ်မံ ဖြစ်ပွားလာနိုင်ပြီး ပြည်ပ နိုင်ငံများသို့ ရောက်လာမည့် လူများ များပြားလာဖို့ ရှိနေသည်။
သို့သော် ဆီရီယား အာဏာရှင် အာဆတ် ကဲ့သို့ ရုတ်ခြည်း ပြိုလဲသွားမည့် အနေအထား တော့ မရှိသေးဟု ယူဆရသည်၊ ဆီရီယား တော်လှန်ရေး အဖွဲ့များလို ပြည်ပ မှ အင်တိုက်အား တိုက် ကူညီပေးမှု များ မရှိခဲ့သောကြောင့် ဖြစ်သည်။ သို့သော်လည်း ဆီရီယား နှင့် ဘင်္ဂလားဒေ့ရှ် နမူနာများကို ကြည့်ပါက အတိုက်အခံ များ၏ မဆုပ်မနစ် တွန်းလှန်မှု များ၊ ပြည်သူများ၏ စိတ်ဓါတ်ခွန်အား များသည် ၎င်းတို့ အတွက် စိန်ခေါ်မှု များနှင့် အမြဲလို ရင်ဆိုင်နေကြရပြီ ဖြစ်သည်။
၎င်းတို့ မရှိသည့် နောက်ပိုင်း တိုင်းရင်းသား များ နှင့် အာဏာခွဲဝေ ကျင့်သုံးမည့် အလုပ် ဖြစ်နိုင် သော ဖက်ဒရယ် စနစ် တည်ဆောက်ဖို့က အခက်အခဲများ ရှိလာပေမည်။ ထို့ပြင် ပြိုလဲနေသော နိုင်ငံ ကို ပြန်လည် နာလံထူဖို့ ခက်ခဲကြမ်းတမ်းသော ခရီး ကို လျှောက်လှမ်းရတော့မည် ဖြစ်သည်။
မြန်မာ အရေး ကျွမ်းကျင်သူ အင်ဒရူး ဆဲလ် မှ သည်ကား စစ်ခေါင်းဆောင်များ အပေါ် မည်မျှထိ သစ္စာခံနိုင်ကြမည် ဆိုသည်ကို ၂၀၂၅ အတွင်း စောင့်ကြည့်ရမည့် အချက်တချက် ဖြစ်သည်ဟု ဆိုသည်။ အတင်းအကျပ် စစ်ထဲ ဆွဲသွင်း လာခြင်းသည်လည်း ၎င်းတို့ အတွက် ရတက်မအေးစရာ ပြဿနာ ကြီး ဖြစ်လာနေသည်။
တရုတ် နှင့် ရုရှား တို့ ပံ့ပိုးထားမှု ဖြင့် ငါးနှစ်ထဲ ဝင်လာနေပြီ ဆိုသည့် အချက်ကိုကား ပေါ့ပေါ့တန်တန် တော့ သဘောထား၍ မဖြစ်ဟု ထောက်ပြထားခဲ့သည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!