စိတ္တဇ ဆေးရုံမှ လေချွန်သံများ

by Hla Soewai - Jan 31 2025

ထိုသတင်းကို မနေ့က ဖေ့စ်ဘုတ် တွင် တွေ့လိုက်ရစဉ် ထုံးစံ အတိုင်း ဂျင်း သတင်း မျိူးသာ ဖြစ်မည်ဟု အမှုမဲ့ အမှတ်မဲ့ နေခဲ့မိသည်။

 

သို့သော် မည်သို့မျှ ယုံနိုင်စရာ မကောင်းသော သတင်းအား ဧရာဝတီ က အတိအကျ ဖေါ်ပြလာခဲ့ပြီ ဖြစ်သည်။

 

ထိုသတင်းကား အခြားတော့ မဟုတ်၊ နိုင်ငံရေး ပါတီ အချို့မှ လက်ရှိဥပဒေ ကို ပြင်ဆင်ပြီး စစ်သားစုဆောင်းရေး ကို တိုးချဲ့လုပ်ဆောင်ရန် စစ်တပ်ကို ဝိုင်းဝန်း တိုက်တွန်း လာကြခြင်း ဆိုသည့် သတင်းပင် ဖြစ်သည်။ ပို၍ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားရသူည်က ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်ဟောင်း ဖြစ်ခဲ့သူ လက်ရှိ ပြည်သူ့ ပါတီ ဆိုသည်၏ ဥက္ကဌ ကိုကိုကြီး မှ ဦးဆောင်ဦးရွက် ပြု ပြောဆိုလာသည်ကို ပါ သိလိုက်ရသော ကြောင့် ဖြစ်သည်။

 

အကယ်၍ ပြည်ခိုင်ဖြိုး ပါတီဖက်မှ ထိုသို့ ပြောလာသည် ဆိုက မည်သို့မျှ အထူး အဆန်း ဖြစ်မိမည် မဟုတ်၊ ကိုကိုကြီး ဆို၍ အံ့ဩမိခြင်း ဖြစ်သည်၊ ၎င်းမှ နေပြည်တော်တွင် ကြာသပတေး နှင့် သောကြာ‌ နေ့များ တွင် ပြုလုပ်သော အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ နှင့် နိုင်ငံ‌ ရေး ပါတီများ တွေ့ဆုံဆွေးနွေးပွဲ တွင် အကြံပေး တင်ပြ ဆွေး‌ နွေး ခဲ့ခြင်း ဖြစ်သည်။

 

တခါက ဗြိတိသျှ ကိုလိုနီ နယ်ချဲ့သမား များ၏ White men's Burden ဟု ဆိုကာ အရိုင်းအစိုင်း များကို ယဉ်ကျေးအောင် လုပ်ရမည် ဆိုသကဲ့သို့ စစ်ဗိုလ်ချုပ်များသည် လည်း ၎င်းတို့ကိုယ် ၎င်းတို့ နိုင်ငံသား များ အား ပညာပေး လမ်းပြရမည့် တာဝန်ရှိ‌ သော ခေါင်းဆောင်ကြီးများ ဟု ယူဆကာ အခြောက်တိုက် ဘဝင်မြင့်နေကြသူများ ဖြစ်၍ ၎င်းတို့ ပြောဆိုနေသည်များကို မိမိ အနေဖြင့်တအံ့တဩ ဖြစ်မိမည် မဟုတ်။

 

သို့သော် လူထု အကြား မွေးဖွား ကြီးပြင်းလာခဲ့သူ၊ လက်ရှိလည်း လူထု အကြား နေထိုင်ပြီး၊ လူထု၏ ဒုက္ခ သုက္ခ အဝဝ ကို ကောင်းစွာ နားလည် နေပါလျက် နှင့် ထိုသို့သော စကားမျိုး ပြောထွက်ခြင်းကို ကျွန်တော် အဘယ်သိူများ နားလည်ပေး၍ ရပေမည်နည်း။

 

ကိုကိုကြီး အပေါ် အနည်းငယ် ကျန်ရှိနေဆဲ ဖြစ်သည့်အကောင်းဖက် က ရှူမြင်မှု များသည်လည်း လေထဲလွင့်ပါ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။

 

၎င်းတို့က လူငယ်များကို စစ်ထဲယခုထက် ပို၍ ဆွဲသွင်းရန် အကြံပြုယုံမက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွင် အမှုထမ်းနေသော လူငယ်များကိုပါ စည်းရုံးသိမ်းသွင်းရန် ပါ ကော်မတီ ဥက္ကဌ ဖြစ်သူ ဒုတိယ ဗိုလ်ချုပ် ထွန်းထွန်းနောင်ကိုပါ တင်ပြလာခဲ့သည်။

 

ပြီးခဲ့သည် မတ်လ မှ စ၍ လူငယ်များကို စစ်ထဲ ဆွဲသွင်းလာသည်မှာ ယခုဆိုလျင် ကိုးသုတ် ရှိလာပြီး အရည်အတွက်အားဖြင့် သုံးသောင်း ကျော်လာပြီ ဖြစ်သည်။

 

၎င်းတို့ အဖို့က ရွေးကောက်ပွဲ မလုပ်ဖြစ်မည်ကို စစ်ခေါင်းဆောင်များထက်ပင် ပို၍ စိုးရိမ် ထိတ်လန့်လာကြပုံ ရသည်။

 

လက်ရှိတွင် လူငယ်များသည် စစ်တပ်၏ သူ့နည်းသူ့ဟန်ဖြင့် အိမ်များ၊ လမ်းများ၊ ဘတ်စ်ကား ဂိတ်များမှ အတင်းအဓမ္မ ဆွဲခေါ် နေကြသည့် အန္တရာယ်ကြီး ဖြင့် ရင်ဆိုင်နေရချိန်လည်း ဖြစ်သည်။

 

စစ်အာဏာပိုင်များကလည်း ၎င်းတို့ ပင် အကြံပြုလာပြီ ဖြစ်၍ အားတက်လာပုံရှိပြီး အသက် ၁၈ မှ ၃၅ နှစ် အတွင်း လူငယ်များကို ပြည်ပထွက်ခွာခွင့် စီစစ် တားမြစ်လာပြီ ဖြစ်သည်။

 

ပြည်သူများ ခံစားနေရသော လူမှု ဒုက္ခ အဝဝ ကို သိနေ၊ မြင်နေ၊ ကြားနေရပါလျက် အမျိုးသားရေး ကို ပြောင်ပြောင်ကြီး သစ္စာဖေါက် ကျောခိုင်းကာ စစ်အာဏာရှင်များ၏ အခက် ငါတို့အခက် ဆိုကာ တပေါင်းတစည်းတည်း ရပ်တည်လိုက်ကြခြင်းပင် ဖြစ်သည်။

 

မျက်မမြင် တဦးက အခြား မျက်မမြင် များအား ရှေ့ဆောင်လမ်းပြ ပြုနေခြင်း မျိုးပင် မဟုတ်ပါလား။

 

ဒို့တာဝန် အရေး သုံးပါး ဦးထိပ်ထားသည် ဆိုကာ တိုင်းပြည်အာဏာ ကို သေတပန် သက်တဆုံး ဆုပ်ကိုင်သွားရန် ရည်ရွယ်နေကြသူများ လက်ထက်တွင် တိုင်းပြည်သည် မူးယစ်ဆေးဝါးများ ထုတ်လုပ်ဖြန့်ချီရာတွင် ကမ္ဘာတွင် နံပတ်တစ် ဖြစ်လာယုံမက နိုင်ငံပေါင်း တရာ ကျော်မှ လူများ သွေးဆောင် ဖြားယောင်းပြီး လိမ်လည်နေသည့် ကျားဖြန့်လုပ်ငန်းများ၏ ဗဟိုချက် အဖြစ် ကျော်မကောင်း ကြားမကောင်း ဖြစ်လာခြင်း၊ ရိုဟင်ဂျာ များကို လူမျိုးတုံး သတ်ဖြတ်နေသည် ဆိုကာ‌ နာမည်ဆိုး ဖြင့် ကျော်ကြားလာခြင်း များ ဖြင့် တိုင်းပြည် သည် ကမ္ဘာ့ အလယ်တွင် အမည်းစက် စွန်းထင်နေရသည့် အဖြစ်ကို လည်း ရှူမြင်နိုင်ခြင်း မရှိဘဲ ငါနှင့် အနေသာ ကြီးဟု ယူဆကာ ထိုသို့သော ပုဂ္ဂိုလ် အကျော်အမော်များကို မရမက ဖုတ်သွင်း ပေးနေကြသည့် အဖြစ်ကို အထင်အရှား တွေ့မြင်လာကြရသည်။

 

၎င်းတို့အဖို့က ရွေးကောက်ပွဲ လုပ်ဖြစ်သည် ဆိုစေဦး နိုင်ငံရေး အာဏာ အရပ်ရပ်ကို လက်ဝယ်ရလာ စရာ အကြောင်းမရှိပဲ လွှတ်တော်ထဲ ဝင်ထိုင်နေကြယုံ သက်သက်ထက် ပိုလာစရာ အကြောင်းမရှိပေ။

 

ပြည်သူများကတော့ ၎င်းတို့အား ကာလကြာမြင့်စွာ ကပင် ပေယျာလကန် ပြုထားပြီး ဖြစ်၍ ယခုလည်း စိတ္တဇ ဆေးရုံ ဖက်မှ လွင့်ပျံလာသော လေချွန်သံဟုပင် မှတ်ယူ ကြပေ လိမ့်မည်သာ ဖြစ်သည်။

 

အဆိုပါ အစည်းအဝေး နှင့် ၎င်းတို့ ပြောဆို ခဲ့သည်များကို စစ်‌ ကောင်စီ သတင်းစာများ တွင် ဖေါ်ပြခဲ့‌ေသာ်လည်း တက်ရောက်ခဲ့သည့် ဒေါက်တာ အေးမောင်ကမူ ၎င်းကော၊ ကိုကိုကြီးပါ ပြောဆိုခဲ့ခြင်း မရှိဟု နောက်ပိုင်းတွင် ငြင်းချက်ထုတ်လာခဲ့သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်မှု မုချ အောင်ရမည်!!!