အမေရိကန် သံအမတ် ဟောင်း ၏ မြန်မာ အပေါ် ထရန့် အစိုးရ ကျင့်သုံးလာဖွယ် ရှိသည့် မူဝါဒ ပိုင်း သုံးသပ်ချက်

by Hla Soewai - Jan 31 2025

၂၀၁၆-၂၀၂၀ အထိ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန် ထမ်း‌ ဆောင် ခဲ့‌ သော စကော့ မာစီရယ် ဧရာဝတီ ၏ မေးမြန်းချက် ကို ပြန်လည် ဖြေကြားခဲ့ခြင်းအား ကောက်နှုတ်တင်ပြသွားမည် ဖြစ်သည်။ ၎င်းသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန တွင် ၁၉၈၅ မှ စ၍ ဝင်ရောက် အမှုထမ်းခဲ့ပြီး အာဆီယံ သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်၍ ၎င်း၏ အမြင်ကို သိထားသင့်ပေသည်။

 

ထရန့် ကိုယ်တိုင်က လူ့အခွင့်အရေး ကိစ္စများ အပေါ် အထူးတလည် စိတ်ဝင်စားခြင်း ရှိမည် မဟုတ်သော်လည်း အစိုးရ အဖွဲ့ အစည်းများကတော့ ၎င်း မှ တိတိပပ ထုတ်မပြောမချင်း ယခင် အတိုင်း ဆက်သွားမည် သာ ဖြစ်သည်။

 

အခြေအနေ အတော်များများသည် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယို အပေါ် မူတည်နေသည်။ သမ္မတ အနေဖြင့် နိုင်ငံ တနိုင်ငံချင်းစီ အပေါ် အာရုံ မစိုက်နိုင်၍ အမေရိကန် မူဝါဒ ပိုင်းတွင် ယခင် အတိုင်း ဆက်သွားနိုင်သည်။ နိုင်ငံခြားရေး မူဝါဒ ပိုင်းတွင် သေချာပေါက် အာရုံစိုက်လာမည်က တရုတ် အရေး ဖြစ်ပြီး အဓိက အားဖြင့် ကုန်သွယ်ရေး နှင့် စီးပွားရေး ပိုင်း တွင် ဖြစ်သည်၊ မြန်မာ နှင့် ဆက်နွယ်လာစရာ အကြောင်း ရှိလာမည် မဟုတ်‌။

 

ထရန့် ပထမ သက်တမ်း အတွင်း ပရာရွတ် ၏ စစ်အစိုးရ နှင့် အဆင်ပြေအောင် ဆက်ဆံမှု များ ရှိခဲ့သော်လည်း မင်းအောင်လှိုင် နှင့် အဖွဲ့ကိုမူ ထိုင်းလို သဘောထား ဆက်ဆံသွားမည် မဟုတ်၊ မည်သူကမျှလည်း ၎င်းတို့နှင့် သွားတွေ့ပြီး လက်ဆွဲ နှုတ်ဆက်ချင်ကြမည် မဟုတ်၊ အထက် နှင့် အောက် လွှတ်တော်တွင် မြန်မာ အရေး အပေါ် စိတ်ဝင်တစား ရှိနေသူ အများအပြား ရှိနေသည့် အတွက် မြန်မာ ပြည်သူများကို ထောက်ခံ ပံ့ပိုးမှု များ ဆက် ‌ပေးသွားမည် သာ ဖြစ်သည်။

 

BURMA ACT - ထရန့် ကိုယ်တိုင် မြန်မာ တွင် ဖြစ်ပျက် နေသည်များ နှင့် အကျွမ်းတဝင် မရှိ၍ ၎င်း၏ စားပွဲ ပေါ် ရောက်မလာမချင်း စိတ်ဝင်တစား ရှိမည် မဟုတ်၊ ထိုဥပဒေ အကောင်အထည် ‌ဖေါ်ဖို့ မာကို ရူဘီရို နှင့် USAID ဒါရိုက်တာ တို့ အပေါ်သာ မူတည် နေသည်။ "America First" သဘောထား များ အားကောင်းလာနေ၍ ကိုယ့်လည်း ပြဿနာ တွေ ရှိနေသည့် ကြား အခြား နိုင်ငံတွေ ဘာလို့ ကူညီ ရမှာလဲ ဟု မေးလာဖို့ ရှိ‌နေသည်။

 

မြန်မာ အား ပေးရန် လျာထားငွေများသည် လောက်လောက်လားလား မရှိလှ၍ အခြေအတင် ဆွေးနွေးသည်အထိ ဖြစ်လာနိုင်စရာ မရှိဟု ယူဆသည်။

 

အာဆီယံ အချက် ငါးချက် သည်လည်း သမ္မတ ၏ တိုက်ရိုက် ညွှန်ကြားလာမှု မရှိနိုင်၍ ယခင်အတိုင်း ဆက်သွားဖို့ ရှိ၊ ထိုင်း နှင့် မြန်မာ အရေး ဦးဆောင်သွားမည့် လူအပေါ် မူတည်နေ၊ ဆိုက်ဘာ နှင့် အခြား ရာဇဝတ်မှုများသည် အမေရိကန် နိုင်ငံသားများ အား ထိခိုက်လာနေ၍ အစိုးရ အဖွဲ့သစ်မှ အထိုက်အလျောက် စိတ်ဝင်စားလာနိုင်၍ မြန်မာသည်လည်း တွဲ ပါလာနိုင်ဖို့ အကြောင်း ဖန်လာခဲ့။

 

စစ်တပ်အား နိုင်ငံ အတွင်း အင်အား အကြီးဆုံး အဖွဲ့အစည်းဟု ယူဆမှု များ ကြားမှ ဆင်နွှဲလာသည့် တော်လှန်ရေး ထိုမျှအထိ အောင်မြင်လာမည်ဟု မျှော်လင့်မထားခဲ့၊ နိုင်ငံ အတွင်း ရှိ လူများ နှင့် စကား ပြောကြည့်သည့်အခါ NLD ထောက်ခံသူများ ကော၊ မထောက်ခံသူများကပါ စစ်တပ် ပြန်ပြီး အုပ်ချုပ်လာမည် ကို မလိုလားကြောင်း သိလာခဲ့ရ။ ထိထိရောက်ရောက် တွန်းလှန်နိုင်ခဲ့မှု ကြောင့် စစ်တပ်သည် စစ်ရေးအရရော၊ နိုင်ငံရေး အရပါ ဩချ ရ လောက် အောင် ချိနဲ့ သွားရသည် အထိ ဖြစ်လာခဲ့။

 

စစ်ခေါင်းဆောင်များသည် လူထု ထောက်ခံမှု အချို့တလေ ရလာအောင် ပင် အစီအစဉ်များ တခါဖူးမျှ မရှိခဲ့ဘူး၊ လုထု၏ သဘောထားကို နားလည် ကြခြင်းလည်း မရှိ၊ အကျင့်ပျက် ခြစားနေကြ၍ ယခုလို ပုတ်သိုး ဆွေးမြေ့နေသည် သရုပ် ပေါ်လွင်သွားခဲ့ခြင်း မျိုး ဖြစ်သည်။

 

၎င်းတို့ အား လူကြိုက် မည်မျှထိ များနေကြောင်း အမြဲလို အလွန်အကျွံ တွေးထင်ထားကြသော်လည်း လူထု ၏ အပြောင်းအလဲ လိုချင်နေမှု ကို လျော့တွက်ခဲ့ကြသူ များ ဖြစ်သည်။ မြင်အောင်လည်း မကြည့်နိုင်၊ ၎င်းတို့၏ လေပူဖောင်း ထဲတွင်သာ ပျော်မွေ့နေကြပြီး အခြားလူများ ပြောသည်ကိုလည်း နားထောင်ရ ကောင်း မှန်း မသိသူများ ဖြစ်သည်။

 

တိုင်းပြည် အတွက် လိုအပ်ချက်ကြီး ဖြစ်လာသည့် စစ်တပ် ကို အာဏာဆုပ်ကိုင်ထားသည့် အဖြစ်မှ တွန်းထုတ် နိုင်ခဲ့မည်ဆိုလျှင် တော်လှန်ရေး အောင်မြင်သည်ဟု ဆိုရမည် ဖြစ်သည်။ သို့သော် ထိုအနေအထား ရောက်ဖို့က အလျင်အမြန် ဖြစ်မလာနိုင်သေး၍ လူထု အဖို့ ဒုက္ခပင်လယ်ဝေနေရသည်က ပြဿနာ ဖြစ်လာနေရသည်။ 

 

လူထု အဖို့ကား ၎င်းတို့အား ဖယ်ရှားနိုင်မှ ဖြစ်မည် ဆိုကာ လိုလိုလားလားပင် စွန့်လွှတ် အနစ်နာခံ နေကြပုံ ရှိသည်၊ စစ်တပ် အာဏာ တွင် ဆက်ရှိနေမည် ဆိုကလည်း မည်သို့သော် မျှော်လင့်ချက် များ ရှိလာနိုင်ဦးမည်နည်း ‌ဆိုသည်ကို သိထားကြ၍ ဖြစ်သည်။

 

တရုတ် နှင့် အာဆီယံ

 

စစ်တပ်သည် တိုင်းပြည်ကို ယခင် အနေအထား အတိုင်း ပြန်ရောက်အောင် မည်သို့မျှ လုပ်နိုင်စွမ်း မရှိ၊ အုပ်ချုပ်နိုင်စွမ်း မရှိ အဖြစ်ကို ပြသလာခဲ့ပြီး ဖြစ်သည်။ လက်ရှိ အနေအထား တွင် တိုင်းပြည် သည် ဖရိုဖရဲ ဖြစ်လာပြီး အားလုံး စိုးရိမ်‌ နေသည့် ပြိုကွဲသွားနိုင်မည့် အန္တရာယ် ရှိလာနေပြီ ဖြစ်သည်။ ထိုအတိုင်း ဆက်ရှိနေမည် ဆိုလျင် အန္တရာယ်က ကြီးသည်ထက် ကြီးလာမည် ဖြစ်သည်။ တရုတ် နှင့် အခြား နိုင်ငံများက ထောက်ခံနေကြသည့် ရွေးကောက်ပွဲ မျိုး ဖြင့်လည်း ထိုအန္တရာယ်ကြီးကား ပပျောက်သွားမည် မဟုတ်ပေ။

 

၎င်းတို့ အနေဖြင့် ရွေးကောက်ပွဲ ဖြင့် အာဏာလက်ဝယ် ရှိနေသူများ အတွက် ၂၀၁၂ ပုံစံမျိုး အပေးအယူ လုပ် ညှိနှိုင်းနိုင်မည့် သဘောမျိုး ယူဆကာ တွန်းအားပေးလာကြခြင်း ဖြစ်သည်။

 

ဤသည်က ထင်ယောင်ထင်မှား ဖြစ်နေခြင်းသာ ဖြစ်သည်၊ စစ်တပ်က လုပ်ပေးမည့် ရွေးကောက်ပွဲ ကို ယုံကြည်စရာ မရှိ၊ ထို့အပြင် ၎င်းတို့ အနေဖြင့် နိုင်ငံ တဝှမ်း လုပ်ပေးနိုင်စွမ်း လည်း မရှိ၊ ထိုသို့သော ရွေးကောက်ပွဲမျိုးက နိုင်ငံတွင်း အခြေအနေများကို တကယ်တမ်း ပြောင်းလဲ ပေးနိုင်မည် မဟုတ်၊ မြန်မာပြည်သူ အများစုက အာဏာသိမ်းပြီး ကတည်းက စစ်တပ် အုပ်ချုပ်နေသည်ကို မနှစ်မြို့၊ ယခု အလိမ်အညာ ရွေးကောက်ပွဲ ဖြင့် ကော ၎င်းတို့ကို လက်ခံလာကြမည်လော။

 

အမေရိကန် အနေဖြင့် တရုတ်၏ ဩဇာသက်ရောက်နေမှု ကို တန်ပြန်ရန် ပါးပါးနပ်နပ် လုပ်ဖို့လိုသည်၊ အနည်းဆုံး မြန်မာ အတွက် အထူး သံတမန် ခန့်‌ပေးရမည်၊ ၎င်းအနေဖြင့် စစ်ခေါင်းဆောင်များ နှင့် ဆက်ဆံဖို့ မဟုတ်ဘဲ NUG၊ တိုင်းရင်းသား အဖွဲ့များ၊ လူမှု အသင်းအဖွဲ့များ နှင့် ထိတွေ့သွားဖို့ ဖြစ်သည်။

 

စစ်ဗိုလ်ချုပ်များက ထရန့် ပထမ အကြိမ် အရွေးခံစဉ်က ပျော်မြူးသွားခဲ့ပြီး ၎င်းတို့ ပါးစပ်မှလည်း သတင်း အတုအ‌ယောင်များ၊ ‌ရွေးကောက်ပွဲ လိမ်လည်မှု ဆိုသည့် စကားများ ရေပန်းစားလာခဲ့သည်။

 

သို့သော် ထရန့် သည် တမနက်တွင် အိပ်ယာမှ ထပြီး "ဟေး..ငါတို့ နေပြည်တော်က ဗိုလ်ချုပ်တွေကို ဘယ်လို ကူညီကြမလဲ" ဟု မေးလာမည်ဟု ထင်နေကြပါက မှားမည်သာ ဖြစ်သည်။ 

 

မြန်မာ နှင့် ပတ်သက်၍ အမေရိကန် အကျိုးစီးပွားသည် သမ္မတ တယောက်၏ အမြင်ထက် ပို၍ အရေးပါနေသည်။ ‌ဒေါ်နယ် ထရန့်သည် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး တို့ စိတ်ဝင်စားပုံ မရသော်လည်း အမေရိကန် ကျင့်သုံးနေသော နိုင်ငံရေး စနစ်အရ မြန်မာ ပြည်သူများအား ထောက်ခံသွားမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!