ရန်ကုန် ရှိ သုဝဏ္ဏ အားကစား ကွင်းကြီး အတွင်း ကြီးကျယ် ခမ်းနားစွာ ပြုလုပ်ခဲ့ သော တရုတ် နှစ်သစ်ကူး ပွဲတော် သို့ မပျက်မကွက် တက်ရောက်လာသော စစ်ခေါင်းဆောင်ကြီးသည် မိမိ နိုင်ငံ အတွက် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး အတွက် ထောက်ခံ ပံ့ပိုး ပေး သည် မှု ကို ကျေးဇူးဥပကာ တင်ရှိကြောင်း၊ တရုတ်သည် မြန်မာ၏ ကမ္ဘာတည်သရွေ့ တည်ရှိနေမည့် မိတ်ဆွေ ကြီး ဖြစ်ကြောင်း ပြောသွားခဲ့ရှာသည်။
ထိုသို့ ခခယယ ပြောနေသော်လည်း ကိုးကန့် အဖွဲ့နှင့် ငြိမ်းချမ်းရေးသည် လတ်တလော အဆင်ပြေနေသယောင် ရှိပေသည့် ရေရှည် ငြိမ်းချမ်းရေး ရဖို့က စိတ်ကူးယဉ် အိမ်မက် မက်နေခြင်း မျိူးသာ ဖြစ်လိမ့်မည်ဟု ဟောင်ကောင်ရှိ South China Morning Post သတင်းစာကြီး မှ ဝေဖန် ရေးသားလာသည်။
ယခု ဒုတိယ အကြိမ် ရရှိခဲ့သော အပစ်ရပ်ရေးသည် စစ်တပ်၏ ပြိုလဲလုမတတ် ချိနဲ့လာနေမှု ကြောင့် တရုတ်သည် ခြောက်လ ပင် မခံခဲ့သော ပထမအကြိမ်ကထက် ပို၍ အလေးအနက် ထား လုပ်ပေးခဲ့၍ ကြာကြာခံမည်ဟု လေ့လာသူများက သုံးသပ်ခဲ့သည်။
အဓိက အားဖြင့် အောက်တိုဘာလ မှ စ၍ နယ်ခြားကို ပိတ်ပစ်ခြင်း၊ အဓိက ပို့ကုန်များ တင်ပို့ နေမှု ကို ရပ်ဆိုင်းပစ်ခြင်း မျိုး များနှင့် အကျပ်ကိုင်လာခြင်းကြောင့် MNDAA လည်း မတတ်သာတော့ပဲ လက်မှတ် ထိုးပေးလိုက်ရခြင်း ဖြစ်သည်။ ဆက်သွယ်ရေး၊ စွမ်းအင်၊ ဘဏ္ဍာရေး ပိုင်း တို့တွင် ၎င်းတို့၏ အားနည်းချက်ကို သိထားပြီး ဖြစ်၍ ထပ် မဖေါက်ရဲအောင်လည်း အညှာကိုင်ထားဦးမည် ဖြစ်သည်။ (တကယ်တမ်း တွေးကြည့်လျင် MNDAA သည် တရုတ်၏ နောက်ကျော ဓါး နှင့် ထိုး ခံလိုက်ရခြင်း ပင် ဖြစ်သည်။)
စစ်ကောင်စီသည် တိုင်းရင်းသား အဖွဲ့ အသီးသီး ၏ တိုက်ခိုက်လာမှု၊ အထူးသဖြင့် အင်အား အတောင့်တင်းဆုံး ဖြစ်သည့် အဖွဲ့လေးဖွဲ့၏ တပြိုင်တည်း တိုက်ခိုက်လာနေမှု ကြောင့် ၂၀၂၃ နှင့် မတူတော့ဘဲအားနည်းချိနဲ့ လိုက်လာနေပြီ ဖြစ်သည်ဟု ရှားမင်း တက္ကသိုလ် အရှေ့တောင် အာရှ လေ့လာရေး ဌာန ဒါရိုက်တာ Zhuang Guotu က ပြောခဲ့သည်။
တရုတ်သည် မြန်မာ နှင့် ပတ်သက်၍ အတိုင်းအတာ တခု အထိသာ ဩဇာ ညောင်း သည့် အပြင် ၎င်းတို့ အချင်းချင်း အကြား ယုံကြည်မှု လည်း မရှိကြ၍ ယာယီသာ ဖြစ်လိမ့်မည်ဟု လည်း ခန့်မှန်းနေကြသည်။ နိုင်ငံ၏ DNA တွင် လက်နက်ကိုင် တိုက်ပွဲသည် ဖြစ်ရိုး ဖြစ်စဉ်၊ အပစ်ရပ်ရေးသည် ခြွင်းချက် ဟု ပြောရမည် ဖြစ်ကြောင်း လန်ဒန် တက္ကသိုလ် ရှိ သုတေသီ Xu Peng က ဆိုသည်။
ဆောင်းပါးရှင် Antonio Graceffo က DVB သတင်း ဆောင်းပါး တွင် တရုတ် သမ္မတ ရှီကျင့်ပင် သည် တိုင်ဝမ် အား ကျုး ကျော် သိမ်းပိုက်ရန် အစီအစဉ် ရှိထားပြီး ဖြစ်၍ ထို့ မတိုင်မီ စီးပွားရေး တောင့်တင်းလာရန် မြန်မာ တွင် ရင်းနှီးမြုပ်နှံထားမှု များ မှ အကျိုး အမြတ် ထွက်လာရန် စိတ်စော လာပုံ ရသည် ဟု ဆိုသည်။
၎င်း၏ အဆိုအရ တိုင်ဝမ် အား သိမ်းပိုက် နိုင်ရေးသည် စီးပွားရေး အရ ရော၊ ဘူမိနိုင်ငံ ရေး အရ ဆက်၍ ရှင်သန်နိုင်ရန် မြန်မာ အပေါ် တည်မှီလာနေသည်ဟူ ၍ ဖြစ်သည်။
ဆိုလိုသည်က စစ်ပွဲကြီး ဖြစ်လာမည် ဆိုလျင် ပိတ်ဆို့ ဒဏ်ခတ်မှု များ ဖြစ်လာနိုင်စရာ ရှိ၍ တရုတ်-မြန်မာ စီးပွားရေး လမ်းမ ကြီးဖြင့် မလက္ကာ ရေလက်ကြားကို ရှောင်ရှားပြီး ဘင်္ဂလား ပင်လယ်အော် သို့ ထွက်ပေါက် အရင်ရထားဖို့ အရေးတကြီး လိုအပ်လာနေသည်။
လက်ရှိတွင် တရုတ်၏ စီးပွားရေး သည် အရှိန်ကျလာနေပြီး ပြည်တွင်း ကုမ္ပဏီ များ အား ထုတ်ချေးထားသည့် အကြွေးများ ဒေါ်လာ ၁၂ တြီလီယံ အထိ မြင့်တက်လာနေမှု၊ အိုးအိမ်ခြံမြေ နှင့် စက်မှု ကုန်ထုတ်လုပ်ငန်း များ ပိုင်း တွင်လည်း ရုန်းကန်နေရသည့် အဆင့် ရောက်လာပြီ ဖြစ်သည်။
လက်ရှိ အနေအထားဖြင့် တိုင်ဝမ် ကို စစ်ဆင်နိုင်တော့မည် မဟုတ်၍ တိုင်ဝမ် အတွက် အသက်ရှု ချောင်သွားရသော်လည်း တဖက်တွင် မြန်မာထံမှ ဘီဂျင်းအဖို့ ၎င်းတို့ရင်းနှီးမြုပ်နှံမှု များ အကျိုးအမြတ် ထွက်လာဖို့ အရင်ချုပ်ကိုင်ထား နိုင်ဖို့ လိုအပ်လာပြီ ဟု ယူဆလာ၍ ဖိအားများ တိုးပြီး ရင်ဆိုင်လာရဖို့ ရှိနေသည်။
ထို့အတွက် အပစ်ရပ် ရေး၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး၊ စီးပွားရေး အရ အကူအညီများ ပေးခြင်း တို့ဖြင့်သာ ၎င်းတို့ အတွက် အကျိုးအမြတ် ရှိရာ ရှိကြောင်း ဖြစ်လာနိုင်သည့် တခုတည်းသော လမ်းကြောင်း ဖြစ်လာသည်။
သို့သော် မြန်မာ နိုင်ငံ အတွင်း တရုတ် ဆန့်ကျင်ရေး သဘောထားများ မြင့်တက်လာမှု နှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ပိုင်း ၎င်းတို့၏ ဩဇာ အရှိန်အဝါ ကျဆင်းလာဖို့ ရှိနေသည်။
MNDAA လည်း ၎င်းတို့၏ ခေါင်းဆောင် ဦးဖုန်တားရွှင်အား ဖမ်းဆီးထားပြီး အကျပ်ကိုင်လာ၍ အပစ်အခတ် ရပ်စဲရေး ကို မကျေမနပ် နှင့် သဘောတူခဲ့ရ၍ အချိန်မရွေး လက်တုံ့ပြန်လာနိုင်သည်။
ထို့ပြင် ပြည်တွင်းရှိ တော်လှန်ရေး အင်အားစု အားလုံးက စစ်ခေါင်းဆောင်များ လုပ်ပေးမည့် ရွေးကောက်ပွဲ ကို ဆန့်ကျင်နေကြသည့် အပြင်၊ စေ့စပ် ဆွေးနွေး ရန်လည်း ငြင်းဆန်နေကြ၍ ဘီဂျင်း၏ မဟာဗျူဟာ သည် ထင်သလို ဖြစ်မလာဘဲ မတည်ငြိမ်မှု များ သာ တိုးလာဖို့ ရှိနေသည် ဟု ရေးသားထားသည်။
ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!